29 June 2010

သြော်..ကြော်ငြာ..ကြော်ငြာ

နံနက်ခြောက်နာရီ ထိုးလို့ မျက်စိပွင့်ကာရှိသေးတယ်။ 'ဟောဒီက ပဲပြုတ်' ကြော်ငြာက ဝင်လာတော့တာပါပဲ။ 'ကောက်ညင်းပေါင်း ငချိပ်ပေါင်းပူပူလေးနော်' မလှမ်းမကမ်းမှလည်း ကြော်ငြာတစ်ခု။ မိမိတို့ရဲ့ပစ္စည်းကို အများသိအောင် ကြော်ငြာ ရတာဟာ ပစ္စည်း ရောင်းလိုအားကောင်းအောင် ဆွဲဆောင်တတ်သူတွေရဲ့ လုပ်ငန်း တစ်ခုပါပဲ။

ဒီနေ့ခေတ် ကြော်ငြာလုပ်ငန်းဟာစီးပွားရေးဈေးကွက်အတွက်အဓိကကျတဲ့လုပ်ငန်း တစ်ခုဖြစ်လာနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက 'မိမိ၏ပစ္စည်း ကျပ်တစ်သိန်း ဖိုးအရောင်းလိုက်အောင် ကျပ်ဆယ်သိန်းဖိုးလောက်ကြော်ငြာနိုင်ရမယ်'တဲ့။ 'ဟိုက် ရှာလပတ်ရည်' ဥရုဂွေးကြီး၊ အဲ ဟုတ်ပေါင် ဂုရုကွေးကြီးလို ရေရွတ်လိုက်မိပါရဲ့၊ ကျပ်တစ်သိန်း ဖိုးရောင်းလိုမှုအတွက် ကျပ်ဆယ်သိန်းဖိုးကြီးများတောင်ကြော်ငြာရမယ်ဆိုလို့။

နောက်မှ ကျွန်ုပ်စဉ်းစားမိတာက 'ဟုတ်တော့လည်း ဟုတ်သားပဲပေါ့၊ မိမိထုတ်လုပ်ထားတဲ့ပစ္စည်း ဘယ်နေရာမှာ အသုံးပြုရမယ်လို့ကြော်ငြာနဲ့ တင်ပြမထားလျှင် ပတ်တီးတခြား ဖြစ်ကုန်ကြမှာပေါ့' ဒါကြောင့် မိမိပစ္စည်းအများသုံးတတ်သွားအောင် ကျပ်တစ်သိန်းဖိုး ရင်းထားလျှင် ကျပ်ဆယ်သိန်းဖိုးခန့် ဦးစွာကြော်ငြာပေးရမယ်လို့ဆိုတာပေါ့။ မိမိကုန် ပစ္စည်းအဝယ်လိုက်မှ ထုတ်လုပ်မှုကိုမြှင့်တင်ကြရတယ်တဲ့။ ဒါလည်းမှတ်သားဖွယ်ရာ စီးပွားရေးဦးနှောက်ပါပဲ။

ဒါ့ကြောင့်လည်း ရေဒီယို၊ တီဗီမှစပြီး ကြော်ငြာဘုတ်များ၊ ပိုစတာများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များတွင် အားမရသေးလို့ လက်ကမ်းစာရွက်များ၊ နံရံများ၊ သစ်ပင်များ၊ ဓာတ်တိုင်များထိကြော်ငြာရာဌာန များဖြစ်လာခဲ့ကြတယ်။ ရေဒီယိုတွေထဲမှာ အသံနဲ့တင်ဆက်ထားတော့ ကြော်ငြာတဲ့ ပစ္စည်းကို ကြားရုံနဲ့သိနိုင်ပေမယ့် တီဗီဖန်သားပြင်ပေါ်မှာက တင်လှုပ်ရင်လှုပ်ပြနေတော့ တစ်ခါတလေကြော်ငြာတဲ့ပစ္စည်းတောင်ပျောက်နေတော့ တစ်ခါတလေကြော်ငြာ တစ်ခုပြီးသွားတော့စွဲကျန်ရစ်ခဲ့တဲ့ပစ္စည်းက အဓိကကြော်ငြာတဲ့ပစ္စည်း မဟုတ်ဘူး ဖြစ်နေတယ်။ အဲ ပိုစတာတွေ၊ စားသောက်ဆိုင်တွေမှာ ကပ်ထားတဲ့ပိုစတာတွေ၊ နာမည်ကြီး ကင်မရာမင်းတွေနဲ့ခေါ်ရိုက်ထားတာထင်ရဲ့၊ ကွင်းကွင်းကွက်ကွက်ကို ရှင်းနေတာပဲ။ ခါး၊ ရင်၊ တင်၊ မိန်းကလေးတွေရဲ့ ပင်ကိုယ်အချိုးအစားအတိုင်း ပေါ်လွင်ထင်ဟပ်နေတာပါပဲ။

