04 January 2011
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဗုံးကိုင် ဆန္ဒပြသူ
ယနေ့ မနက်(၇) နာရီခွဲ အချိန်ခန့်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရှေ့တွင် ဒီကေဘီအေ နယ်ခြားစောင့် အသွင်ပြောင်းတပ်မှ ရဲဘော်တဦး ဖြစ်သူ စောသံမဏိ မှ ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့  UN ရုံးအရောက်မှာ ငှားရမ်းစီးလာတဲ့ ဆိုင်ကယ်တက္ကစီနောက်ကနေ ထိုင်လျက် ပါလာတဲ့ လက်ပစ်ဗုံးတွေရဲ့  စနက်တံတွေဖြုတ်ပြီး သူလိုလားတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပါလာသော လက်ထိပ်တစုံကို ထိုင်းလူမျိုးဆိုင်ကယ်တက္ကစီသမားရဲ့ လက်နဲ့ သူ့ လက် အတူ တွဲခတ်ပြီး စနက်တန်ဖြုတ်ထားတဲ့ လက်ပစ်ဗုံး နှစ်လုံးကိုင်ဆောင်ကာ သူရဲ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ကယ်တက္ကစီသမားနောက်တွင် ဖောက်ခွဲရန် အသင့်အနေအထားဖြင့် အဖမ်းမခံပဲ ရှိနေချိန်မှာ မဲဆောက် ထိုင်းအရာရှိများ လုံခြုံရေးများကနေ သူ့ ကို ၀န်းရံထားခဲ့ပြီး စနိုက်ပါနဲ့  ဖမ်းပစ်ဖို့ အထိ ဖြစ်ခဲ့တယ်လို့  သိရှိရပါတယ်။
မြန်မာနိုင်ငံသား ကရင်လူမျိုးဖြစ်သူ စောသံမဏိဟာ ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်ပြီး မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော တောင်းဆိုချက် အချက် (၄) ချက်အား ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။
နအဖတို့ ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှု မရှိတာကြောင့် အသိအမှတ် မပြုရန်၊ နအဖမှ နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ် ဖိအားပေး လုပ်ခိုင်းမှုများအား တားမြစ်ပေးရန်၊ မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်နှင့် ၄င်းအား ယခုဆန္ဒပြခြင်းနှင့် ပတ်သက်၍ အရေးယူပါက ကမ္ဘာ့တရားရုံးသို့  တင်ရန်တို့  တောင်းဆိုခဲ့ပါတယ်။
နောက်ဆုံးမှာ မဲဆောက် UNHCR မှ တာဝန်ရှိသူများနဲ့  မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ်တို့  ရောက်ရှိလာပြီး မြန်မာပြည်အရေးဆန္ဒပြသူ စောသံမဏိနဲ့  ညှိနှိုင်းပြောဆိုကာ စောသံမဏိမှ သူကိုင်ဆောင်ထားသော လက်ပစ်ဗုံးကို ထိုင်းအထူးရဲတပ်ဖွဲ့အား ပေးအပ်ပြီး အေးဆေးစွာ အဖမ်းခံခဲ့ပါတယ်။
ယခုလို သူ ဆန္ဒပြရခြင်းရဲ့  အဓိက ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပြည်သူလူထုကို အနိုင်ကျင့် အုပ်ချူပ်နေတဲ့ နအဖအာဏာရူးတွေရဲ့  မတရားလုပ်ဆောင်မှုတွေကို ဖေါ်ထုတ်ပြသလိုက်ခြင်းသာ ဖြစ်ပါတယ်။
သတင်း ဓာတ်ပုံ ပို့ပေးသော သူငယ်ချင်း အားဘီ အားကျေးဇူးပါ.။
အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်သည့် ရံပုံငွေဈေးရောင်းပွဲတော်(ဒုတိယနေ့)
ယုံကြည်ချက်အသီးသီးကြောင့်အကျဉ်းကျနေသောနိုင်ငံရေးသမားများအတွက်ကူညီလို သူများအဖွဲ့ ချုပ်ရုံးသို့  တဦးချင်းအကူအညီပေးချင်၍ သော်လည်းကောင်း မိမိတတ်နိုင် သလောက် အကူအညီ ပေးချင်၍ သော်လည်းကောင်းလာရောက်ဆက်သွယ် အကြောင်းကြားနိုင်ကြောင်းအသိပေးအပ်ပါသည်။
ဓာတ်ပုံ များပေးပို့ ပေးသော KTTC အားကျေးဇူးပါနော်..။

လွတ်လပ်ရေးဆိုတာကိုလည်းတန်ဖိုးထားတတ်စေချင်ပါတယ်ရှင်.

လွတ်လပ်ရေးနေ့လို့ ဆိုလိုက်ရင် တစ်ပြိုင်နက်တည်း သတိရစေတာကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ခေါ်ကြတဲ့ "ဗိုလိချုပ်အောင်ဆန်း" ပါ။ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့ပေမယ့်၊ အသက်စွန့်ပြီး ကြိုးပမ်းခဲ့ပေမယ့် လွတ်လပ်ရေးကိုတော့ မခံစားသွားခဲ့ရပါဘူး။မြန်မာပြည်သူ ပြည်သားတိုင်း ဗိုလ်ချုပ်ကို လေးစားကြည်ညိုကြပါတယ်၊ ချစ်ခင်ကြပါတယ်။ သက်ရှိထင်ရှား မမြင်ဖူးကြပေမယ့် သူ့လုပ်ရပ်နဲ့ စိတ်ဓါတ်ကြောင့်လည်းအားလုံးရဲ့ ကြည်ညိုချစ်ခင်မှုကို ရရှိခဲ့တာပါ။ တကယ်တော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဆိုတာ ဗိုလ်ချုပ်ပေးခဲ့တဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ အမွေပါပဲ။
ကျမတို့ ငယ်ငယ်တုန်းကတော့လွတ်လပ်ရေး နဲ့ပါတ်သက်ပြီး မြန်မာစာ၊ မြန်မာ့သမိုင်း ပြဌာန်းစာတွေမှာ ဖတ်စာတစ်ခုအဖြစ် သင်ကြားရပြီး၊ ဆရာ၊ဆရာမတွေရဲ့ ပြောဆို သွန်သင်မှုတွေကြောင့်မြန်မာ့ လွတ်လပ်ရေး သမိုင်းကြောင်းတွေကိုလည်း ကျောင်းသင်ခန်းစာအဖြစ်ရော ပြင်ပ ဗဟုသုတ အနေနဲ့ပါ မှတ်သားခဲ့ရပါတယ်။
နအဖစစ်အာဏာရှင်ခေတ်မှာတော့ လွတ်လပ်ရေး သမိုင်းကြောင်းတွေကို ကျောင်းသုံးဖတ်စာ အနေနဲ့ အရေးတယူ ထည့်သွင်းတာမျိုး မတွေ့ရတော့ပါဘူး။ ထည့်သွင်းရင်လည်း လိုချင်တဲ့အပိုင်းလောက်ပဲ ဖြတ်ပြီး ပြဌာန်းတာမျိုး တွေ့ရပါတယ်။ ရာဇ၀င် သမိုင်းကြောင်း အပြောကောင်းတဲ့ရှေးမီနောက်မီ ဆရာကြီး၊ဆရာမကြီးတွေလည်း ပင်စင်ယူကုန်ကြပြီနဲ့ တူပါရဲ့။ သမိုင်းဖတ်စာကို ရာဇ၀င် ပုံပြင်လို စုံလင်အောင်ပြောတတ်တဲ့ ဆရာ၊ဆရာမတွေလည်း မရှိသလောက်ကိုရှားပါးနေပါပြီ။
