22 October 2010

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း



အမျိုးသားညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)အထိ အတိုက်အခံပါတီများ၊ တိုင်းရင်းသား အင်အားစုက ကန့်ကွက်နေသည့်ကြားမှပင် ငါ့မြင်းငါစိုင်းတဲ့ စစ်အစိုးရက အမျိုးသားညီလာခံကို အတင်းဇွတ်မှိတ်ဆွဲပြီး။ လာမယ့် မေလမှာ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုချက်ယူတော့မယ်တဲ့ဗျာ။ လူထုထောက်ခံသလား မထောက်ခံသလား ဘာမှမသိသေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံကြေညာလိုက်သေးသည်။

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းမပါ။ ရွေးကောက်ပွဲ အနိုင်ရပါတီလည်းမပါဘဲ ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၄၇။ ၇၄ အခြေခံဥပဒေများထဲမှ ပြောင်းသင့်ပြောင်းထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး ဆွဲခဲ့တယ်တဲ့ခင်ဗျ။ ပြောင်းလိုက်တဲ့ထဲမှာ နိုင်ငံတော်ရဲ့မြို့တော်နဲ့ နိုင်ငံတော်အလံလဲ ပါသွားတယ်ဗျ။ ဇွတ်လုပ်ကြတဲ့ သူများ အချိန်ယူ အချိန်ဆွဲ ရေးဆွဲခဲ့တဲ့ အလံဟာ ဘယ်လိုပုံစံလဲ ဆိုတာ အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်တယ်။ ကျနော်လည်း စိတ်ဝင်စား ကြည့်မိခဲ့တယ်ဗျ ...

ကဲ ... တွေ့ပါပြီဗျာ။ မူကြမ်းထဲက အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော် ဆိုပြီး စာမျက်နှာ (၁၇၅)မှာ ဒီအလံပါပဲ၊

အော် ဒီအလံပုံကို နောက်တနေရာမှာလည်း တွေ့ဖူးသလိုပေါ့၊ မှတ်မိပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံနဲ့ တထပ်တည်းတူပါတယ်။ ဓါတ်ပုံများကို ထပ်ကြည့်နိုင်သည်။



ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ခုနှစ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ ခုနှစ်ကတည်းက ၀ါ စိမ်း နီ သုံးရောင်ခြယ်၊ အလယ်တွင် ကြယ်ဖြူတပွင့်ဖြင့် စတင်တည်ထောင်ကတည်းက ဒီအလံတခုတည်းကိုပဲ အတည်ပြု သတ်မှတ်ပြီး အသုံးပြုလာရာ ယနေ့တိုင်ဖြစ်သည်။





အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ

မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် “စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးတိုက်ပွဲ” တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။

အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။

အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။

အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။


အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ် စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........

လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို ၀ိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။

(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)

ရေးသားသူ...မောင်ရေခဲ

ပေးပို့ ပေးသော မောင်ရေခဲ အားကျေးဇူးတင်ရှိပါသည်။