21 October 2010

အောက်တိုဘာလ၂၁ရက်နေ့မွန်းတည့်မှနောက်၃၆နာရီအတွင်း ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်ကျောက်ဖြူမြို့အကြားမှမုန်တိုင်းငယ် ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ နောက် ၃၆ နာရီအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တည်ရှိနေခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များ အရ သိသိသာသာ ရွေ့လျားလာခြင်း မရှိဘဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့် အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ပိုမို အားကောင်းလာနိုင်ကာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မုန်တိုင်းငယ်သည် လက်ရှိ၌ လိမ္မော်ရောင်အဆင့် ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည် ရွေ့လျားမည့် အခြေအနေဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း ဒေသ တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု သိရှိရသည်။

ပင်လယ်ကမ်းရိုးတန်းဒေသ ကမ်းနီးကမ်းဝေး ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုသင့်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်ဟုnews-eleven.ဂျာနယ်တွင်ဖော်ပြထားပါသည်။