15 October 2010

တပ်ထဲမှာ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ အထက် အရာရှိတွေက ညွှန်ကြားချက် ထုတ်ထားကြောင်း

ရွေးကောက်ပွဲရက် နီးလာချိန်မှာ တပ်ထဲမှာ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ အထက် အရာရှိတွေက ညွှန်ကြားချက် ထုတ်ထားကြောင်း တပ်တွင်း မိသားစုတွေက ဘီဘီစီကို ပြောပြပါတယ်။

တိုင်းစစ်ဌာနချုပ်တွေကနေ သူတိုရဲ့ လက်အောက်ခံ တပ်ရင်းတွေကို ညွှန်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ညွှန်ကြားချက် ထုတ်ထားတဲ့ တပ်ရင်းတွေထဲမှာ ဟင်္သာတမြို့က ခလရ ၁၈ လည်းပါဝင်ပြီး အဲဒီက တပ်တွင်း မိသားစုဝင် တယောက်က တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲကို မဲမပေးဘူးဆိုတဲ့ အမြင်မျိုးရှိတာ ဘီဘီစီကို ပြောပြပါတယ်။

တချို့ကလည်း ဘယ်သူ့ကိုမှ မဲမပေးဘူးဆိုတဲ့ သဘောထားတွေ ရှိတယ်လို့သိရပါတယ်။

စစ်တပ်ထဲမှာ အထွေထွေ မကျေနပ်မှုတွေကြောင့် မကြာသေးခင်ကာလတွေက တချို့ တပ်ရင်းတွေမှာ အာဏာဖီဆန်မဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်။

ခုလည်း ကြံ့ခိုင်ရေး ပါတီကို မဲထည့်ဖို့ အမိန့်ကို ဆက်လက် ဆန့်ကျင်လာတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် ဦးသန်းက ပြောပါတယ်။

တပ်ထဲမှာ ကျပ်တည်းမှုတွေ ဆက်ရှိနေပြီး ရိက္ခာ မလုံလောက်မှုကြောင့် မကျေနပ်မှု အရင်းခံ ရှိနေကြောင်း တပ်တွင်း မိသားစုဝင် တယောက်က ပြောပြပါတယ်။

မကြာသေးခင်ကပဲ တပ်ထဲက တပ်သားတွေရဲ့ စုငွေတွေကို အထက် အာဏာပိုင်တွေက လာသိမ်းသွားတာကို မကျေနပ်တဲ့ အတွက် တိုင်တန်းမှုတွေ ရှိခဲ့ပြီး ဒီကိစ္စတွေကို ခုထိ မဖြေရှင်းနိုင်သေးဘူးလို့သတင်းရရှိပါတယ်။

သတင်း..ဘီဘီစီ