လွတ်လပ်ရေးရဲ့သမိုင်းကြောင်းကိုမှ မသိတဲ့ ယခု လက်ရှိမြန်မာပြည်ထဲက ကလေးတွေဆို လွတ်လပ်ရေးဆိုတာကို ဘယ်လို တန်ဖိုးထားတတ်မလဲ။ တန်ဖိုးမှမထားတတ်မှတော့ ထိန်းသိမ်းရကောင်းမှန်းလည်း ဘယ်နားလည်တတ်တော့မလဲ။ ဒါဟာ ဒီကလေးရဲ့ အပြစ်မဟုတ်ပါဘူး။ သိအောင် နားလည်အောင် မပြောဆို၊ မသွန်သင်မိတဲ့ သူတွေမှာသာ တာဝန်ရှိတာပါလို့ ကျမမြင်ပါတယ်.။
ကျမတို့ ငယ်စဉ်ကလွတ်လပ်ရေး အခါသမယနေ့များမှာ လွတ်လပ်ရေးနှင့် ပတ်သက်သည့် သီချင်းများ၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းများဆိုလျှင် မြန်မာ့သတင်းစာများ၊ ရုပ်မြင်သံကြားများ၊ မြန်မာ့ရေဒီယိုများ၌ ကြားနေ ရပါသည်။ ယခု မကြားရ၊ မမြင်ရတော့ပါ။ နအဖအစိုးရစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများက လွတ်လပ်ရေးခေါင်းဆောင် ကြီးများနှင့် လွတ်လပ်ရေး နေ့၏ အထိန်းအမှတ် များကိုပါ မေးမှိန်၊ သေးသိမ် ကွယ်ပျောက်သွားအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်။
လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်တခု တင်ပြမည်ဆိုပါက “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထုညီညွတ်ရေး အဲဒီ ညီညွတ်ရေး နှစ်ခုစလုံး မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပြီး လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ် (ဖာသည်) တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျနော် ပြောချင်ပါတယ်၊ အဲဒီတော့ ကားဒီနှစ်ခု ကို ခင်ဗျားတို့ မပျက်ပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့၊ အဲဒါ အင်မတန် အရေးကြီးပါတယ်” ဟုပြောသွားခဲ့သည်။
ဇန်န၀ါရီ ၄ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ဒါပေမယ့် တိုင်းရင်းသားများနှင့် ပြည်သူများအားလုံး၏ လွတ်လပ်ခြင်း အရသာ၊ လွတ်လပ်ခြင်း၏ တန်ဖိုး၊ လွတ်လပ်ခြင်း၏ အနက်အဓိပ္ပါယ်ကို နေပြည်တော်ရှိ နအဖစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများက လက်ဝယ် သိမ်းပိုက်ထားပြီး ၎င်းတို့မိသားစုနှင့် အသိုင်းအ၀န်းကောင်းစားရေးအတွက်သာ ဖြစ်လာခဲ့ပါတော့ပြီ။ ဒီစစ်အာဏာရှင်များလက်ထက်မှာတော့ မြန်မာနိုင်ငံအတွင်းမှ ပြည်သူများ ဟာမလွတ်လပ်တဲ့ တိုင်းပြည်ထဲမှာ လွတ်လပ်စွာ လုပ်ခွင့် မရှိ၊ လွတ်လပ်စွာ ပြောခွင့်မရှိ၊ လွတ်လပ်စွာ နေခွင့် မရှိမရခဲ့ပါဘူး။စစ်အာဏာရှင်ကြီးများကတော့မြန်မာပြည်သူလူထုတွေ ရဲ့ လွတ်လပ်ခွင့် အားလုံးကိုတော့ ယနေ့အချိန်ထိ ချုပ်ထိန်း ကန့်သတ်ထားဆဲပါ။
့မြတ်လေးငုံ။
့မြတ်လေးငုံ။
လွတ်လပ်ရေးနေ့ တရား
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် မင်းမျက်ခြယ်အား
ဘယ်ကစချီ မင်းဟောမည်နည်း
တို့ပြည်လွတ်လပ် ဘ၀မြတ်၏
ထိမ်းမှတ်သဘင် အောင်လံတင်၍
နှစ်စဉ်ကျင်းပ သောကာလ။
လွတ်လပ်သောနေ့ လွှတ်တော်ရှေ့တွင်
နှင်းငွေ့သိုင်းခြုံ မင်းပေါင်းစုံနှင့်
အရုဏ် ရောင်နီ အောင်မောင်းစည်နှင့်
အောင်ပြီသတင်း ခရုသင်းနှင်း
ခွင်းခဲ့အမှောင် အလင်းရောင်နှင့်
ပြည်ထောင်စု မာန် တို့အလံသည်
တက်ပျံတိုင်ဖျား နေရှေ့သွားဟု
မင့်သား သည်းချာ သူဝမ်းသာအောင်
လွမ်းစရာနှင့် ချီထိုက်သင့်။
လွတ်လပ်ပြီဟေ့ ထိုတနေ့တည့်
ထိုနေ့ရောက်အောင် ဆောင်ရသည်ကား
နှစ်များစွာပါ့ ကြာခဲ့ရ၏
မ၀ မလှ ပင်ပန်းကြလည်း
မျိုးသာ့ မာန မြဲခဲ့ကြ၍
ဥာဏ စာရိတ္တ တွဲခဲ့ကြ၍
လုံ့လ သူရ ရဲခဲ့ကြ၍
ထကြွသင်းဖွဲ့ စုစည်းခဲ့၍
နယ်ချဲ့ဖြိုရေး ဓားဖွေးဖွေးတွင်
သွေးချွေး မျက်ရည် ပေးရသည်ဟု
ငါ့ညီသည်းချာ သူတွေးသာအောင်
ယထာဘူတ နိဂုံးချ။ ။
မင်း၏သားငယ် မင်းမျက်ခြယ်အား
ဘယ်ကစချီ မင်းဟောမည်နည်း
တို့ပြည်လွတ်လပ် ဘ၀မြတ်၏
ထိမ်းမှတ်သဘင် အောင်လံတင်၍
နှစ်စဉ်ကျင်းပ သောကာလ။
လွတ်လပ်သောနေ့ လွှတ်တော်ရှေ့တွင်
နှင်းငွေ့သိုင်းခြုံ မင်းပေါင်းစုံနှင့်
အရုဏ် ရောင်နီ အောင်မောင်းစည်နှင့်
အောင်ပြီသတင်း ခရုသင်းနှင်း
ခွင်းခဲ့အမှောင် အလင်းရောင်နှင့်
ပြည်ထောင်စု မာန် တို့အလံသည်
တက်ပျံတိုင်ဖျား နေရှေ့သွားဟု
မင့်သား သည်းချာ သူဝမ်းသာအောင်
လွမ်းစရာနှင့် ချီထိုက်သင့်။
လွတ်လပ်ပြီဟေ့ ထိုတနေ့တည့်
ထိုနေ့ရောက်အောင် ဆောင်ရသည်ကား
နှစ်များစွာပါ့ ကြာခဲ့ရ၏
မ၀ မလှ ပင်ပန်းကြလည်း
မျိုးသာ့ မာန မြဲခဲ့ကြ၍
ဥာဏ စာရိတ္တ တွဲခဲ့ကြ၍
လုံ့လ သူရ ရဲခဲ့ကြ၍
ထကြွသင်းဖွဲ့ စုစည်းခဲ့၍
နယ်ချဲ့ဖြိုရေး ဓားဖွေးဖွေးတွင်
သွေးချွေး မျက်ရည် ပေးရသည်ဟု
ငါ့ညီသည်းချာ သူတွေးသာအောင်
ယထာဘူတ နိဂုံးချ။ ။
ဆရာဇော်ဂျီ

အမှတ်တရများစွာတွေထဲက လွတ်လပ်ရေးကို အမှတ်တရ ကိုယ်စားပြုထားတဲ့ လွတ်လပ်ရေး ကျောက်တိုင်တခု ဖြစ်ပါတယ်။မြို့တော်ခန်းမ၊ ဆူးလေဘုရား၊ ဒီလို မမေ့သင့်တဲ့ မြန်မာ့သမိုင်းတွေကို နအဖ စစ်အာဏာရှင်တွေက ခုတော့မြန်မာ့သမိုင်းတွေ မေးမှိန်အောင်လုပ်ဘို့ အမြဲတမ်းကြိုးစားနေခဲ့တာပါ.။
