03 July 2010

ခမောက်တံဆိပ် ဆင်တူယိုးမှား ပြုသည့်ကိစ္စ အဖွဲ့ချုပ်မှ လာမည့် တနင်္လာနေ့ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်။

Kamauk
ဇွန်လ(၃၀)ရက်နေ့ သတင်းစာပါ .. ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ အဆိုပါအမှတ်တံဆိပ်နှင့် ပတ်သတ်ပြီး အဖွဲ့ချုပ်မှ တာဝန်ပေးထားသည့် အမျိုးသမီး(၂)ဦးမှ လာမည့် တနလာင်္နေ့မှာ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

အန်ကယ်တို့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရ အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်တံဆိပ်ကို NDF ပါတီကသုံးစွဲမှု အပေါ် ကန့်ကွက်ဖို့ အတွက် အဖွဲ့ချုပ်က ECနဲ့CCတွေရော CC မဟုတ်တဲ့ သူတွေရော အားလုံး(၁၅)ဦးရဲ့ လက်မှတ်တွေကိုယူပြီး မနက်ဖြန် မှာနေပြည်တော်ကို အဖွဲ့ချုပ်က တာဝန်ပေးထားတဲ့ အမျိုးသမီး(၂)ဦး သွားရောက် ကန့်ကွက်ပါမယ်။ အန်ကယ်တို့ အဲ့ဒီနေ့က အစည်းအဝေးမှာ ရှိတဲ့ (၁၅)ဦးရဲ့ လက်မှတ်တွေပါ. ..။ မနေ့က ကြာသာပတေးနေ့ကပေါ့... လက်မှတ်တွေ ထိုးတာ။

ကြယ်နှစ်လုံး အပိုပါတဲ့ NDF အဖွဲ့ရဲ့ ခမောက်တံဆိပ်

ဒီခမောက်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် .. ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ကသင်္ကေတ. ဒါကိုလည်း ဟိုတုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စာရွက်စာတမ်းတွေကို ပြန်ထုတ်ထားတယ်။ နောက်တစ်ခုက ဒါအတုလုပ်တာ... အတုလုပ်တယ်လို့ ပြောတာကလည်း ဒါဥပဒေအရပြောတာ ပြစ်မှုဆိုင်ရာ ဥပဒေဥပုဒ်မထဲမှာ အတုဆိုတာ ဘာလဲလို့ပါတယ်။ အဓိကကတော့ ထပ်တူဖို့ မလိုဘူး တုပါတယ်လို့ ထင်တာ မြင်သာရှိရင် ဒီဥစ္စာတုပတာပါပဲ... အဲ့ဒီအချက်(၂)ချက်ပေါ်မူတည်ပြီး ဒါကိုကန့်ကွက်မှာ..။ နောက်တစ်ခု အရေးကြီးတာက အခုလိုကန့်ကွက်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကန့်ကွက်မှာ မဟုတ်ဘူး ပုဂ္ဂိုလ်အနေနဲ့ ကန့်ကွက်မှာပါ။ မနက်ဖြန်နေပြည်တော် သွားပြီး တနလာင်္နေ့မှာ တင်မှာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါတယ်။

Ka Mauk
အဖွဲ့ချုပ်ရုံးရှေ့ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ခမောက်ဆောင်းထားတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များ(AP)

ခမောက်ပုံ အမှတ်တံဆိပ်ဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုစဉ် ကာလက ယခင် မဆလ တစ်ဖြစ်လဲ တစညမှ စပါးနှံပုံ တံဆိပ်နဲ့ မြန်မာပြည်မှာ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားထုကို ကိုယ်စားပြုသယောင် ပြုလုပ်ခဲ့စဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လယ်သမားတွေ လယ်ထဲဆင်းချိန်မှာ နေပူဒဏ်၊ မိုးဒဏ် ကာကွယ်ပေးတဲ့ ခမောက်ပုံ တံဆိပ်ပြုလုပ်ခဲ့တဲ့ အတွက် ပြည်သူတွေ အထူးနှစ်ခြိုက်ပြီး ရေပန်းစားခဲ့ပါတယ်။ စပါးနှံ ကိုလက်ကကိုင်သွားလို့ မရပေမယ့် ခမောက်ကို ဆောင်းသွား ပြုသွားလို့ရခဲ့တယ့် အတွက် အထူးရေပန်းစားခဲ့ပြီး ခမောက်ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ အမှတ်အသား ဖြစ်ကြောင်း ပြည်သူလူထုက နားလည် သဘောပေါက်ခဲ့ပါတယ်..။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခွဲထွက် သွားတဲ့ NDF အဖွဲ့မှ ခမောက်ပုံ တံဆိပ်အား ကြယ်နှစ်လုံး တပ်ပြီး ယခင် NLD ပါတီအား ကိုယ်စားပြုသယောင် ပြုလုပ်ခြင်းဟာ မသိနားမလည်တဲ့ ပြည်သူတွေအား ထင်ယောင် ထင်မှားဖြစ်စေကြောင်း လေ့လာသူများမှ သုံးသပ် ပြောဆိုနေကြပါတယ်။

ဒီမိုဝေယံ