22 October 2010

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန် တိုင်းဂီရိသည် လက်ရှိတွင် အနီရောင်အဆင့်ကို ရောက်ရှိလာပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယနေ့နံနက်မှ နောက် ၁၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ဆိုင်ကလုန်းဂီရိသည် Category ၁ အဖြစ် အားကောင်းသွားပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်းအထိ အားကောင်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့အနီး ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ပြီး တစ်နာရီ ၉၁ မိုင် (၁၄၈ ကီလိုမီတာ)အထိအင်အားပြင်းလာနိုင်သည်ဟု အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေးစင်တာမှ ထုတ်ပြန်ထားပါသည်။




လက်ရှိအနေအထားထက် ပိုမိုအားကောင်းလာပါက နာဂစ်မုန်တိုင်းနီးပါး အားကောင်း လာနိုင်ဖွယ်ရာရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်းလည်း ခန့်မှန်းပြောကြားမှုများ အရသိရသည်။

မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် ကုန်းမြေကို ၀င်ရောက်မတိုက်ခတ်မီ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် Category ၂ ရှိခဲ့ပြီး နောက်တစ်ရက်တွင် Category ၄ အဆင့်ဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ ယခုမုန်တိုင်းမှာ ကုန်းမြေ မ၀င်ရောက်မီ Category ၁ ဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်ဟုnews-eleven ဂျာနယ် တွင်ဖော်ပြပါရှိပါသည်။