ဘုရားကြီးကျောင်းတိုက် ဆရာတော်၏ ကြွင်းကျန်ရုပ်ကလာပ်တော် သက်တော်ရှိစဉ် ကဲ့သို့ တည်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂ ပူမြို့နယ်၊ ပန်းတင်အုပ်စု၊ ကန်ဆည် ကျေးရွာ၊ ဘုရားကြီးကျောင်းတိုက် ပဓာနနာယက၊ ဓမ္မာနု ဓမ္မ မဟာ ဒွါရနိကာယ သြဝါဒါစရိယ၊ မြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌ၊ ဘဒ္ဒန္တဂုဏဝံသ ဆရာတော် ဘုရားကြီး၊ သက်တော် ၁ဝဝ နှစ် သည် ဒီဇင်ဘာ ၅ ရက်နံနက် ၁ဝ နာရီ ၁၇ မိနစ်တွင် ပျံလွန်တော်မူ ပြီးနောက် ကြွင်းကျန်ရစ်သော ရုပ် ကလာပ်တော်မှ ထူးခြားမှုများ တွေ့ ရှိရသဖြင့် ရာသက်ပန် ဗိမာန်တည် ဆောက်၍ အပူဇော်ခံထားရှိသွား မည်ဖြစ် ကြောင်း သိရသည်။
သိက္ခာတော် ၈ဝ ဝါ၊ သက် တော် ၁ဝဝ နှစ်ရှိ ဆရာတော် ဘုရားကြီးမှာ ပျံလွန်တော်မူပြီးသည့် ရက်မှ ယနေ့အထိ မပုပ်မသိုးရှိခြင်း၊ ခန္ဓာတော်မှာ ပကတိအတိုင်း ပျော့ ပျောင်း၍ ခြေလက်များ ကွေးညွတ် နိုင်ခြင်း၊ အသားအရည်မပြောင်း လဲ ခြင်း၊ ဆံတော်နှင့် မုတ်ဆိတ် တော်များ ပြန်လည်ရှည်ထွက်လာ သည် သာမက အနက်ရောင် မုတ် ဆိတ်တော်များအသစ်ထွက်လာခြင်း၊ ခြေသည်း၊ လက်သည်းများ ရှည် လာခြင်း စသည်တို့အပြင် အခြား ထူးခြားမှုများပါ ဖြစ်ထွန်းခဲ့သည်။
သို့ဖြစ်၍ ပျံလွန်တော်မူပြီး ၁၁ ရက် မြောက်နေ့တွင် ဒွါရသာသနာပိုင် ဆရာတော်များနှင့် တပည့်ရင်း ဒကာ၊ ဒကာမများ၏ဆန္ဒအတိုင်း မူလအစီအစဉ်ဖြစ်သော မီးသ ဂြုင်္ိဟ် မည့် အဂ္ဂိနဈာပနအား ပယ်ဖျက်၍ ဗိမာန်တည်ဆောက်ကာ မှန်ခေါင်း တော်ဖြင့် အပူ ဇော်ခံထားရှိမည်ဖြစ် ကြောင်း ဆရာတော်ဘုရားကြီးအား နှစ်ပေါင်းများစွာ အနီးကပ်ဝေယျာဝစ္စ ဆောင်ရွက်ပေးခဲ့သော မြေးတော် စပ်သူ ကိုစိုးသန်းက ပြောသည်။”ပထမတော့ အစဉ်အလာ အတိုင်း မီးသဂြုင်္ိဟ်ဖို့ စီစဉ်ပါတယ်။
ဒါပေမဲ့ လက်ရှိ အားလုံးဖူးတွေ့ရတဲ့ အခြေအနေတွေကြောင့် တပည့်ရင်း ဒကာ၊ ဒကာမတွေက ဗိမာန်နဲ့ အပူ ဇော်ခံထားဖို့ တောင်းဆိုကြ ပါတယ်။ နောက်ဆုံးမှာ ဒွါရသာသနာပိုင် ဆရာတော်များက ဆယ်ရက်စောင့် ကြည့်မယ်၊ ပြီးရင်တော့ ဒကာ၊ ဒကာမတွေရဲ့ သဒ္ဓါတရားအတိုင်း ပူဇော်ကြပါလို့ ခွင့်ပြုတဲ့အတွက် ၁၁ ရက်မြောက်မှာ အခုလို အတည်ပြုခဲ့ တာပါ”ဟု ၄င်းက ဆိုသည်။ ဆရာတော်ဘုရားကြီးသည် ယခု သက်တော် ၁ဝဝ အထိ အနာ ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခံစား ခဲ့ရခြင်းမရှိဘဲ ၂ဝ၁ဝ ဧပြီမှစကာ ဆွမ်းကောင်းစွာသုံးဆောင်နိုင်ခြင်း မရှိတော့ဘဲ ခုတင်ထက်တွင်သာ သီတင်းသုံး၍ ဝိပဿနာတရားကို အချိန်ပြည့်အားထုတ်တော်မူနေခဲ့ ကြောင်း သိရသည်။”
ဘုန်းဘုန်း သက်တော် ၈ဝ ကစပြီး မွေးနေ့ဖြစ်တဲ့ နတ်တော် လပြည့်နေ့တိုင်း မွေးနေ့ပူဇာသဘင် လုပ်ခဲ့တာပါ။ ဒီနှစ်လည်း ရာပြည့် မွေးနေ့ပူဇော်ပွဲအတွက် ဒီဇင်ဘာ ၅ ရက်မှာ ကျွန်တော်တို့ ဒကာ၊ ဒကာမတွေ စည်းဝေးလုပ်ဖို့ ဆုံကြ ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ နေ့မှာ ဘုန်းဘုန်းက ပျံလွန်တော်မူ သွားခဲ့ပါတယ်။ ဘုန်းဘုန်းရဲ့ ထူးခြားမှုတွေ၊ နှစ်ပေါင်းများစွာ ကြုံခဲ့ ရတဲ့ အတွေ့အကြုံတွေ အများကြီး ပါ။ ပျံလွန်တော်မူတဲ့နေ့မှာ သိသိ ချင်း ဘုန်းဘုန်းအခန်းထဲဝင်တော့ တစ်ခါမှ မရဖူးတဲ့ အမွှေးနံ့ကို ရပါ တယ်။ အားလုံးရတာပါ။ အနံ့က ပြင်းလိုက်၊ ပျော့လိုက်နဲ့။ ကြာကြာ ရှူလိုက်ရင် ရင်ထဲမှာ အီလာပြီး မူးချင်သလို မော်ချင်သလို ဖြစ်လာ တယ်။ နောက်တစ်ခု ထူးခြားတာ က ငိုသံတွေ ကြားရတာပဲ။
ကြိတ် ပြီး ရှိုက်ငိုနေတဲ့အသံတွေ ကြားရ တယ်။ အဲဒါ ပျံလွန်တော်မူတဲ့နေ့မှာ ကြုံခဲ့ရတဲ့ ထူးခြားမှုပါ” ဟု ၄င်းက ထပ်လောင်းပြောသည်။၎င်းအပြင် သက်တော်ထင်ရှား ရှိစဉ်ကာလများအတွင်း ထူးခြားမှု အများအပြားရှိခဲ့ပြီး သက်တော် ၉ဝ ပြည့် ဓမ္မပူဇာပွဲတွင် ကျောင်းတိုက် အတွင်းရှိ ဇိနမာရဇိန်စေတီတော် ရင်ပြင် ပတ်ပတ်လည်သို့ အချိုင့် အခွက်ငယ်များပါသည့် ပဲစေ့ သဏ္ဌာန်အခဲများ ရွာချခဲ့ဖူးသည်။ ယခုနှစ် နယုန်လဆန်း ၆ ရက်တွင် လည်း ဒကာမများမှ စေတီတော် ကြီးတွင် ဆရာတော်ကြီးအတွက် သပြေပန်းနှင့် ဆီမီးတစ်ထောင် ပူဇော်စဉ် မွေးနံဖြစ်သော တနင်္လာ ထောင့်တစ်နေရာတည်းသို့ အဆိုပါ ပဲစေ့သဏ္ဌာန်များ မိုးပမာ ထပ်မံ ရွာချခဲ့ကြောင်း ဒကာရင်းတစ်ဦး ဖြစ်သူ ဈာပနသတင်းမှတ်တမ်း ပြန်ကြားရေးကော်မတီ အတွင်းရေး မှူး ဦးခင်မောင်သိန်းက ပြောသည်။”ကိုယ် ကိုးကွယ်တဲ့ ဆရာ တော်မို့ အမွှမ်းတင်ပြောတာမျိုး မဟုတ်ဘူး။ အမှန်တကယ် ဖြစ်ပျက် ခဲ့တာတွေ အရင်းအတိုင်း မျှဝေ ပေးတာပါ။
ဆရာတော် ဘုရားကြီး ဟာ မိုးကုတ် ဝိပဿနာနည်း အတိုင်း အပြည့်အဝအားထုတ် တော်မူခဲ့သည်။ ဝိနည်း ကို လည်း အထိ အခိုက် မခံပါ ဘူး။ ဆရာ တော် ဟောခဲ့ တဲ့ တရား တွေ၊ ကျင့်ကြံ ဖို့ ပေးခဲ့တဲ့ နည်းတွေက ဘာနဲ့မှ အဖိုး ဖြတ်မရပါဘူး။ ကျေးဇူးရှင် ကြီးပါ။ ဆရာ တော်ကြီးရဲ့ တရားအဆင့် ကို ကျွန်တော်တို့လို ပုထုဇဉ်တွေ အနေနဲ့ ဆုံးဖြတ်နိုင်တဲ့ ဥာဏ် မမီပါဘူး။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ အပေါ် အကြွင်းမဲ့ကြည်ညိုကိုးကွယ် ခဲ့တာပါ။ ခုတော့ အားလုံးအတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့ပြီပေါ့”ဟု ၄င်းက ထပ်လောင်း ဆိုသည်။
