21 March 2010

ရွေးကောက်ပွဲအပေါ် ပြည်နယ်နှင့်တိုင်းသဘောထားဗဟိုကတောင်းခံ...။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီး ဗဟိုကော်မတီ အစည်းအဝေးအမီ အဖွဲ့ချုပ်ဗဟိုက တိုင်းနဲ့ပြည်နယ်အသီးသီး က အဖွဲ့ချုပ်ပါတီဝင်တွေရဲ့ သဘောထားကို ဗဟိုက တောင်းခံထားကြောင်း ပါတီဝင် တွေက ပြောပါတယ်။ အဖွဲ့ချုပ်ဗဟိုမှာ လာမယ့် ၂၉ ရက်နေ့မှာ စုံညီ အစည်းအဝေးပြုလုပ်ပြီး ဆုံး ဖြတ်ကြမှာ ဖြစ်လို့ ခုလို သဘောထား တောင်းခံထားတာ ဖြစ်ပါတယ်။



ဒါနဲ့ ပတ် သက်ပြီး တနင်္သာရီတိုင်း ကော့သောင်းထမြို့နယ် အဖွဲ့ချုပ်ဝင်တွေက လာမယ့် ၂၁ ရက်နေ့မှာ ရွေးချယ်ဆုံးဖြတ်ပြီး တိုင်းကနေ တဆင့် ဗဟိုဆီ တင်ပြရမှာ ဖြစ်တယ်လို့ ကော့သောင်းမြို့နယ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်မောင်က ခုလို ပြောပါတယ်။ “ကျနော်တို့က အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အကုန်လုံးအပြင် ကျနော်တို့အဖွဲ့ကို စိတ်ပါဝင်စား သူတွေကိုပါ ဖိတ်လိုက်မယ်လေ၊ ကျယ်ကျယ်ပြန့်ပြန့်ပေါ့၊ ဝင်သင့် သလား၊ မဝင်သင့်ဘူးလား ဆိုတဲ့ အပေါ်မှာပေါ့နော်၊ ဆုံးဖြတ်ချက်ပေးလို့ ရအောင်၊ ကျနော့် တဦးတည်း အမြင်ကတော့ မဝင်သင့်ဘူးလို့ ထင်တယ်။ သိတဲ့အတိုင်းပဲလေ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရွှေဂုံတိုင်ကြေ ညာစာတမ်းနဲ့ ပတ်သက်ပြီး လက်ခံထားပြီးတော့ ပြောထားတဲ့ အပိုင်းတွေ ရှိတယ်။



“နောက်တချက် ဒု-ဥက္ကဋ္ဌ ဘဘဦးတင်ဦးကလည်း သူပြောသွားတဲ့ စကား ထဲမှာ ရှိတယ်လေ၊ ကျနော်တို့ အဖွဲ့ချုပ်ကြီးက ၈၈ မျိုးဆက်ရဲ့ ကျေးဇူးရှိတယ်ပေါ့။ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ အဖွဲ့ချုပ်၊ ခုချိန်မှာ ကျနော်တို့ တောင်းဆို ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း အချက်ပါ နိုင်ငံရေးအကျဉ်းသားတွေ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကလည်း မလွတ်လာဘူး။ လွှတ်ပေး တာမျိုး မရှိဘူး။



ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာမှ သူတို့ဘက်က တစုံတရာ ပြုပြင်ပြောင်းလဲပေးတာတွေလည်း မရှိဘူး။” အလားတူ ကချင်ပြည်နယ်ဘက်မှာလည်း ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး သဘောထားတောင်းထားကြောင်း မြစ်ကြီးနားမြို့နယ်အဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ ဦးနေဝင်းက ပြောပါတယ်။ “အန်ကယ်တို့ ဟိုနေ့ကတော့ ဦးကတော့ သဘောထားတောင်းထားတော့ ပေးထားပြီးပြီလေ၊ ပြည်နယ်ကို သဘောထားတောင်းတော့ ပြည်နယ်က သဘော ထားပေးဖို့ ဟိုနေ့က အားလုံးညိုနှိုင်းပြီး တင်ထားတာရှိတယ်။ အန်ကယ်တို့ သဘော ဆန္ဒအရကတော့ ဦးတို့ရဲ့ ရည်ရွယ်ချက်ကိုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်တာကိုး အများပါဝင်ခွင့် မရှိရင်၊ နိုင်ငံရေးအကျဉ်းသားတွေမှ ပါဝင်ခွင့် မရှိရင် တော့ ဒါ မှတ်ပုံတင်တာကို သဘောမတူနိုင်ဘူးပေါ့။” မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာလည်း ဒီလ ၁၆ ရက်နေ့က ပါတီရုံးးဖွင့်ပွဲနဲ့ အတူ ရွှေဂုံတိုင်ကြေညာစာတမ်းတွေ ဝေငှပြီး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောပါတယ်။




ဒီဆွေးနွေးချက်အပေါ် သူ့ရဲ့ သဘောထားက ....“ဖွဲ့စည်းပုံထဲမှာ ပါတဲ့ဥစ္စာက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးမှာ ရာသက်ပန် စစ် တပ်ကနေပြီးတော့ ပါဝင်ရန်ဆိုတာကြီးပါနေတော့ အန်တီတို့ရဲ့ ရည်ရွယ်ချက်နဲ့ သူ တို့ရဲ့ အာဏာရှင် စနစ်တည်မြဲရေးနဲ့က ဆန့်ကျင်နေတယ်၊ ၉ဝ ခုနှစ်ရလဒ်ကို မဝင် လို့ရှိရင် အလိုလိုပျက်မယ်၊ ဝင်လို့ရှိရင်လည်း ပျက်မှာပဲ၊ အဲဒီတော့ မဝင်ဘဲနဲ့ ပျက် တာက သူတို့ဖျက်တာ။ “နောက်တခုက ၂ဝဝ၈ အခြေခံဥပဒေကြီးကို ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတာကြီးက ပါပြီးတော့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ဝင်လိုက် မယ်ဆိုရင် အာဏာရှင်စနစ် တည်တံ့ခိုင်မြဲဖို့အတွက် ကျားကန်ပေးတာနဲ့ တူနေ တယ်၊ အဲဒီတော့ အန်တီတို့က လိုချင်တဲ့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီကို မ ရောက်ဘူး။



ပြည်သူကို သစ္စာဖောက်ရာကျတယ်၊ အရင်တုန်း က ၉ဝ ခုနှစ် ရွေး ကောက်ပွဲ တုန်းကဆိုရင် ခေါင်းစဉ်ကိုက ကော်မရှင်မှာက ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲလို့ ပါတာ၊ အခု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လို့ပဲ ပါတယ်။ ဒီမိုကရေစီဆိုတာ တလုံးတောင် မပါဘူး။ “အဲဒီတော့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီကိုရရှိဖို့အတွက် အန်အယ်လ် ဒီ က ထောင်ကျခံကြ၊ မိသားစုတွေ ဒုက္ခရောက်ကြ၊ သေကြကြေကြ၊ တိုက်ပွဲတွေ တိုက်ခဲ့ရတာတွေကို အလကား မဖြစ်သွားအောင်၊ တကယ်လို့ ရွေးကောက်ပွဲ ဝင် မယ့်ဘက်က မဲသာသွားရင် လူထုအတွက်လည်း သစ္စာဖောက်ပြီးတော့ ကိုယ့် ခေါင်းဆောင် ကို ကိုယ်ဖြုတ်ချသလို လုပ်မယ့် ဒီရွေးကောက်ပွဲမှာ ဝင်ချင်တဲ့လူတွေ အားလုံးကို အန်တီတို့က ဒီဥစ္စာကို စဉ်းစားပေးပါ။”


သတင်းရင်းမြစ်...DVB