27 June 2010

ILBC မှ ပြည်ပ တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့် ရနိုင်ရန် စတင်ပြင်ဆင်

နိုင်ငံတကာ ပုဂ္ဂလိကကျောင်း တစ်ခုဖြစ်သည့် ILBC မှပြည်ပနိုင်ငံအသီးသီးရှိ တက္ကသိုလ်နှင့် ကောလိပ်များဆီသို့ တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်ရန် ဖွင့်လှစ်ထားဆဲဖြစ်သည့် Grade 10 (GCE ‘O’ Level) မှ Grade 12 အထိ ဆက်လက် ဖွင့်လှစ်သွားနိုင်ရန် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူက ပြောကြား ခဲ့ပါသည်။

နိုင်ငံ၌ ရှိနှင့်ပြီးသည့် နိုင်ငံတ ကာကျောင်းအချို့မှာမူ ပြည်ပတက္ကသိုလ်များဆီသို့ တိုက်ရိုက်ဝင်ခွင့်များရနိုင်ရန် Foundation Programs များကဲ့သို့ Pre-Universities သင်တန်းအနေဖြင့် Grade 12 အထိဖွင့်လှစ်လျက်ရှိနေကြကာ ယခု ILBC အနေဖြင့်လည်း Grade 10 ပြီးဆုံးသည့် ကျောင်းသားများအတွက် ပြည်ပသို့ ဆက်လက် ပညာသင်ယူနိုင်စေရန် ရည်ရွယ်စီစဉ်ခဲ့ရခြင်း ဖြစ်ကြောင်း ILBC မှ ကျောင်းအုပ်ဆရာကြီးက ပြောပြခဲ့ပါသည်။

''ILBC နဲ့ နိုင်ငံတကာကျောင်း တချို့ကပြီးထားတဲ့ ကလေးတွေထဲက တော်တော်များများဟာ မိမိအစီအစဉ်နဲ့မှမဟုတ်ရင် ပြည်ပတက္ကသိုလ်တွေဆီကို ဆက်တက်ရောက်နိုင်တဲ့သူ ရှားတယ်။ ဆိုလိုတာကတော့ သူတို့တွေမှာ ပြည်ပကတက္ကသိုလ်တွေရဲ့ ပညာသင်ဆု သတင်းတွေ၊ ပြီးတော့ လိုအပ်ချက်တွေ ဘာတွေရှိသလဲဆိုတာ သေသေချာချာရှင်းပြပြီး ဒီမှာ ပြင်ဆင်ပေးမယ့်သူ မရှိကြလို့ပါ။ ပြီးတော့ ဒီကကျောင်းပြီးထားတဲ့သူတွေဟာ GCE ‘O’ အဆင့်သာရှိတော့ နိုင်ငံတကာက ကျောင်းတွေကိုဝင်ခွင့်ရဖို့ အသက် ၁၈ နှစ်ပြည့်ဖို့နဲ့ GCE ‘A’ အဆင့်လောက် ရှိထားရမယ့် Grade 12 လိုကို လိုအပ်ပါတယ်။ ဒါကြောင့် အခုလို Grade 12 ထိ ဆက်ဖွင့်နိုင်ဖို့ စီစဉ်ခဲ့ရတာပါ''ဟု ၄င်းက ရှင်းပြခဲ့ပါသည်။

မြန်မာနိုင်ငံ၌ အစိုးရကျောင်း တက်ရောက်ခြင်း မရှိထားဘဲ နိုင်ငံတကာကျောင်းများသို့သာ Primary မှ Grade 10 အထိ တက်ရောက်ထားပြီးသူများသည် ပြည်ပတက္ကသိုလ်များသို့ ၀င်ရောက်ရာ၌ လုံလောက် သည့် ငွေကြေးပမာဏမှာလည်း များစွာ အရေးပါလျက်ရှိပေရာ အမှန်တကယ် ထူးချွန်သော ကျောင်းသားများအနေဖြင့် စကောလားရှစ်များ ရယူနိုင်စေရန် သတင်းအချက်အလက်များအား မိမိဝင်ရောက်လိုသည့် တက္ကသိုလ် အဖွဲ့အစည်းများမှ ရရှိရန်မှာ သုံးလ နှင့် လေးလတာကြာ အချိန်ယူ စောင့်ဆိုင်းရခြင်းဖြစ်ကြောင်း နိုင်ငံတကာတက္ကသိုလ် ၀င်ခွင့်များနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူက ရှင်းပြ ခဲ့ပါသည်။

နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၏ စကောလားရှစ်များအား မိမိဘာသာရွေးချယ်ရယူ တတ်ရန်မှာ လွန်စွာအရေးပါပြီး အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်၊ အဖွဲ့ အစည်းများမှ ရာနှုန်းပြည့် စကော လားရှစ်ရခဲ့သောမြန်မာကျောင်းသား များ ရှိခဲ့ကာ အများစုမှာ နေရပ်သို့ ပြန်လာကြကာ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၌ ၀င် ရောက်လုပ်ကိုင်နေကြကြောင်း သိရှိ ရပါသည်။

''ILBC မှာ Grade 10 ပြီးတာ နဲ့ ပြည်ပတက္ကသိုလ်တွေ ၀င်နိုင်အောင် အခုလို Grade 12 ကို စီစဉ်ခဲ့တာဖြစ်သလို ပြည်ပမှာ ပညာသင်ဖို့ အရည်အချင်း၊ ငွေကြေး အလယ်အလတ်သာ ရှိတဲ့သူတွေ အတွက် အဓိကပါ''ဟု ILBC မှ Mr.Fernando Lay Maung က ပြောပြခဲ့ပါသည်။ဤသတင်းအားnews-eleven. တွင် ဖော်ပြထားပါသည်.