ဆရာတော်ဘုရားကြီး၏ ရုပ် ကလာပ်တော် အပူဇော်ခံထားရှိမည့် ဗိမာန်တော်အား ဒကာ ရင်း ဖြစ်သူ သစ်တောရေးရာဝန်ကြီးဌာနဝန်ကြီး ဦးသိန်းအောင်နှင့်ဇနီးတို့မှ လှူဒါန်း သွားမည်ဖြစ်ပြီး အခြား စေတနာ ရှင်များလည်း ပါဝင်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ဆရာတော်ဘုရား ကြီးအား ဖူးမြော်လိုသူများ၊ ကုသိုလ် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဟင်္သာတမြို့အလွန် အင်္ဂပူမြို့နယ် နှင့် မဲဇလီ ကုန်းမြို့ နယ်တို့ကြား ကန် ဆည်ကျေးရွာ၊ ဘုရားကြီးကျောင်း တိုက်သို့ သွားရောက်နိုင်ရန် လှိုင် သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေး ဂိတ်ရှိ ‘ဝတစ်လုံးအဆွေတော်’ကား ဂိတ်တွင်စုံစမ်းဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာပြည်တွင်းအင်တာနက် အသုံးပြုမှု မှတ်တမ်းများကို မြန်မာအင်ဖိုတက်သို့ လစဉ်ပေးပို့ရန် စည်းကမ်းထုတ်
အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများ၏ အင်တာနက်သုံးစွဲမှု မှတ်တမ်းကို အင်တာနက်ဆိုင်လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာအင်ဖိုတက်သို့ လစဉ်ပုံမှန် ပေးပို့ရန် စည်းကမ်းချက် ထုတ်ပြန်ထားကြောင်း ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တာဝန်ရှိသူအချို့က ပြောကြားသည်။ အဆိုပါ ညွှန်ကြားချက်ကို မြန်မာအင်ဖိုတက်၌ အင်တာနက်ဆိုင် လိုင်စင်ဖွင့်လှစ်ခွင့် လျှောက်ထားရာ၌ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက် ၁၂ ချက်အနက် တစ်ခုအဖြစ် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပေးပို့ခြင်းကို တရားဝင်လိုင်စင် ရယူဖွင့်လှစ်သည့် အင်တာနက်ဆိုင်တိုင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး လာရောက်သုံးစွဲသူများ၏ အင်တာနက် အသုံးပြုမှုမှတ်တမ်းကို ကွန်ပျူတာ Screen Shot အဖြစ် ဖမ်းယူကာ စီဒီနှစ်စုံဖြင့် ပေးပို့ရခြင်းဖြစ်သည်။
ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်က ဆော့ဖ်ဝဲ အကူအညီနဲ့ ငါးမိနစ်တစ်ကြိမ်၊ ကွန်ပျူတာ Screen Shot ကို ဖမ်းပေးထားရတယ်။ အင်တာနက်ဆိုင် ဖွင့်လှစ်ခွင့်လိုင်စင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ လက်ဗွေယူတာတွေ၊ မှတ်ပုံတင်မိတ္တူ ယူထားတာကိုတောင် ပြုလုပ်ပေးရမယ်လို့ ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကိုလည်း သံသယမရှိအောင် သုံးစွဲသူဘက်ကိုလည်း စိတ်အနှောင့်အယှက် မရှိအောင် ကြားထဲကနေ အဆင်ပြေအောင် ဆောင်ရွက်ပေးရတယ်”ဟု ပြောသည်။
မြန်မာအင်ဖိုတက်က ထုတ်ပြန်သည့် တရားဝင် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်ပေါင်း ၇၀၀ ကျော်ရှိပြီး တရားဝင်မှတ်ပုံ မတင်ထားသော အင်တာနက်ဆိုင်များကိုပါ ထည့်သွင်းတွက်ချက်ပါက အင်တာနက်ဆိုင်ပေါင်း ၂၅၀၀ ခန့်ရှိနိုင်ကြောင်း ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

03 January 2011
မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့ .

မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့
၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သော မင်္ဂလာတရားနှင့် ပြည့်စုံသော နေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။
ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။
နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကို သာယာလှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။
မွေးနေ့ပွဲ အခမ်းအနားစချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍ ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။
နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်း စုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာ များ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။
ဟုတ်သည် … အမေ ဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆိုဂါရ၀ပြုကြသည်။
အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။
ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။
ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ် မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကို အထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသောနေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျးဇူးပါရှင်..။

ကျော်သူ
ပေးပို့ ပေးသော ကိုကျော်သူ အားကျးဇူးပါရှင်..။
၂၊၁၊၂၀၁၁ ဗဟိုအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်သည့် ရံပုံငွေဈေးရောင်းပွဲတော်မှမှတ်တမ်းဓါတ်ပုံ

၂၊၁၊၂၀၁၁ ဗဟိုအဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သည့် ရံပုံငွေဈေးရောင်းပွဲတော်မှမှတ်တမ်းဓါတ်ပုံ အချို့ ဖြစ်ပါသည်။၂ ၊၁ ၊၂၀၁၁ မှ ၃၊ ၁၊ ၂၀၁၁ ထိ ရောင်းချ ပေးသွားမည် ဖြစ့်ပါသည်။ရရှိလာသော ရံပုံငွေများကို လူမူရေး လုပ်ငန်းများအတွက် ပြန်လည်ကူညီပေးသွားမည် ဖြစ်ပါသည်။
