၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖအာဏာရူးတွေရဲ့  မတရားအကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရအနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည်တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက် လွတ်လပ်သော ဘ၀များပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်ဗျာ။
ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။
ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။
ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။
အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -
ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။
ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။
နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။