27 November 2011

ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ် က တွေ့ဆုံမေးမြန်းခြင်း ( အပိုင်း ၁ )


ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှေ့ကို ကောင်းကောင်းမြင်ရတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။

မြန်မာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်တစ် ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အား ဝေါလ်စထရိဂျာနယ်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆို ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပါပြီလဲ၊ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အားရစရာတွေကို ပြောရမယ်ဆိုရင်တော့ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ ကိစ္စတွေကို အားရပါတယ်၊ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အခြေအနေတွေထက် အများကြီး အားရစရာ ကောင်းလာတယ်လို့ ခံစားရပါတယ်။ ပိုပြီးလည်း စစ်မှန်လာတယ်လို့ ခံစားရပါတယ်။ ခုဆို သတင်းမီဒီယာတွေအနေနဲ့လည်း အရင်ကထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပါဝင်ခွင့်ရလာတာ တွေ့ရပါတယ်။ ဒါလည်း အားရစရာကောင်းတဲ့ တစ်ချက်ပါ။ သတင်းလွတ်လပ်ခွင့်လည်း အရင်ကထက် ရလာတာ တွေ့နိုင်ပါတယ်။ ယေဘုယျ ခြုံပြောရရင် လူတွေဟာ နိုင်ငံရေးမှာ အရင်ကထက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်လုပ်ကိုင်ရဲလာတာ အားလုံးအမြင်ပါပဲ။ ခုအချိန်ဟာ နိုင်ငံရေးလုပ်ဖို့ဆို လန့်နေရတဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။ ဒီအပြောင်းအလဲဟာ အားရစရာ အပြောင်းအလဲ၊ အရေးကြီးတဲ့ အပြောင်းအလဲလို့ ပြောနိုင်ပါတယ်။ ခုလို လူတွေ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်နိုင်ဖို့ဟာ နိုင်ငံတစ်နိုင်ငံအတွက် တစ်ကယ့်ကို အရေးကြီးပါတယ်။



ဝေါလ်စထရိ ။ ။ အခုအခြေအနေတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကနဲ့ ဘယ်လို ကွာခြားမှုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုအခြေအနေလောက် ပွင့်ပွင့်လင်းလင်း ရှိလာတဲ့အခြေအနေကို မကြုံဖူးသေးပါဘူး။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် ပန်းတိုင် သွားရမယ့် လမ်းကိုတော့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါပြီ။


ဝေါလ်စထရိ ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို အစိုးရနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လောက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် ပါလာတာလည်း တွေ့ရပါတယ်။ ဒီလိုပါလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အထဲမှာ ကျန်နေသေးတဲ့လူတွေနဲ့စာရင် လွတ်လာတာက နည်းလွန်းနေပါသေးတယ်။ အထဲမှာ ကျန်နေတဲ့လူတွေရဲ့ ရှေ့ရေးကရော ဘယ်လိုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တဲ့ အဓိက နိုင်ငံရေးအကျဉ်းသား အတော်များများ အထဲမှာ ကျန်နေပါသေးတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်မယ့် အရိပ်အယောင် ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဖြစ်နိုင်ချေရှိပါတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်ပေးမယ့် အရိပ်အယောင်မျိုး အစိုးရဆီမှာ တွေ့ရပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေဆီက ကြားရသလောက်တော့ မကြာခင် ထပ်လွှတ်ပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။



ဝေါလ်စထရိ ။ ။ အခုအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ကျော်လွှားရမယ့် အရေးအကြီးဆုံး ပြဿနာက ဘာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူအားလုံး အားထား ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ပါ။ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မျိုးမှာလည်း တိကျပြီး အားလုံး အားကိုး ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ ဆိုကြပါစို့၊ ပြည်ပကနေ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုပါစို့။ သူတို့ကို အိမ်ရှင်နိုင်ငံက ဘယ်လို အခြေအနေတစ်ခု သတ်မှတ်ပေးမယ်ဆိုတာ တိတိကျကျ မသိရဘဲနဲ့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေအတိုင်း တိတိကျကျ လုပ်ပေးဖို့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး မရှိဘူးဆိုရင် သူတို့ ဘယ်လာလုပ်ချင်မှာလဲ၊ အဲ့လိုပဲ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖောက်ဖျက်ရင် တိုင်စရာ တရားရုံး၊ အရေးယူနိုင်စရာ ဥပဒေ တိတိကျကျ မရှိရင် ဘယ်လာလုပ်ချင်မှာလဲ။ ဒါ ဥပမာအနေနဲ့ ပြောတာပါ။ အဓိက ပြောချင်တာက လူတိုင်း ယုံကြည်ကိုးစားနိုင်မယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နယ်ပယ်တိုင်းမှာ ရှိနေအောင် လုပ်ထားဖို့ လိုအပ်နေတဲ့အကြောင်း ပြောချင်တာပါ။



ဝေါလ်စထရိ ။ ။ ဒီနေ့ မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတာ ဘယ်သူလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သမ္မတဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပါ။ တစ်ခုပြောစရာရှိတာက သမ္မတကို ဘယ်သူတွေက ဘယ်လောက် ထောက်ခံ သဘောကျကြလဲဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ အရပ်သား အစိုးရတွင်းကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲ၊ စစ်တပ်ကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲဆိုတာတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘယ်နိုင်ငံသမ္မတဖြစ်ဖြစ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားဖို့ လိုတယ်ဆိုတာ ကျွန်မလည်း မငြင်းပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအဖို့ ရထားဖို့ လိုအပ်တဲ့ ထောက်ခံမှုတစ်ခုပါ။ ဦးသိန်းစိန်ဟာ အပြည့်မဟုတ်တောင် မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတဲ့ လူတစ်ယောက်လို့ ပြောရမှာပါပဲ။


ဝေါလ်စထရိ ။ ။ အငြိမ်းစာယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်ရောက်နေတယ် ကြားမိပါသလဲ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ကော အဆက်အသွယ်ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဆက်အသွယ်မရှိပါဘူး။ ကောလဟာလတွေကတော့ ပေါင်းစုံအောင် ထွက်နေတာပေါ့လေ။ လုံးဝ အနားယူသွားပြီ၊ နိုင်ငံရေးလောကနဲ့ လုံးဝ မပက်သက်တော့ဘူးလို့ ပြောတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်လာဦးမယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ကောလဟာလအနေနဲ့ပဲ သက်မှတ်ထားပါတယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြား သတင်းသမားတစ်ယောက် အကျင့်ရအောင် လုပ်ထားရမယ့်ထဲမှာ ကောလဟာလတွေလည်း ပါပါတယ်။ ကောလဟာလနောက်ကို မလိုက်မိအောင် ကျင့်ထားဖို့ လိုပါမယ်။ ခုကိစ္စနဲ့ပက်သက်ပြီး ထင်သာမြင်သာ အားကိုးထိုက်တဲ့ သတင်းထုတ်ပြန်ချက် မရှိပါဘူး။ ဒီတော့ လူတွေဟာ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကောလဟာလတွေ အမျိုးမျိုး ဖြစ်နေတာပါပဲ။

ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။

ရင်းမြစ်....မက်စင်ဂျာ ဂျာနယ်