ဓာတ်ပုံ များပေး ပို့ ပေးသော KTTC အားကျေးဇူးပါရှင်.။
02 January 2011
ရန်ကုန်မြို့ရှိယာဉ်ထိန်းရဲတွေ ပြည်သူများကိုငွေတောင်းရမ်းပုံအား စောင့်ကြည့်ဘို့ထင်ပါတယ်CCTV ကင်မရာတွေမီးပွိုင့်များမှာ တပ်ဆင်တော့မည့်တဲ့..။
သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သည့်မော်တော်ကားများကို မှတ်တမ်းတင်ရိုက်ကူးနိုင်မည့် IP (Internet Protocol) ကင်မရာများကို ရန်ကုန်မြို့ရှိ ယာဉ်ကြောရှုပ်ထွေးသည့်မီးပွိုင့်လမ်းဆုံပေါင်း ၃၀ ကျော်တွင် ဆက်လက်တပ်ဆင်မည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အတွက် နည်းပညာပိုင်းပံ့ပိုးပေးလျက်ရှိသည့် Fisca Enterprises Co., Ltd တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုတပ်ဆင်မည့်ကင်မရာများသည် ယခင်ကတပ်ဆင်ခဲ့သည့် CCTV ကင်မရာများထက် နည်းပညာပိုင်းအရ ပိုမိုမြင့်မားသည့်အတွက် ကင်မရာအသစ်တစ်လုံးသည် ယခင်ကင်မရာအဟောင်းလေးလုံးနှင့် စွမ်းဆောင်ရည်တူညီကြောင်းဆိုသည်။ “ကမ္ဘာအေးဘုရားလမ်းက ချော်တွင်းကုန်းမီးပွိုင့်မှာ အရင်ကတည်းက CCTV ကင်မရာတပ်ထားပြီးသား အခုကအဲဒီ CCTV ကင်မရာထက်ကောင်းတဲ့ IP ကင်မရာကို စမ်းသပ်ခဲ့တာအောင်မြင်ခဲ့လို့ ဆက်ပြီးအင်းစိန်ကပေါက်တောဝမီးပွိုင့်မှာ ထပ်ပြီးတပ်ခဲ့တယ်။
အဲဒီ IP ကင်မရာက အရင်တုန်းက CCTV ကင်မရာထက် အားသာချက်တွေအများကြီးရှိတယ်။ သူက Over Speed နဲ့မောင်းလာတဲ့ကားတွေပါ စိစစ်မှတ်တမ်းတင်နိုင်တယ်။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ကားတွေကို ချက်ချင်းသိနိုင်တယ်။ ဥပမာ-မိုင် ၃၀ နှုန်းနဲ့မောင်းရမှာကို ၃၁ မိုင်နှုန်းလောက်နဲ့မောင်းတာနဲ့ အဲဒီ IP Camera ကမှတ်တမ်းတင်ထားမှာပါ။ ပြီးတော့ဒီကင်မရာ အရင်တွေထက်အားသာတာက တစ်လုံးထဲနဲ့ လေးကွက်လောက်ရိုက်လို့ရတယ်။ အရင် CCTV ကင်မရာတွေက လေးလုံးရှိမှ လေးကွက်ရိုက်လို့ရတာ၊ ဈေးနှုန်းကတော့သုံးစွဲတဲ့ကင်မရာနဲ့ Lens အကြီးအသေးပေါ်မူတည်ပြီး အမျိုးမျိုးရှိတယ်” ဟု ထိုတာဝန်ရှိသူကပြောသည်။
လက်ရှိတွင် CCTV ကင်မရာ များတပ်ဆင်ထားသည့် ရန်ကုန်မြို့ရှိမီးပွိုင့်များမှာ ဗဟန်းမြို့နယ်ရှိရွှေဂုံတိုင်မီးပွိုင့်၊ မင်္ဂလာဈေးစက်ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိမီးပွိုင့်၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်မီးပွိုင့်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချော်တွင်းကုန်းမီးပွိုင့်နှင့် အင်းစိန်ပေါက်တောဝမီးပွိုင့်တို့ဖြစ်သည်။ ယခုလက်ရှိအသုံးပြုနေသော CCTV ကင်မရာများတပ်ဆင်ထားသည့် မီးပွိုင့်များမှတဆင့် အချက်အလက်များကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးသို့ ပို့ဆောင်ပေးနေရကြောင်း သိရသည်။

နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား- လူထုစိန်ဝင်း
ခုတလောသတင်းစာတွေ ကောက်ကိုင်လိုက်တဲ့အခါတိုင်း ဝမ်းသာပီတိဖြစ်စရာသတင်းတွေနဲ့ ကြော်ငြာတွေကို အများဆုံးတွေ့နေရတယ်။ အနယ်နယ် အရပ်ရပ် က ဆရာကန်တော့ပွဲသတင်းတွေ ဖြစ်ပါတယ်။ မြန်မာကျောင်းတွေသာမက နိုင်ငံခြားသာသနာပြုတွေ လာဖွင့်တဲ့ စိန့်ကျောင်းတွေနဲ့ ကွန်ဗင့်ကျောင်းတွေမှာ နေခဲ့ကြတဲ့ ကျောင်းသူကျောင်းသားဟောင်း တွေကပါ လုပ်ဆောင်လာကြတာ ဝမ်းသာစရာ မြင်တွေ့ရတယ်။
လူရာမဝင်ကြ
သတင်းစာတွေမှာ ဖတ်ရတာ ကို တစ်နေ့တစ်နေ့ ဆယ့်လေးငါးခု လောက်ရှိတယ်။ အထက်တန်း ကျောင်းတွေမှာ လုပ်သလို တက္က သိုလ်တွေမှာလည်း ဘာသာ ရပ် အလိုက်၊ နှစ်အလိုက်လုပ်ကြတယ်။ ကျောင်းဆရာဆိုတာ ဘယ်ခေတ် ဘယ်အခါမှ မချမ်းသာကြသလို၊ လူရာလည်းမဝင်ကြပါဘူး။ အလုပ်တကာ့ အလုပ်ထဲ မှာ တကယ့်ကို ဓားမနောက်ပိတ်ခွေးပါ။ အငြိမ်းစား ယူပြီးတဲ့အခါကျတော့ ပိုဆိုးတော့ တာပေါ့။ ဘယ်သူကမှ အရေးတယူ မရှိတာ့ပါဘူး။ အဲဒီလို ညှိုးညှိုးငယ် ငယ်နေရချိန်မှာ တပည့်ဟောင်းတွေက သတိတရနဲ့ ကန်တော့တာကို ခံရခြင်းဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့ ကြည်နူးပီတိဖြစ်ကြပါတယ်။ တချို့ဆရာကြီး ဆရာမကြီး များဆိုရင် ကန်တော့ခံရင်းနဲ့ မျက် ရည်တောင်မဆည်နိုင်ရှာကြပါဘူး။
အသက်ရှည်ဆေး
ကန်တော့ခံပစ္စည်းနဲ့ ငွေကြေးဟာ အဓိကမဟုတ်ဘူးဆိုပေမယ့် အသက်ရှစ်ဆယ်၊ ကိုးဆယ်ဆရာ အို၊ ဆရာမအိုကြီးများအဖို့တော့ မြေးတွေမြစ်တွေရှေ့မှာ ဂုဏ် ယူဝင့် ကြွားစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမတွေနဲ့ တစ်နှစ်တစ်ခါပြန် လည်ဆုံတွေ့ပြီး ရှေးဟောင်းနှောင်း ဖြစ်တွေ စမြုံ့ ပြန်ရတာလည်း ပင် စင်စားအိုကြီးများအတွက်အသက် ရှည်ဆေး တစ်မျိုးပါ။ ကန်တော့ဖို့ လာကြတဲ့ ခေါင်းဖြူဖြူ၊ ထိပ်ပြောင် ပြောင် ကျောင်းသူကျောင်းသား တွေအဖို့လည်း ငယ်သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး မင်းတစ်လုံး ငါတစ်လုံး နဲ့ ပြောရဆိုရနောက်ပြောင်ရတာ ပျော်စရာကောင်းလှပါတယ်။
ပို့စကတ်လေးပို့ရုံပဲ
