20 October 2010

ရန်ကုန်တိုင်းဒေသကြီးအတွင်းပျော်ပွဲရွှင်ပွဲများနှင့်စတိတ်ရှိုးပွဲများ ပြုလုပ်ခွင့်ပါမစ်ကိုနိုဝင်ဘာလ ၁ ရက်နေ့မှ စပြီးခေတ္တရပ်ဆိုင်းထားမည်ဆိုပါလားဗျို့

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပျော်ပွဲရွှင်ပွဲများ၊ စတိတ်ရှိုးပွဲများလုပ်ခွင့် ပါမစ်များကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ပျော်ပွဲရွှင်ပွဲများနှင့် စတိတ်ရှိုးလုပ်ပိုင်ခွင့် အမိန့်ကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း ရိုးရာမပျက် ကျင်းပသည့် ပွဲတော်များနှင့် လုံခြုံရေး အာမခံချက် ပေးနိုင်သည့် ပွဲများကိုသာ လုပ်ပိုင်ခွင့် စဉ်းစားချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ညဘက်လူစည်ကားရာ နေရာဖြစ်သည့် စားသောက်ဆိုင်ကြီးများနှင့် နိုက်ကလပ်များအားလုံး ယာယီ ပိတ်ထားရမည် ဆိုခြင်းမှာလည်း မဟုတ်မမှန်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ''အခုအပြင်မှာ ပြောနေကြတဲ့ လူအများအပြားလာတဲ့ စားသောက်ဆိုင်တွေအားလုံး ခေတ္တ ပိတ်ထားရမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ထုတ်ပြန်ချက်လည်း အခုချိန်ထိ မရှိသေးဘူး။ဒါပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့က စပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေကို ပြုလုပ်ခွင့်တွေကို ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရာမပျက် ကျင်းပမယ့် ပျော်ပွဲရွှင်ပွဲတွေ၊ လုံခြုံရေးကို ထိန်းသိမ်းနိုင်မယ့် ပွဲတွေကိုတော့ ပြုလုပ်ခွင့် စဉ်းစားပေးသွားမယ်။ ဘယ်အချိန်လောက်မှာပဲ ပျော်ပွဲရွှင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေရဲ့ လုပ်ခွင့်ကို ပြန်လည် ခွင့်ပြုသွားမယ် ဆိုတာကိုတော့ မသိသေးပါဘူး''ဟု ပြောကြားခဲ့သည့်သတင်းအား news-eleven. ဂျာနယ်တွင် ဖော်ပြထားပါသည်။