20 October 2010

နအဖရဲ့မတရားတဲ့ ၂၀၁၀ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်တစ်သီးပုဂ္ဂလအမတ်လောင်းအချို့ ခန်းမငှားရန် အခက်တွေ့

နိုင်ငံရေးပါတီများအတွက် မြန်မာ့ရုပ်/သံမှ နှစ်ကြိမ်စီ ဟောပြောထုတ်လွှင့်ခွင့်ရရှိထားသော်လည်း တစ်သီးပုဂ္ဂလအမတ်လောင်း တို့အတွက် မူ ဤသို့အခွင့်မရသောကြောင့် အများပြည်သူ တို့ကို ဟောပြောလိုသည့်အခါ အများပြည်သူ နှင့် သက်ဆိုင်သော ခန်းမများ၊ ဓမ္မာရုံများကိုသာ အားထား ငှားရမ်းကြရတော့မည်ဖြစ်သည်။

သို့ရာတွင် အချို့မဲဆန္ဒနယ်များရှိ ခန်းမတို့သည် နိုင်ငံရေးပါတီတို့အား မငှားရမ်းလိုကြ ခြင်းနှင့် ပုံမှန်ငှားခထက် ပိုများသောနှုန်းထား များ ပြင်ဆင်သတ်မှတ်ထားခြင်းတို့လည်း ပေါ်ပေါက်လျက်ရှိသည်ဟု တစ်သီးပုဂ္ဂလအမတ်လောင်းအချို့ထံမှ ကြားသိရသည်။

"ကျွန်တော်ဝင်ပြိုင်မယ့် ချမ်းအေးသာစံ မဲဆန္ဒနယ်မှာတော့ ခန်းမငှားတဲ့ ခုနစ်နေရာလောက်က နိုင်ငံရေးမဲဆွယ် ဟောပြောဖို့ဆိုရင် မငှားရဲ ဘူးလို့ အကြောင်းပြန်တယ်။

"ကျွန်တော်တို့လို တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းတွေက မြန်မာ့ရုပ်/သံကလည်း ဟောပြောခွင့်မရှိ၊ အခုလို ဟောပြော စရာနေရာလည်း ငှားလို့မရဆိုတော့ စဥ့်အိုးထဲခေါင်းသွင်းပြီး အော်ရုံပဲရှိတော့တယ်"ဟု မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးစိန်လှက ပြောသည်။

မန္တလေးမြို့၊ လမ်း ၈၀ ပေါ်ရှိ ယူနန်ဘုံကျောင်း၊ ဘူတာကြီးအနီးရှိ မင်္ဂလာခန်းမအချို့နှင့် အထက် မြန်မာပြည် ဆရာဝန်များ အသင်းတိုက်အပါအ၀င် ချမ်းအေးသာစံ မဲဆန္ဒနယ်အတွင်း ဟောပြော ခွင့်ရနေရာများအဖြစ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်ဟု သိရသော အဆိုပါခုနစ်နေရာစလုံးက ၎င်း၏စုံစမ်းငှားရမ်း မှုကို ငြင်းဆိုခဲ့ကြသည်ဆို၏။

ချမ်းအေးသာစံမြို့နယ်သည် မန္တလေး၏ ဗဟို အချက်အချာဒေသဖြစ်သောကြောင့် အဆိုပါ ခန်းမများက ပါတီနိုင်ငံရေးလှုပ်ရှား မှုများနှင့် မပတ်သက်လိုသဖြင့် ဤသို့ငြင်းဆိုခြင်းဖြစ်နိုင် သည်ဟု ဦးစိန်လှက သုံးသပ်ပြောဆိုသည်။

မန္တလေးဒေသ၏ အချက်အချာမဟုတ်သော အမရပူရမဲဆန္ဒနယ်တွင်မူ ခန်းမငှားရမ်းစရာပင် မလိုဘဲ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေး ကောက်ပွဲကော်မရှင်တို့က ဟောပြောခွင့်ရနေရာများ စီစဉ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

"ကျွန်တော့ မဲဆန္ဒနယ်ဖြစ်တဲ့ အမရပူရမြို့ နယ်မှာတော့ ကျေးရွာတွေကိုပဲ လှည့်လည် စည်းရုံးနေတာဖြစ်လို့ ခန်းမတွေ ငှားစရာ မလိုပါဘူး။ 'ပြည်သူ့စုစည်းခန်းမ'လို့ အမည်ပေး သုံး နှုန်းထားတဲ့ ဓမ္မာရုံတွေ၊ ဘော်လီဘောကွင်းနဲ့ ဘောလုံးကွင်းလိုနေရာတွေကို ကျေးရွာရွေး ကောက်ပွဲကော်မရှင်က အနည်းဆုံး နှစ်နေရာ လောက် စီစဉ်ပေးပါတယ်။ အဲဒီအစီအစဉ်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရပါတယ်။ လူစည်ကားရာ မြို့လယ်ကောင်တွေမှာ ကျတော့ ခန်းမပိုင်ရှင်တချို့က အကြောက်တရား တွေရှိနိုင်လို့ မငှားရဲကြတာတွေရှိမှာပါ"ဟု မန္တလေးခရိုင်၊ အမရပူရမဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၀င်ရောက် ယှဉ်ပြိုင် မည့် တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာသန်းမြင့်က ဖုန်းဖြင့်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာ ဖုန်းဝင်းက "ကျွန်တော့မိတ်ဆွေတွေ သွားငှား ကြတော့ ခန်းမလုပ်ငန်းရှင်တွေက ငှားမယ်၊ မငှားဘူး မသေချာသေးဘူးလို့ ပြန်ဖြေကြသတဲ့။ ပြီးတော့ အရင်တုန်းက အခမဲ့ဟောပြောလို့ရတဲ့ ခန်းမတွေကလည်း ငှားခတွေ သတ်မှတ်လိုက်ကြတယ်။

"နေရာတချို့က အရမ်းခေါင်လွန်းတယ်။ အဲဒီလိုနေရာတွေမှာ ဟောပြောနိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေပါ ချထားပေးဦးမယ်လို့ လည်း ပြောတော့ ကျွန်တော်တို့က လောလောဆယ်မှာ ဟောပြောဖို့ ခန်းမမငှားသေးပါဘူး" ဟု ၎င်းက ဖြေကြားသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့် မဟာမိတ်ဖွဲ့ ထားကြသော တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ခြောက်ဦးထဲတွင် အပါအ၀င် ဖြစ်သည့် ဒေါက်တာဖုန်းဝင်းအနေဖြင့် ၎င်း၏မဟာမိတ်များ အသုံးပြုလျက်ရှိသော 'ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်းပါဝင်လာစေ သည့်နည်း'ကို ကိုင်စွဲ ထားသောကြောင့် လတ်တလော၌ ခန်းမငှားရန် မလိုအပ်သေးဟု ဖြည့်စွက်ပြောကြားသည်။

"လောလောဆယ်တော့ လူထုရဲ့ အသံနဲ့ လူထုကပြောတာတွေကိုပဲ နားထောင်မှတ်သားနေပါတယ်။ သူတို့ဘက်က မေးစရာတွေများ လာတဲ့အချိန်ရောက်ရင် သူတို့ကို ပြန်လည်ဖြေကြား ဟောပြောနိုင်ဖို့အတွက် သူတို့အများစု လာရောက်နားထောင်နိုင်မယ့်နေရာကို စီစဉ်ရမှာပါ"ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်ဟုမြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်.။