နိုင်ငံတကာမှာလည်း ‘ကမ္ဘာ့ ဆရာများနေ့’ဆိုပြီး သတ်မှတ်ထား တာရှိပါတယ်။ အဲဒီနေ့ရောက်ရင် ဆရာ ဆရာမတွေဆီ ပို့စကတ်လေး ပို့ကြ၊ ချောကလက်ဘူး လေးပို့ကြ လုပ်ရုံလောက်ပါပဲ။ မြန်မာနိုင်ငံမှာ လိုကျကျနနစုဝေးကန်တော့ကြတာ မျိုးတော့ဘယ်နိုင်ငံမှ မရှိပါဘူး။ ဒီ လိုဆရာကန်တော့ပွဲမျိုးက ကမ္ဘာမှာ မြန်မာ တစ်ခုတည်းသာ ရှိတဲ့ပွဲလို့ ဂုဏ်ယူဝင့်ြ<ွကားလိုက်ချင်ပါတယ်။ ဒါဟာ နိုင်ငံကြီးသားပီသတဲ့ အပြု အမူမဟုတ်ဘူးလားလို့၊ ဝါရှင်တန် လက ပိုဝိုင်းတယ်လို့ ထင်သူ တွေကို မေးလိုက်ချင်တယ်။ ဒီလူတွေက မြန်မာလူမျိုးတွေဟာ နိုင်ငံကြီးသား စိတ်ဓာတ်မရှိကြဘူးလို့ ပြောကြ လွန်းလို့ပါ။
မြန်မာပြည်ကလူအိုတွေကံကောင်း
တစ်ခါက နိုင်ငံခြားသူ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း သူက လူအိုချင်း အတူတူမြန်မာပြည်မှာ လူအိုဖြစ်ရတာ သိပ်ကံကောင်းတယ်လို့ ပြောပါတယ်။ လူအိုတွေကို သားတွေသမီးတွေက တာဝန်ယူ ပြုစုစောင့်ရှောက်ကြတာတွေကိုသူ ကထောက်ပြပါတယ်။ သူကိုယ်တိုင်ကတော့ အသက်ရှစ်ဆယ်ကျော် သူ့အမေ ကို လူအိုရုံမှာ ပို့ထားရတာ သုံးလေးနှစ်ရှိနေပါပြီ။ သူတို့ဆီမှာတော့ ဒီလိုပဲလုပ်ကြရတယ်။ လူတိုင်း အလုပ်ထွက်လုပ်နေကြရ တော့ သက်ကြီးရွယ်အိုတွေကို မ စောင့်ရှောက်နိုင်ဘူး။ လူအိုရုံမှာနေရ တာသူတို့အတွက်လည်း ကောင်းပါတယ်လို့ သူကပြောပါတယ်။
တရားပါရဲ့လား
စားချိန်တန်စား၊ အိပ်ချိန်တန် အိပ်၊ ဆရာဝန်နဲ့ သူနာပြုဆရာမ တွေက ကျန်းမာရေးစောင့်ရှောက်၊ ဘာမှလိုလေသေးမရှိပေါ့။ ဒါပေမဲ့ သားသမီးမြေးမြစ်တွေရဲ့ အချစ်ခံ ရတာ၊ ကိုယ်ကချစ်ရတာတွေတော့ မရှိဘူး၊မရနိုင်ဘူး။ စားရေး၊နေရေး၊ ကျန်းမာရေးမပူပင်မကြောင့်ကြရရုံနဲ့ လူ့ဘဝဟာ ပြီးပြည့်စုံသွားပြီလား။ ချမ်း သာပျော်ရွှင်နိုင်ပြီလား။ နှစ် ပေါင်းများစွာ ရုန်းကန်လှုပ်ရှားပြီး သားသမီးတွေ လူတစ်လုံးသူ တစ် လုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရ တဲ့ မိအိုဖအိုကြီးများ အတွက် ဘဝ ရဲ့ နောက်ဆုံးဆည်းဆာအချိန်မှာ လူအိုရုံမှာပဲ အဆုံးသတ်ရတယ်ဆို တာ တရားပါရဲ့လား။ ဖြစ်သင့်ပါရဲ့ လား။ နိုင်ငံကြီးသားစိတ်ဓာတ်ဆို တာ ဒါမျိုးလား။
အိုရင်လူအိုရုံပို့
စင်ကာပူနိုင်ငံမှာ လီကွမ်ယု ဝန်ကြီးချုပ်လုပ်နေစဉ်တုန်းက စင် ကာပူသားတွေဟာ ရှေးရိုးစဉ်လာ မိအိုဖအိုတွေကို စောင့်ရှောက်ပြုစုရကောင်းမှန်း မသိကြတော့ ဘူး။ မိဘတွေအသက်ကြီးတာနဲ့ လူအိုရုံပဲပို့ထားချင်ကြတယ်။ ဒီလိုသားသမီးတွေကို အရေးယူဖို့ ဥပဒေရှိသင့်တယ်လို့ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ တ ကယ် ဥပဒေ ပြဋ္ဌာန်းဖြစ်သလားဆိုတာတော့ သတိမထားမိဘူး။ တရုတ်လူမျိုးများဟာ ဘိုးဘွားမိဘတွေကို သိပ်ရိုသေကြ၊ ဦးစားပေးကြတဲ့ အစဉ်အလာ ရှိသူတွေ ဖြစ် ကြတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံရယ်လို့ ဖြစ်လာတော့ ဘိုးဘွားမိဘတွေကို မစောင့်ရှောက်ချင်ကြတော့ဘူး။ နိုင်ငံကြီးသား စိတ်ဓာတ်ဆိုတာ ဒါမျိုးလား။
ကျားကျားမီးယပ်
မြန်မာလူမျိုးတွေဟာ မချမ်း သာကြဘူး။ ဖွံ့ဖြိုးတိုးတက်အောင် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာလည်း မထိရ၊ မတွေ့ရသေးဘူး။ ကြိုးစား နေရဆဲ ဖြစ်တယ်။ ဒါပေမဲ့ မိအိုဖအိုကြီးတွေ ကို လူအိုရုံပို့မထားကြပါဘူး။ ဆရာ အိုကြီးတွေကိုလည်း ပစ်ပယ်မထား ကြပါဘူး။ စိတ်ယဉ်ကျေးမှုထိပ်တန်း အဆင့်မှာရှိပါတယ်။ နိုင်ငံကြီးသား မပီသဘူးလို့ ပြောတဲ့သူတွေဟာ ကျားကျားမီးယပ်ဆိုသလို ဝါရှင်တန် ကလကမှ ပိုဝိုင်းတယ်လို့ ပြောနေကြဦးမှာပါပဲ။
လူထုစိန်ဝင်း

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရန်အတွက် ရဲစခန်းထောက်ခံစာလိုအပ်ပါတယ်တဲ့ရှင်
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရန်အတွက် လျှောက်လွှာများကို ဇန်နဝါရီလတွင် စတင်လက်ခံမည် ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ အထက်ပစ္စယံသို့ တက်ရောက် ဖူးမြော်ရာတွင် မြန်မာနိုင်ငံသား မည်သူမဆို တက်ရောက်ဖူးမြော်နိုင်ပြီး မိဘနှစ်ဦးလုံးမှာလည်း မြန်မာနိုင်ငံသားပင် ဖြစ်ရမည်ဟု သိရသည်။
အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ခွင့် လျှောက်လွှာများကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးချုပ်ရှိ အုပ်ချုပ်ရေးဌာနတွင် လျှောက်လွှာတစ်စောင်လျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး လာရောက်လျှောက်ထားရာတွင် မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံစာနှင့် ဓါတ်ပုံ ၂ ပုံနှင့်အတူ အလှူငွေ ကျပ် ၁၂၀၀ ပေးသွင်းကာ လျှောက်ထားနိုင်ကြောင်း သိရသည်။ ဓါတ်ပုံမှာ နိုင်ငံဝန်ထမ်းဖြစ်ပါက ယူနီဖောင်းပုံစံ၊ သာမန်အရပ်သားဖြစ်ပါက လည်ကတုံးအင်္ကျီ ဝတ်ဆင်ထားသည့် ဓါတ်ပုံဖြစ်ရန် လိုအပ်ကြောင်း၊ အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရာတွင်လည်း လည်ကတုံးနှင့်သာ တက်ရောက် ဖူးမြော်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရာတွင် ဝါတွင်းကာလဖြစ်ပါက ဥပုသ်နေ့နှင့် လပြည့်၊ လကွယ်နေ့များတွင်လည်းကောင်း၊ သာမန်ကာလများတွင် စနေနှင့် တနင်္ဂနွေနေ့များတွင် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ခွင့် ရမည်ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန္တလေးမြို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘီးလှိမ့်ခွန်များ ပေးသွင်းရန်ကြေညာ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနက မန်း/စည်ပင် နယ်နမိတ်အတွင်းရှိ ဌာနဆိုင်ရာ ယာဉ်များ၊ အဖွဲ့အစည်းပိုင်ယာဉ်များ၊ ပုဂ္ဂလိကပိုင်ယာဉ်များနှင့် မော်တော်ယာဉ်များအားလုံးသည် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် ဘီးလှိမ့်ခွန် တာဝန်ခံရုံး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန တိုင်းဒေသကြီးရုံး) တွင် ၂၀၁၁ ဇန်နဝါရီ ၁ ရက်မှ စတင်ပေးသွင်းနိုင်ကြောင်း ဖော်ပြထားသည်။
၂၀၁၁ မတ် ၃၁ ရက်ထက် နောက်ကျပြီး ပေးသွင်းပါက ရက်လွန်ကြေး ကျပ် ၂၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ ဘီးလှိမ့်ခွန်ဆောင်ရန်အတွက် ယာဉ်အမျိုးအစား ခြောက်မျိုး ခွဲခြားရာ ယာဉ်အမျိုးအစားအလိုက် ဘီးလှိမ့်ခွန်ကောက်ခံမှု ကွဲပြားသော်လည်း ယာဉ်အားလုံးအတွက် ကတ်ပြားဖိုး ကျပ် ၁၀၀ ကောက်ခံမည်ဖြစ်သည်။ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ဘီးလှိမ့်ခွန် ၉၀၀ ကျပ်၊ ဂျစ်ဆလွန်း၊ သုံးဘီး၊ ဗင်၊ မာဇဒါဂျစ်၊ B- ၃၆၀၊ B- ၆၀၀၊ ထော်လာဂျီ၊ လင့်ရိုဗာ၊ စတင်ရှင် ဝက်ဂွန်များအတွက် ကျပ် ၁၉၀၀၊ ဆန်နီပစ်ကပ်၊ ဗင်နတီဒီ ၁၂၀၀ အထိ၊ ပရက်စတို တစ်စီး ကျပ် ၂၄၀၀၊ ဟိုင်းလတ် ဟိုင်းအေ့စ်၊ တောင်းအေ့စ်၊ လိုက်အေ့စ် ဒီ ၁၂၀၀ အထက် တစ်စီး ကျပ် ၂၉၀၀၊ ဒိုင်နာ၊ လိုက်ထရပ်၊ တိုယိုအေ့စ် ၂ တန် ယာဉ်တစ်စီး ၃၄၀၀ ကျပ်၊ ၃ တန်နှင့် ၃ တန်နှင့်အထက် တစ်စီး ကျပ် ၄၉၀၀ ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

စိတ် ကို ပြင် ရ မှာ နော်
အရာရာတိုင်းဟာ စိတ်နဲ့သွားနေတာ ချည်းပဲ။ အတွင်းစိတ်ခံစားမှုအရ စိတ်ရဲ အလိုအရ ဆန္ဒဆိုတာ ဖြစ်လာရတာပါ။ ဆန္ဒရဲ့နောက်က မျှော်လင့်ချက်တွေ ရှင်သန်လာမယ်။ အဲဒီမျှော်လင့်ချက်ကို အောင်မြင်စေဖို့ ခွန်အားစိုက်ထုတ် လုပ်ကိုင်ကြမယ်။ ဒါဟာ လူသားတွေ နေ့စဉ်သွားလာလှုပ်ရှား၊ လုပ်ကိုင်ဆောင်ရွက် နေကြတဲ့ 'အလုပ်နဲ့တာဝန်' ရဲ့ ဖြစ်တည်မှုပေါ့။ စိတ်ဆန္ဒရဲ့ ညွှန်လေရာအတိုင်း လုပ်ကိုင်နေကြရတာလေ။ ဒီကနေ့ခေတ်ရဲ့ တောင်းဆိုမှုအရ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ အသိဥာဏ်ရှိတဲ့ လူသားတွေဟာ အလုပ်လုပ်ကိုင်ကြရပါတယ်။
အသက်မွေးဝမ်းကျောင်းမှု ပြုကြရပါတယ်။ အလုပ်တစ်ခုကို သေချာစွာ စနစ်တကျ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အသက်အရွယ်မှာ အလုပ်တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့ အလုပ်တွေကို လုပ်ကြရတယ်။ လုပ်နိုင်စွမ်းရည်၊ ဥာဏ်ပညာ အဆင့်ဆင့်အရ လုပ်ငန်းခွင် တစ်ခုခုမှာ တာဝန်ထမ်းဆောင် ကြရပါတယ်။ ကိုယ်ပိုင်လုပ်ငန်း ဖြစ်ချင်ဖြစ်မယ်။ ဝန်ထမ်းအနေနဲ့ ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ကိုတော့ ဝင်ကြရတာပါဘဲ။ လုပ်ငန်းခွင်ထဲက လူတစ်ယောက်၊ ဝန်ထမ်းတစ်ဦးရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ သူ့ဘဝအတွက် အရေးပါတဲ့ နေရာမှာ ရှိလာခဲ့ပါပြီ။ ကျောင်းသားတစ်ယောက်လို၊ မိဘအလိုလိုက်တဲ့ သားသမီးတစ်ယောက်လိုမျိုး စိတ်ထားလို့ မရနိုင်တော့ဘူး။
ကိုယ့်စိတ်တခုတည်း။ ကိုယ့်သဘောတစ်ခုတည်းနဲ့ မဖြစ်တော့ဘူး။ လုပ်ငန်းခွင်အတွင်းမှာ ပေါင်းသင်းဆက်ဆံရတာက ပုံစံတစ်မျိုးဖြစ်သွားပြီ။ နယ်ပယ်တစ်ခုမှာ ကျင်လည်ရတော့မှာပါ။ စိတ်ဓာတ်နဲ့ ပုံစံကလည်း အသစ်ဖြစ်နေရပါမယ်။ ကိုယ်တိုင်ကျင်လည်ရမယ်။ လုပ်ငန်းခွင်ထဲမှာ အဆင်ပြေအောင် နေထိုင်ပေါင်းသင်း ဆက်ဆံဖို့က အရေးကြီးပါတယ်။ စကားပြောဆိုရာမှာပဲ ဖြစ်ဖြစ်ပေါ့။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပေါင်းသင်းရတော့မယ်။ ဝန်ထမ်းချင်း ဆက်ဆံရတော့မယ်။ ရာထူးတာဝန် အနိမ့်အမြင့်၊ အဆင့်အလိုက် ပြောဆိုဆက်ဆံ လုပ်ကိုင်ကြရတော့မှာပါ။ လုပ်ငန်းခွင်ထဲမှာလည်း ကိုယ်တိုင်ရော၊ အခြားသူတွေပါ ကျေနပ်ပျော်ရွင်အောင် ဆောင်ရွက်သင့်ပါတယ်။
တစ်နေ့တာရဲ့ အလုပ်ချိန်ထဲမှာ ကျေနပ်ပျော်ရွှင်ဖို့လည်း လိုအပ်တာပါပဲ။ အလုပ်တစ်ခုခု လုပ်ပြီဆိုရင် ဦးနှောက်ကြည်လင် နေပါမှ Result ကောင်းမှာဖြစ်ပါတယ်။ စဉ်းစားတွေးတောပြီးမှ လုပ်ကိုင်ရမယ့်နည်းလမ်းကို ရှာဖွေမယ်။ စနစ်တကျနဲ့ အကောင်အထည်ဖော်မယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် လိုအပ်ချက်တွေကို ကြိုတင်ရှာဖွေရမယ်။ အဲ့ဒါမှ အကောင်းဆုံးရလဒ်ကို ရနိုင်မှာဖြစ်တယ်။ အဲဒီလို စဉ်းစားဥဏ် ရှင်သန်ပွင့်လင်းနေဖို့အတွက် သင့်ရဲ့ဦးနှောက်နဲ့ တွေးခေါ်မှုဟာ ကြည်လင်နေသင့်တယ်။ စိတ်ပျော်ရွှင်နေမှ ဥဏ်ပွင့်လင်းနိုင်မှာပါ။ ကိုယ့်ရဲ့စိတ်ကလေးကို အတက်နိုင်ဆုံးသန့်အောင်၊ ကြည်နေအောင် ထားလိုက်ပါ။ အခြေခံစိတ်ကလေး ကြည်လင်နေရင် သင့်ရဲ့မျက်နှာ အမူအရာကလည်း အလိုလို လန်းဆန်းတက်ကြွ နေလိမ့်မယ်။ စကားပြောဆိုရတာ လူတွေနဲ့ အလုပ်အတူတူ တွဲလုပ်ရာမှာ အဆင်ပြေနေပါလိမ့်မယ်။ ကိုယ်တစ်ယောက်ရဲ့ ကြည်လင်တဲ့ စိတ်အခံက အားလုံးကို ကူးစက်သွားမှာလေ။ လုပ်ငန်းခွင်ထဲက အလုပ်လုပ်သူတွေ အချင်းချင်း အမြင်ကြည၊် စိတ်ကြည်နေရင် အလုပ်ပြီးပါတယ်။ စိတ်ချမ်းသာပါတယ်။ လုပ်ငန်းခွင်ဟာ ပျော်စရာဖြစ်နေပါလိမ့်မယ်။
