03 December 2011

ဒီမိုကရေစီလမ်းပေါ် မရောက်သေး ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ ခိုင်မာပြီး အလွန်ရှင်းလင်းပြတ် သားသော ခေါင်းဆောင်မှု အတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။

ယနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီ
နီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံး ကခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့ ၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။

ဟီလာရီခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် ဟီလာရီခရီစဉ်သည်သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏စေ့စပ်မှုသည် စစ်မှန်သောစေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာ ရီနှင့်တွေ့ဆုံဆွေး နွေးမှုနှင့် ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကိုအားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိက၀တ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်” ဟု တွေ့ဆုံမှုအပြီးသတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသည်။

သတင်း...7Day News Journal
ဓာတ်ပုံ..AP