30 November 2011

သမ၀ါယမအသင်းအဆောက်အဦးကို အသင်းသူအသင်းသားများ၏ သဘောဆန္ဒမပါဘဲ ဥက္ကဌမှ မြေများ ရောင်းချခဲ့ကြောင်းသိရ

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ ကျွန်းတော(လယ်) ရပ်ကွက်ရှိ ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်းအဆောက်အဦးကို အသင်းသူ အသင်းသားများ၏ သဘောတူ ဆန္ဒမပါရှိဘဲ အဆိုပါ သမ၀ါယမအသင်း ဥက္ကဌ မှမြေများရောင်းချခဲ့ခြင်းကြောင့် အာဏာပိုင်များထံသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာမျှ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်း၏ မြေသည် ပေ ၆၀၊ ၆၄ ပေရှိပြီး ပေသုံးဆယ်ခန့်ကို ရောင်းချခဲ့ခြင်း ၊ ရရှိလာသော ငွေများကိုလည်း အသင်းသူ ၊ အသင်းသားများအား အသိပေးခြင်းမျိုးလည်း မရှိကြောင်း သိရှိရသည်။

“ကျွန်းတောကွက်သစ် သမ၀ါယမအသင်းက ဒီရပ်ကွက်က အသင်းသူ အသင်းသားတွေနဲ့လည်းဆိုင်တယ်ဗျ အဲ့ဒါကို အစည်းအဝေးလဲခေါ်ယူခြင်းမရှိဘူး နောက် ဒီလိုမြေကွက်ရောင်းဖို့ကိစ္စလည်း မတိုင်ပင်ဘူးဗျာ ငွေစာရင်းရှင်းတမ်းတောင်မှ နှစ်ကြိမ်ခေါ်စစ်ဆေးခြင်းခံရတယ်ဗျာ ဒီမြေတစ်ဝက်ရောင်းချလိုက်လို့ ရလာတဲ့ငွေကိုလည်း အသင်းသူ ၊ အသင်းသားတွေအတွက်လည်း ဘာမှ အကျိုးမရဘူး ကျွန်တော်တို့က ရချင်လို့ပြောတာမဟုတ်ဘူး အသင်းတစ်သင်းဖြစ်လာပြီဆိုရင် ဘာလုပ်လုပ် အသင်းသားတွေရဲ့ သဘောဆန္ဒကို မေးရမယ်လေ “ဟုကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်းဝင် တစ်ဦးက ပြောသည်။

ကျွန်းတော(လယ်)ရပ်ကွက်ရှိ အသင်းသူ ၊ အသင်းသားအချို့သည် ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး အဆောက်အဦးကို ရောင်းချခြင်းမပြုစေဘဲ စမ်းချောင်းမြို့နယ်ခန်းမ တစ်ခုအဖြစ်ပြုလုပ်စေကြောင်း နှင့် စီးပွားရေး လုပ်ငန်းတစ်ခုခုဖြင့် တိုးတက်အောင်မြင်စေလိုခြင်းသာ ဆန္ဒရှိကြောင်း အသင်းသူ ၊ အသင်းသား အချို့ထံမှ သိရှိရသည်။

“ကျွန်တော်တို့ရဲ့ သဘောဆန္ဒက ဒီမြေကိုမရောင်းစေချင်ဘူး ပြီးတော့ ကျွန်တော်တို့က မြေရောင်းလို့ရတဲ့ ပိုက်ဆံလိုချင်လို့ ပြောတာ မဟုတ်ဘူး ကျွန်တော်တို့ အသင်းသားတွေကလည်း တစ်လနေ တစ်နှစ်နေမှ ၅၀၀ ကျပ်လောက်ဘဲ ရတာပါ ဒီအဆောက်အဦးကလည်း ယိုယွင်းပျက်စီးနေတဲ့ အဆောက်အဦးလဲ မဟုတ် အကောင်းကြီးရှိသေးတယ် အဲ့ဒါကို ပြန်ပြင်ဆောက်ပြီးတော့ပေါ့ ခန်းမတစ်ခုဖြစ်စေချင်တယ် တခြားမြို့နယ် တွေမှာ အလုံဆိုရင် အလုံခန်းမရှိတယ် ၊ စမ်းချောင်းကိုလည်း စမ်းချောင်းခန်းမ သဘောမျိုးရှိစေချင်တာပါ အဓိကကတော့ ကျွန်တော်တို့ သမ၀ါယမအသင်းကို တိုးတက်အောင်မြင်အောင် လုပ်စေချင်တယ် အဲ့ဒါဆိုရင် အသင်းသူ ၊ အသင်းသားတွေအတွက် နစ်နာမှု ဘာမှ မရှိဘူး” ဟု ကျွန်းတော(လယ်) ရပ်ကွက်နေ အသင်းသား တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အသင်းသားများ၏ သဘောဆန္ဒမပါရှိဘဲ မြေရောင်းချခြင်းနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ သမ၀ါယမစီမံရေးရာဌာနမှ တစ်စုံတစ်ရာမျှ မသိရှိဘဲ အထက်အမိန့်အရ ပြုလုပ်ရခြင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ အန်တီတို့က အထက်အမိန့်အရလုပ်ရတာ ဒီကိစ္စကလည်း အသင်းသားတွေ သဘောတူလက်ခံလို့ ကန်ထရိုက်ဆောက်ဖို့ဖြစ်လာတာ အထက်ကဘယ်သူလဲဆိုတာတော့ ပြောဖို့မလိုဘူးလေ “ဟု ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမစီမံရေးရာဌာနမှ ဒေါ်ဌေးဌေးထွန်းက ပြောသည်။

သမ၀ါယမအသင်းဥပဒေ ၉/၉၂ ပြဌာန်းချက်တွင် အသင်းသည် အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူစီးပွားဘက် လုပ်ကိုင်သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်းအလုပ်အား ၊ ပစ္စည်းတို့ပူးပေါင်း၍ အများ၏ ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်ရမည်ဟုပါရှိသည်။

ကျွန်းတောကွက်သစ် သမ၀ါယမအသင်းနေရာတွင် ကန်ထရိုက်တိုက်ဆောက်ခြင်းကို ကန့်ကွက်သူ အသင်းသူ ၊ အသင်းသား ၁၀၀ ကျော်ရှိပြီး အဆိုပါအသင်းကို ကျွန်တော(လယ် )ရပ်ကွက် ၊ ကျွန်းတော(တောင်)ရပ်ကွက် နှင့် ကျွန်းတော(မြောက်) ရပ်ကွက် သုံးခုနှင့်သာ သက်ဆိုင်ကြောင်းကိုလည်း သိရသည်။

သတင်းများအား ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်။