26 March 2010

နအဖစစ်တပ်ရက်စက်မှုကြောင့်ခင်ပွန်းသည်အားသတ်ဖြတ်ခံရ၊ ရင်သွေးငယ်မှာ ပြေးလွှားရင်းသေဆုံး...

ကရင်နီပြည် ရှားတော့မြို့နယ် လဲဒူခေါကျေးရွာသားများသည် စစ်အစိုးရ၏ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုဓါဏ်မှ လွတ်မြောက်ရန် တောတွင်းထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးနေသည့် အတောအတွင်း ခရီးကြမ်းတန်းမှုဓါဏ်ကြောင့် မွေးကင်းစကလေးငယ်တဦး အသက်ဆုံးရှုံးသွားခဲ့ရသည်။

အိမ်ခြေ ၂၀ ကျော်ရှိသော လဲဒူခေါ ကျေးရွာအတွင်းသို့ စစ်တပ်မှ မကြာခဏ၀င်ရောက်ပြီး ရွာသားများအား သူပုန်ထောက်ခံမှုဖြင့် စွပ်စွဲကာ နှိပ်စက်သတ်ဖြတ်သောကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ကြရသည်။

“ ကျမယောက်ျားက အရင်နှစ်က ဗမာစစ်သားတွေက သူ့နဲ့ တခြားရွာသားတွေနဲ့အတူ အသတ်ခံလိုက်ရတယ်။ အဲမှာဆက်နေရင် အလုပ်မလုပ်နိုင်တော့လို့ ဒီဖက်ကို ထွက်ပြေးလာဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ပြေးလွားလာရင်းနဲ့ ဒီကိုမရောက်ခင်မှာ ကျမရဲ့ မွေးခါစ ၂ ပတ်အရွယ်ခလေး ဆုံးရှုံးလိုက်ရတယ်။” ဟု ရင်သွေးငယ်ဆုံးရှုံးသွားသော မိခင်ကပြောပါသည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းမှူး ရဲထဏ်ဦးဆောင်သည့် ခမရ ၄၂၁ စစ်ကြောင်းမှ လဲဒူခေါကျေးရွာနေ ရွာသား ၆ ဦးကို ခေါ်ဆောင်သွားပြီး ပွန်ချောင်းတနေရာတွင် သတ်ဖြတ်လိုက်ကြသည်။ ထိုရွာသား ခြောက်ဦးထဲတွင် မိမိ၏ခင်ပွန်းသည်ပါဝင်ကြောင်း ကျန်ရစ်သူဇနီးကပြောသည်။

ခင်ပွန်းသည်နှင့် ရင်သွေးငယ်ဆုံးရှုံးသွားခဲ့သော အဆိုပါအမျိုးသမီးသည် လဲဒူခေါကျေးရွာသူဖြစ်ပြီး ယခုလအစောပိုင်းက ရွာသူရွာသား ၁၀၀ ခန့်ဖြင့် ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့သည်။




သတင်းရင်းမြစ်..ကန္တာရ၀တီတိုင်း(မ်)