စကားပြောဆိုတဲ့ အခါမှာလည်း လုပ်ငန်းခွင်ထဲမှာ အဆင်ပြေနေဖို့လိုတယ်။ ဝန်ထမ်းချင်းပြောဆိုရာမှာ ဖြစ်ဖြစ်၊ အထက်အောက် ရာထူးအဆင့်လိုက် ပြောဆိုရာမှာဖြစ်ဖြစ်၊ ကောင်းသောစကားနဲ့ ကောင်းသောအမြင်နဲ့ ကောင်းသောဆက်ဆံ ပြောဆိုမှုတွေပဲ ဖြစ်နေသင့်တယ်။ အများနဲ့ပတ်သတ် ဆက်ဆံရတာမို့လို့ ကိုယ့်စိတ်ကိုယ့်သဘောကိုပဲ ဦးစားပေးလို့မဖြစ်ဘူး။ လုပ်ငန်းခွင်မှာ ပူးပေါင်းလုပ်ဆောင်ရတာတွေရှိမယ်။ အငြင်းပွားဖွယ်ရာတွေကို တက်နိုင်သမျှရှောင်။ စိတ်နဲ့မတွေ့တိုင်း အော်ဟစ်ငြင်းခုံတာမျိုး မလုပ်မိပါစေနဲ့။ အကျိုးမယ့် စကားကိုပဲ ပြောဆိုရမယ်။ ရလဒ်ကောင်းကိုလိုချင်ရင် လမ်းခုလတ်မှာ အကျိုးမဲ့ ငြင်းခုံမနေပါနဲ့တဲ့။ အဓိက အချက်ကတော့ စိတ်ကလေးထားတက်ဖို့ပါပဲ။
လုပ်ငန်းခွင်ထဲမှာ အခြေခံစိတ်ကလေးကို ကြည်အောင်ထား။ အကောင်းမြင်တဲ့စိတ်နဲ့ကြည့်။ အကျိုးရှိတဲ့စကားကိုပဲ ပြောဆို။ အားလုံးအတွက် အဆင်ပြေဖို့ သင်ကိုယ်တိုင်ရဲ့ စိတ်အခြေခံကို ကြည်လင်နေဖို့ လိုတယ်။ ဖြစ်သင့်တယ်ထင်ရင် ကိုယ့်စိတ်ကိုကိုယ် အရင်ပြင်ရပါမယ်။ စိတ်ရဲ့ အလိုအရ အလုပ်လုပ်ကြသူတွေပဲလေ။ သင့်ရဲ့ကြည်စင်တဲ့ စိတ်ကလေးကြောင့် လုပ်ငန်းအောင်မြင်ရင် အားလုံးနဲ့အတူ သင်ကိုယ်တိုင်လည်း ပျော်သွားနိုင်တာကြောင့်ပါ။
ရေးသားသူ- ကိုချိုလွင်
သူငယ်ချင်းတယောက်မေးလ်ထဲသို့ ပေးပို့ လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်.။

နှစ်သစ်ကူးပွဲတော်သမိုင်းအကျဉ်း
ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး ပွဲတော်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော နှစ်သစ်(New Year) ပွဲတော်၏ သမိုင်းသည် နှစ်ပေါင်းများစွာ၊ ပြောင်းလဲမှုများစွာဖြင့် ရွေ့လျားရပ်တည်လာခဲ့သည်မှာ ယနေ့ကမ္ဘာအနှံ့အပြားလက်ခံကျင်းပနေကြသော နှစ်သစ်ကူးပွဲတော် ပုံစံအဖြစ်၊ ဖွံ့ဖြိုးတိုးတက်နေသော လူမှုအဖွဲ့အစည်း၏ ပြယုက်အဖြစ်တည်ရှိနေပြီဖြစ်သည်။ မျက်မှောက်ခေတ်တွင် နှစ်စဉ်ဇန်န၀ါရီလ၏ ပထမရက်ကိုနှစ်သစ်ကူးရက်စွဲအဖြစ်သတ်မှတ်ထားကြပြီး ကမ္ဘာအ၀ှမ်းရှိ နိုင်ငံအသီးသီးတွင် ၄င်းတို့၏ ယဉ်ကျေးမှုများဖြင့် ပြန်လည်ထုံမွှမ်းကာ ရိုးရာဓလေ့သဖွယ် သတ်မှတ်ကျင်းပလျက်ရှိကြသည်။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကို တစေ့တစောင်းကြည့်ရှုခြင်းဖြင့် နှစ်သစ်(New Year) ဖြစ်ပေါ်လာပုံအကျဉ်းကို ဖော်ပြလိုပါသည်။
နှစ်သစ်ကူး၏ အဓိက အစိတ်အပိုင်းများကို ဘီစီ ၂၀၀၀ ၀န်းကျင် မက်ဆိုပိုတေးမီးယန်းယဉ်ကျေးမှုတွင် တွေ့နိုင်သည်။ ထိုစဉ်က နှစ်သစ်ကူးကို vernal equinox အချိန် (နွေဦးရာသီများတွင်ဖြစ်လေ့ရှိပြီး နေက အီကွေတာကိုဖြတ်သန်းသွားချိန်) မတ်လပိုင်းတွင်ကျင်းပခဲ့ကြသည်။ ရောမလူမျိုးတို့၏ ပြက္ခဒိန် (၄င်းတို့၏ ပြက္ခဒိန်သည် မတ်လမှစကာ စုစုပေါင်း ၁၀လသာ ပါသေးသည်)တွင်မူ မတ်လ(၄င်းတို့၏ ပထမလ)ကို နှစ်သစ်ကူးရက်စွဲအဖြစ်သတ်မှတ်ခဲ့ကြသည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရောမပြက္ခဒိန်သည်လည်း ရွေ့လျောပြောင်းလဲလာခဲ့ရာ ဘီစီ ၁၅၃၊ ဒုတိယမြောက်ရောမဘုရင် နျူမာပွန်တီးလီးယပ်စ် လက်ထက်တွင် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလများကို ထပ်ဆောင်းထည့်သွင်းလာခဲ့သည်။ ၄င်းနောက်ပိုင်းတွင်မူ နှစ်သစ်ကူးပွဲတော်နေ့အား ဇန်န၀ါရီတစ်ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တော့သည်။ ယခင်သတ်မှတ်ခဲ့ပြီးသော မတ်လတစ်ရက်နေ့ကိုလည်း နှစ်ပေါင်းအတော်ကြာအထိ လက်ခံကျင်းပနေခဲ့ကြသေးသည်။
ဤတွင်လည်း နှစ်သစ်ကူးရာဇ၀င် သည်မပြီးသေး။ ဂျူလီယက်ဆီဇာလက်ထက် နေကိုအခြေခံသော ဂျူလီယန်ပြက္ခဒိန်ကဲ့သို့ မြောက်မြားစွာသော ပြက္ခဒိန်ပေါင်းများစွာတို့ ထွက်ရှိလာသေးရာ ပုံစံအမျိုးမျိုး ယူဆချက်အမျိုးမျိုးဖြင့် နှစ်သစ်ကူးနေ့ရက်များကို သတ်မှတ်ခဲ့ကြသေးသည်။ ခရစ်ယာန်ဘာသာဝင်တို့ကလည်း ၄င်းတို့၏ ခရစ်စမတ်၊ အီစတာကဲ့သို့သော ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များကို နှစ်သစ်ကူးနေ့အဖြစ်ယူဆခဲ့ကြသေးသည်။ သတ္တမမြောက်ပုတ်ရဟန်းမင်းကြီး ဂရီဂိုရီလက်ထက် ဂရီဂိုရီယန်ပြက္ခဒိန်ပေါ်ပေါက်လာပြီးချိန်မှ နှစ်သစ်ကူးနေ့ရက်သည် ဇန်န၀ါရီ ၁ ရက်နေ့ဟု အတည်တကျသတ်မှတ်လိုက်သည်။ ထို့နောက် ကက်သိုလစ်ဘာသာနှင့် ပရိုတက်စ်တင့် ဘာသာဝင်များစတင် လက်ခံအတည်ပြုလာကြကာ ယနေ့တကမ္ဘာလုံး ကျင်းပနေကြသော နှစ်သစ်ကူးပွဲတော် အခါသမယအဖြစ် ကိန်းဝပ်တည်ရှိနေရာ ယခု ခရစ်သက္ကရာဇ် ၂၀၁၁ တိုင်ရှိပြီဖြစ်တော့သည်။

ရေးသားသူ - Rachel Tin
Subscribe to:
Posts (Atom)