(The Vancouver Sun သတင်းစာမှ၊ 28 Nov 2011 ရက်စွဲပါ Clinton's visit to Burma warns China of U.S refoucs on Asia ကို yangonchronicle မှဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)
ရာစုနှစ် ထက်ဝက်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် ဝါရှင်တန်အနေဖြင့် အာရှဒေသနှင့် ပြန်လည်ချိတ်ဆက်မှုများပြုလုပ်လျက်ရှိသည်ဟူသော သတင်း စကားများအနက် နောက်ဆုံး တစ်ခုဟုဆိုရပေမည်။ အထူးသဖြင့် ယင်းသတင်းစကားသည် တရုတ်နိုင်ငံကို အဓိကဦးတည်ထားခြင်း သာဖြစ်သည်။ ဝါရှင်တန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပေါ် ဆယ်စုနှစ်ကြာမျှ စိတ်စွဲလမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အာရှဒေသကို အာရုံ စိုက်လာခြင်းကို အာရှ အစိုးရများက ကြိုဆိုကြသည့် အရိပ်လက္ခဏာများလည်းထွက်ပေါ်လာသည်။
အမှန်အတိုင်းဆိုပါက အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသော 'အာရှကိုမဏ္ဍိုင်ပြုခြင်း' ဟူသည်မှာ အာရှမြို့ကြီးပြကြီး များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စိုးရိမ်ပူပန်မှုများအတွက် တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် တရုတ် သြဇာအာဏာ၏ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော အချက်ပြမှုများနည်းပါးနေသည်ကိုတွေ့ရသည်။
အိုဘားမားသည် နိုဝင်ဘာလဆန်းပိုင်းလောက်က ဟိုနိုလူလူတွင် အာရှပစိဖိတ်စီးပွားရေးဖိုရမ်(အေပက်) ကျင်းပပြီး အာရှဒေသအပေါ်ဖိုးကပ်စ် (Focus) လုပ်မှုကို အစပျိုးခဲ့သည်။ ထို့နောက် ကာလကြာရှည်စွာအချိန်ဆွဲခဲ့သော သြစတြေးလျ နိုင်ငံ အလည်အပတ်ခရီးစဉ်ကို စတင်ခဲ့သည်။ သြစတြေးလျ ပါလီမန်၌ မိန့်ခွန်းပြောဆိုရာ၌ ထူးခြားထင်ရှားသော ကြေညာချက်တစ်ရပ်ကိုပါ ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Darwin ဆိပ်ကမ်းတွင် အမေရိကန် မရိန်း တပ်သား ၂၅၀၀ အပါအဝင် သင်္ဘောများနှင့် လေယာဉ်များ စခန်းချထားမည့်ကိစ္စပင်ဖြစ်သည်။
ယခုကဲ့သို့ အမေရိကန်တပ်များ အာရှဒေသတွင်တိုးချဲ့ချထားမည့်ကိစ္စသည် ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့ တိုးချဲ့မှုကြောင့် အမေရိကန်တပ်ဖွဲ့များနှင့် ဒေသတွင်း ပိုမိုနီးကပ်သွားစေသော်လည်း ဒေသတွင်းလုံခြုံရေးကို အဓိကခြိမ်းခြောက်လာမည့်အရေးကိစ္စများနှင့် များစွာ နီးစပ်မှုရှိမည်မဟုတ်ပေ။ လတ်တလော အာရှဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုသဖွယ်ဖြစ်လာသည့် ကိစ္စမှာ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး ပိုင်ဆိုင်ရန် တရုတ်နိုင်ငံကတောင်းဆိုထားမှုနှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပေါ် ဦးတည်သည့် တရုတ်နိုင်ငံပိုင်မီဒီယာများက ရေးသားသော စစ်မက်ရေးရာ ခြိမ်းခြောက်မှုများပင်ဖြစ်သည်။
အိုဘားမားသည် သြစတြေးလျမှတစ်ဆင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီသို့သွားရောက်သည်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ၌ အိုဘားမားက တောင်တရုတ်ပင်လယ် အရေးကိစ္စများနှင့် တရုတ်နိုင်ငံ၏ မလေးရှား၊ ဘရူနိုင်းအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့အပေါ် တရုတ်နိုင်ငံ၏ ရန်ပြုလိုသည့် သဘောထား ကိစ္စများကို ထုတ်ဖော်ပြောဆိုပြီး ဝန်ကြီးချုပ် ဝမ်ကျားပေါင် အမျက်ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်။
ထို့နောက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ စစ်အုပ်ချုပ်မှု စနစ်အောက်သို့ ဆယ်စုနှစ်များစွာ ကျရောက်ခဲ့သော မြန်မာနိုင်ငံ သည် ဒေသတွင်းနိုင်ငံများအကြား နှစ်ရှည် လများ အရောင်အသွေးမှေးမှိန်ခဲ့ရာမှ ယခုအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် အရောင်အသွေးရွှန်းလဲ့တောက်ပလာပြီဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးတတ်စွမ်းမှုမှ အကျိုးအမြတ်များရရှိခဲ့သည့် နိုင်ငံများအနေဖြင့် မမျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသလို အမေရိကန်ပြည်ထောင်စု၏အကာအကွယ်ပေးမှုရယူနိုင်မည့် နည်းလမ်းများလည်းရှာရမလိုလည်း ဖြစ်လာသည်။
မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းကစတင်အုပ်ချုပ်လာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်ပတ်သက်၍ သံသယ ဖြစ်မှုများကတော့ ဆက်လက် ကျန်ရှိ နေဆဲဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ အာဏာလွှဲပြောင်းခဲ့ပြီး ဒီမိုကရေစီပြောင်းလဲကျင့်သုံးနေသည့် အသွင် ကူးပြောင်းရေးကာလအတွင်း အဆက်မပြတ် ဖြစ်ပေါ်လာသော အရိပ်လက္ခဏာများအရ မြန်မာပြည် ၏အပြောင်းအလဲများမှာ အစစ်အမှန်ဖြစ်ဖွယ်ရှိနေသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော အရေးကိစ္စများအနက် လွန်စွာထူးခြားခဲ့သည့်ဖြစ်ရပ်တစ်ခုမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ် ကျောထောက် နောက်ခံဖြင့် တည်ဆောက်လျက်ရှိသော မြစ်ဆုံရေ အားလျှပ်စစ် စီမံကိန်းကို အများပြည်သူသဘောထားဆန္ဒနှင့်ဆန့်ကျင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သောကြောင့် ရပ်တန့်မည်ဟု ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမည့်ကိစ္စကို သဘောတူညီလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါသတင်းသည် နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖိနှိပ်မှု ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လတ်တလောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ် များသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဟီလာရီကလင်တန်ဆုံးဖြတ်ရာ၌ လွန်စွာအခရာကျသည့် အချက်များဖြစ်သည်မှာ သံသယဖြစ်စရာ လိုမည်မဟုတ်ပေ။