27 June 2010

ရှပ်နီများကိုထောက်ခံသောထိုင်းအလုပ်ရှင်များကမြန်မာအလုပ်သမားများအား ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆင်တို့မှာ ဒီမိုကရေစီလိုလားသူများဟုပြောကာစည်းရုံးခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ပြီးခဲ့သည့် ဧပြီနှင့် မေလအတွင်းက ဖြစ်ပွားခဲ့သော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ပြောင်း အလုပ်သမား အများအပြား ပါဝင်ခဲ့သည်ဟု ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေး(လ၀က) အရာရှိတဦးက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြထားသည်။

ရွှေ့ ပြောင်းအလုပ်သမားအများအပြားသည် နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် သတ်မှတ်ထားသော အချိန် အတွင်း မပါဝင်ဘဲ ပျက်ကွက်ခဲ့ကြကြောင်း၊ ယင်းသို့ ပျက်ကွက်ခြင်းမှာ ရှပ်နီဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်နေကြ သောကြောင့် ဖြစ်ကြောင်းဟု ဆိုသည်။

“ကျနော်တို့က သူတို့ ဘာဖြစ်လို့ နိုင်ငံသားစိစစ်ရေး အစီအစဉ်မှာ မပါဝင်သလဲ၊ ဘယ်ကိုသွားနေခဲ့ကြလို့လဲလို့ မေး တော့။ သူတို့ ဖြေတာက ဘန်ကောက်မြို့က ဆန္ဒပြပွဲမှာ ပါဝင်နေကြတာလို့ ဖြေတဲ့သူက အများကြီးပဲ”ဟု မယ်ဆိုင် မြို့ မှ လ၀က အရာရှိ Jaruwan Wongsuwan ကပြောသည်။

ချင်းရိုင်ခရိုင် အတွင်းတွင် ရွှေ့ ပြောင်းအလုပ်သမား ၂၀၀၀၀ ခန့်ရှိသော်လည်း ၎င်းတို့ သည် နိုင်ငံသား စိစစ်ရေး လုပ်ဆောင် မှု အလွန်နည်းပါးခဲ့သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။

ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနတွင် အလုပ်သမားလက်မှတ် ပြုလုပ်ထားသူများမှာ တသန်း သုံးသိန်းခန့်ရှိ သော်လည်း အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ ခန့် မှန်းချက်အရ အနည်း ဆုံး၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု သိရသည်။

ရှပ်နီဆန္ဒပြပွဲတွင် မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ ပြောင်း အလုပ်သမားများ ပါဝင်ခဲ့ကြသည်ဟု မယ်ဆိုင်မြို့ ရှိ လ၀က ရုံးက ပြောဆိုသည်။

ယင်းနိုင်ငံခြားသား အလုပ်သမားများသည် ဆူပူ ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး ကားတာယာများကို မီးရှို့ ခြင်း၊ ဓာတ်ဆီ ဗုံးများနှင့် ပစ်ပေါက်ခြင်းများကို ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ရှပ်နီ ဆန္ဒပြပွဲများတွင် ပါဝင်သည့် အလုပ်သမားများ၏ အလုပ်ရှင်တချို့မှာ ရှပ်နီအဖွဲ့ကို ထောက်ခံသူများဖြစ်သော ကြောင့် ၎င်းတို့က အလုပ်သမားများကို ၀င်ရောက် ဆန္ဒပြခိုင်းမှုများလည်း ရှိကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသား ထားသည်။

ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကလည်း“ရှပ်နီဆန္ဒပြပွဲကို အားပေး ထောက်ခံသူ တချို့ ဟာ ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ အလုပ်ရှင် သူဌေးတွေဖြစ်နေကြတယ်။ သူတို့တွေ ကိုယ်တိုင် ရှပ်နီဆန္ဒ ပြပွဲတွေမှာ ပါဝင်ကြတယ်။ သူဌေးတွေက သူတို့အလုပ်သမားတွေကိုလည်း ခေါ်သွားတယ်။ သူဌေးက အနီ ရောင် အင်္ကျီတွေကို ပေးဝတ်တယ်လေ။ မ၀တ်ရင် လုပ်ခပေးမှာမဟုတ်ဘူး”ဟုပြောသည်။

