27 November 2011

ကမ္ဘာ့ကလေးသူငယ်များနေ့ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပမည်

သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် World Vision တို့ပူးပေါင်း၍ CRC (Convention on the Rights of the Child) ကလေးသူငယ်များနေ့ အထိမ်းအမှတ်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သတင်းရရှိသည်။

ယင်းအထိမ်းအမှတ်ပွဲတွင် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များကို သာမက CRC နှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း ပြောပြသွားမည်ဟု သုခရိပ်မြုံ တာဝန်ရှိသူ ဒေါက်တာထားထား(စုထား)က ပြောကြားသည်။ “ဒီပွဲလေးက ကလေးတွေအတွက် အထူးဖျော်ဖြေမှာပါ။ သူတို့တွေ အချင်းချင်း ကိုယ်တတ်ထားတဲ့ ပညာလေးတွေနဲ့ ဖျော်ဖြေကြမယ်။ ပြီးရင် သူတို့အတွက် နေ့လယ်ကျရင် ဟားဘဲလေးများအဖွဲ့ကလည်း အခမဲ့ မေတ္တာနဲ့ ဖျော်ဖြေပေးဦးမှာပါ” ဟု ၄င်းကဆိုသည်။ သုခရိပ်မြုံသည် ခုခံအားကျဆင်းမှုဝေဒနာ HIV ခံစားနေရသော ကလေးသူငယ်များကို စောင့်ရှောက်နေသည့် အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး World Vision သည် လမ်းပျော်ကလေးများကို စောင့်ရှောက်ပေးသော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အဖွဲ့ဖြစ်သည်။ CRC ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ကြီးက ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် အတည်ပြုပေးခဲ့သည်။ CRC ၏ အဓိကရည်ရွယ်ချက်မှာ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းရေးကို ဦးတည်ရန် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။