21 October 2010

ရခိုင်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်


ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)၏ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်သော New Generation အဖွဲ့သည် ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။

New Generation အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှုအဖြစ် ဗဒတ တပ်ပေါင်းစုမှ ထုတ်ဝေ သော မဲမပေးရေး ပို့စကဒ်များ၊ လက်ကမ်းစာစောင်များကို အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ရှိ ပေါက်ခေါင်းမြို့၊ မြေပုံမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့တို့တွင် အနှံ့အပြားဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ) သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ ဆက်သွယ်မေးမြန်း ခဲ့ရာတွင် New Generation အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပံသုဆန်က ယခုလို ပြောကြားခဲ့ပါသည်။

“ဗဒတအနေနဲ့ပေါ့ ကျနော်က ရခိုင်ပြည်နယ်က New Generation ကဆိုတော့ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ စလုပ်တာကတော့ အောက်တိုဘာလ ၅ ရက်၊ ၆ ရက်နေ့မှာပေါ့၊ ရခိုင်ပြည်နယ်ရဲ့ ပေါက်ခေါင်းမြို့၊ ပြီးတော့ ၇ ရက်၊ ၈ ရက်မှာကျလို့ရှိရင် မြေပုံမြို့၊ ၃ ရက်၊ ၄ ရက်ကတော့ ကျောက်တော်၊ ၉ ရက်၊ ၁၀ ရက်နေ့က ပုဏ္ဏား ကျွန်း၊ ပြီးတော့ ၁၁၊ ၁၂၊ ၁၃ ဆိုရင် စစ်တွေမြို့နယ်တ၀ိုက်ပေါ့ အဲဒီ့မှာ လုပ်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးရေးလှုပ်ရှားမှုတရပ်ပေါ့။ အဲဒီလို လုပ်တယ်၊ ပြီးတော့ WLB ကဖြန့်ချိထားတဲ့အခွေတွေပေါ့နော် တပ်မတော် ပြည်သူပူးပေါင်းရေး လုပ်ငန်းအခွေတွေကို ကျနော်တို့ ဖြန့်ဖြစ်ပါတယ်။”