ရှပ်နီများကို ထောက်ခံသော ထိုင်းအလုပ်ရှင်များက မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမှ ၀န်ကြီးချုပ် ဟောင်း သက်ဆင်တို့မှာ ဒီမိုကရေစီလိုလားသူများဖြစ်ကြသည်။ အဆိုပါ ခေါင်းဆောင်များသည် နိုင်ငံရေးအရ နှိပ်ကွပ် ခြင်းကို ခံနေရသည်ဟု ပြောဆိုကာ မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို စည်းရုံးကြောင်းလည်း ဘန်ကောက်ပို့စ် တွင် ပါရှိသည်။

ဦးခွန်စိုင်းက“ကျနော်တို့ က ကိုယ့်ဆီက မြန်မာနိုင်ငံသား အလုပ်သမားတွေကို ထိုင်းနိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေဖို့  သတိပေး ပါတယ်။ ကျနော်တို့ အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ အလုပ်ကိုင်ရှာဖွေလုပ်ကိုင်ပြီး ကိုယ့်ဘ၀ကို ကောင်း ကောင်း မွန်မွန် နေထိုင်နိုင်ဖို့ ပဲသင့်တယ်”ဟု ဆိုသည်။

ရှပ်နီဆန္ဒပြပွဲကို ထိုင်းအစိုးရက ဖြိုခွင်းပြီးနောက် လူပေါင်း ၄၁၇ ဦးကို ဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB) ၏ ဥပဒေ အထောက်အကူ ပြု ကော်မတီမှတ်တမ်းအရ သိရှိရသည်။

အဆိုပါ ၁၃ ဦးထဲမှ ၁၀ ဦးမှာ ရက်ပေါင်း ၄၀ ထောင်ဒဏ်ချမှတ်ခံထားရပြီး တဦးမှာ ထောင်ဒဏ် တနှစ် ချမှတ်ခံရ သည်။ ကျန် ၂ ဦးမှာ ထောင်ဒဏ် တနှစ်နှင့်လေးလ အသီးသီး ချမှတ်ခံခဲ့ရသည်ဟု TACDB မှတ်တမ်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်း ရှပ်နီဆန္ဒပြပွဲများ ပေါ်ပေါက်လာစဉ်အတွင်း ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ဆန္ဒပြပွဲ နှင့် မပတ်သက်ရန်၊ ဖမ်းဆီးမိပါက ထောင်ဒဏ် ၅နှစ် ဘတ်ငွေ တသိန်း ပြစ်ဒဏ်ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့ဖူးသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအရေးကို ကူညီဆောင်ရွက်ပေးနေသူ TACDB မှ ဒါရိုက်တာ ဦးမြင့်ဝေက“ကျနော်တို့လည်း လက်လှမ်းမီသရွေ့တော့ ဒီအရေးအခင်းမှာ မပါဝင်မိဖို့။ မပတ်သက်မိဖို့ ပြောဆိုခဲ့တယ်။ သတင်း တွေ (message) တွေ ပို့ ခဲ့တယ်၊ မြန်မာရွှေ့ ပြောင်းအလုပ်သမားတချို့ နဲ့ ထိုင်းနိုင်ငံက အောက်ခြေ ဆင်းရဲသား အလွှာက ရင်းနှီးမှုရှိတာကြောင့် ပတ်သက်မိကြတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

အလုပ်သမား လက်မှတ်မရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူရန် ပြီးခဲ့သည့် ဇွန်လဆန်းတွင် ထိုင်းဝန်ကြီးချုပ်က လက်မှတ်ထိုး၍ အမိန့်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ ပြောင်းအလုပ်သမားများ လာရောက် အလုပ် လုပ်ကိုင်လျှက် ရှိရာ မြန်မာအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

ဘစောတင်