03 July 2010

မြန်မာပြည်တွင်ဂျီတော့ခ်ကနေ ဈေးနှုန်း သက်သက်သာသာနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်တဲ့ ဝန်ဆောင်မှု စတင်ပြုလုပ်

ဂျီတော့ခ်ကနေ ဈေးနှုန်း သက်သက်သာသာနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်တဲ့ ဝန်ဆောင်မှု စတင်နေပြီလို့ သိရတယ်။ အခုဝန်ဆောင်မှုက ဂျီတော့ခ်အိုင်အမ် (G talk IM)နဲ့ ယာဟူးလ် အိုင်အမ် (Yahoo IM) ကနေ တစ်ဆင့် ဖုန်းခေါ်နိုင်တဲ့ အစီအစဉ်ပါ။ ဂျီတော့ခ်ကနေ နိုင်ငံတကာ ဖုန်းတွေကို အက်စ်အမ်အက်စ် (SMS) ပါပို့နိုင်ပြီး အွန်လိုင်း ရေဒီယိုတွေကိုပါ နားဆင်နိုင်မယ်လို့ သိရတယ်။

“ငွေသွင်းပြီးတာနဲ့ ကမ္ဘာတစ်ဝန်းက လက်ကိုင်ဖုန်းတွေကို ဂျီတော့ခ်ကနေ ခေါ်နိုင်တယ်၊ ခေါ်ဆိုခ နှုန်းထားတွေကတော့ ဖုန်းကုမ္ပဏီပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲရှိတယ် ” လို့ အဆိုပါ ဂျီတော့ခ် ဖုန်းခေါ်ဆိုတာကို ဝန်ဆောင်မှုပေးတဲ့ Skyper Business Group မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ နိုင်ငံအလိုက် ခေါ်ချင်လို့ ငွေချေပြီးရင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကနေ ငွေသွင်းထားတဲ့ ကုတ် (deposite code) ကို တောင်းယူထားရမယ်။

အဲသည်ကုတ်ကို သိထားမှ ကိုယ်သွင်းထားတဲ့ ငွေဝင်မဝင်ကို စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။ ဂျီတော့ခ်ကနေ ဖုန်းခေါ်မယ်ဆိုရင် service@gtalk2voip.com ကိုဝင်ပါ။ တစ်မိနစ်အတွင်း ဂျီတော့ခ်ဗီအိုအိုင်ပီ ဆာဗာက လက်ခံလိမ့်မယ်။ အဲသည်မှာ ကိုယ်ပိုင်စာမျက်နှာ (my page) ကို ရိုက်ထည့်လိုက်ရင် ကိုယ်သွင်းထားတဲ့ ငွေပမာဏ ပေါ်လိမ့်မယ်။ ဖုန်းကို စခေါ်ခေါ်ချင်း ကိုယ်ရဲ့ ဂျီတော့ခ်ကို ဖုန်းအရင် ဝင်လာမယ်။ ဆက်ပြီးဖုန်းကို ကိုင်ထားရင် ဂျီတော့ခ် ဗီအိုအိုင်ပီက တစ်ဖက်ဖုန်းကို ခေါ်ပြီး စကားပြောနိုင်ပြီလို့ သိရတယ်။ “ဖုန်းခေါ်တဲ့ အချိန်မှာ ပြောနေတယ် (now talking) ဆိုတာမျိုး ကြားရင် အကောင့်ထဲက ငွေမကုန်အောင် ဖုန်းကို ချက်ချင်း ချထားသင့်တယ် ” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ ဂျီတော့ခ် ကနေ ဖုန်း ခေါ်ဆိုခ နှုန်းထားတွေက စင်ကာပူကို တစ်မိနစ်လျှင် ၀.၀၂ ဒေါ်လာ၊ ထိုင်း ၀.၀၆ ဒေါ်လာ၊ မလေးရှားကို ၀.၀၅ ဒေါ်လာ၊ ဂျပန်ကို ၀.၂၂ ဒေါ်လာ၊ ကိုရီးယားကို ၀.၀၉ ဒေါ်လာ၊ တရုတ်ကို ၀.၀၃ ဒေါ်လာ၊ အမေရိကားကို ၀.၀၅ ဒေါ်လာ ကျသင့်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဂျီတော့ခ်ကနေ ဖုန်းခေါ်နိုင်မယ့် အကောင့်ကို ဝယ်ယူချင်တယ်ဆိုရင် Skyper Business Group ဖုန်း ၀၁-၆၉၀၀၃၁ ကို ဆက်သွယ် နိုင်တယ်လို့ သိရကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။