ခက်တာက အချို့ပိုစတာတွေမှာ ကုန်းကုန်းကွကွနဲ့ ဆိုတော့ ဘာအထာနဲ့ရိုက်ပြထားလဲကိုမသိနိုင်တာ။ ကြော်ငြာခံပစ္စည်းက အရက် ကြော်ငြာ၊ ကြော်ငြာကအမျိုးအသမီး၊ အရက်နဲ့ ဘယ်လိုပတ်သက်နေလေသလဲတော့ မသိဘူး။ အရက်သောက်ပြီး မူးရမ်းတတ်သူကိုတော့ မိန်းကလေးခပ်များများမကြိုက် တာတော့အမှန်ပါပဲ။ မဂ္ဂဇင်းတစ်ခုမှာလည်း For men တဲ့ ကြော်ငြာ၊ ကြော်ငြာ။ ပြူးကနဲပြဲကနဲကြည့်လိုက်တော့ ပျိုမျစ်နုနယ်ကျစ်လစ်သွယ်လျှ လှပဝင်းဘိ ရွှန်းအိအိနှင့်လို့ ဆိုရမလောက်ပါပဲ။ နုနယ်တဲ့အရွယ်၊ သွယ်လျကျစ်လျစ်တဲ့ကိုယ်ဟန်၊ လှပတဲ့မျက်နှာ ဝင်းအိနေတဲ့အသားရေ၊ ရွှန်းရွှန်းကြီးနုထွားလှပတဲ့ မိန်းကလေးရဲ့ အလှကို တစောင်းလေးရိုက်ပြထားတော့ 'အလားလား ကျွတ်ကျွတ် ယောက်ျားတွေ အတွက် ဆိုပါလား' ခြေဆုံးခေါင်းဆုံးစာမျက်နှာအဆုံးကြည့်လိုက်မိပါမှ အောက်နားက 'ယောက်ျားအားတိုးဆေး'တဲ့ တော်သေးတာပေါ့။

ဒီစာသားလေးကယ်လိုက်လို့၊ သို့မဟုတ်လျှင် ခုနစ်ပြည်ထောင်မင်းတွေလို ယောက်ျားအချင်းချင်း စစ်ခင်းရတဲ့ကိန်း ဆိုက်တော့မလို့။ ကြော်ငြာတော့ကြော်ငြာပါပဲ။ 'ဗျာ ဗျာ ဗျာ ကျွန်တော်ရေးတာရိုင်းသွားတယ်။ သြော် ဒါဆိုသူကြော်ငြာသွားတာ မရိုင်းဘူးပေါ့။ သြော် သူတို့က ကြော်ငြာကိုး၊ ကြော်ငြာဆိုတော့ မရိုင်းဘူးပေါ့နော်။ ဒါကြောင့်လည်း သူတို့ပုံတွေအွန်လိုင်းပေါ်ရောက်နေတာပေါ့နော်' သူတို့ တစ်တွေက တော့ မဆန်းတော့သလိုပါပဲ။ သူတို့မဆန်းတော့ပေမယ့် အွန်လိုင်းပေါ်မှာရောက်နေတဲ့ ဖော်ချွတ်ပုံတွေက အဖေတွေ၊ မောင်တွေအတွက်တော့ မျက်နှာထားစရာမရှိလောက် အောင်ကို ရှက်စရာကောင်းပါတယ်။

သြော် ကိုယ်မသိပေမယ့် ဒါတွေကလည်း ကြော်ငြာတွေ ပဲဖြစ်မှာပါ ...။ အင်း ...ဒီမိုကရေစီခေတ်ကြီးရောက်လာရင်တော့ သူတို့တစ်တွေကိုတောင် အွန်လိုင်းပေါ်မှာကြော်ငြာတင်ပြီး အနောက်နိုင်ငံများလို ပေါ်ပေါ်ထင်ထင်ကြီးရောင်းစား ကြတော့မယ်ထင်ပါရဲ့။ သြော် ....ကြော်ငြာ ...ကြော်ငြာ ... ညညတရုတ်ဇာတ်လမ်းတွဲများ၊ ကိုရီးယားဇာတ်လမ်းတွဲများ ကောင်းခန်း ရောက်လာ ပြီဆိုတာနဲ့ ကြော်ငြာကဝင်ဖျက်တော့တာပါပဲ။ ။

ဖေသက်ထွန်း