10 April 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်ရန် ပြင်ဆင်နေပြီ

လွှတ်တော်တွင် အလုပ်ကြိုးစားသော ကိုယ်စားလှယ်များကြောင့် အားတက်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား ...


ရန်ကုန်၊ ဧပြီ - ၈ကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် အလုပ်ကြိုးစားသော လွှတ်တော်ကိုယ်စားလှယ်များကြောင့် အားတက်မိကြောင်းဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

“အန်တီ့အမြင်မှာတော့ တကယ့်ဒီမိုကရေစီ ၁၀၀ ရာခိုင်နှုန်းရတဲ့ နိုင်ငံတွေက လွှတ်တော် တွေအတိုင်းတော့ မဟုတ် သေးပေမယ့်လည်း အဲဒီ့ထဲမှာကြိုးစားနေတဲ့ ကိုယ်စားလှယ်တွေကို တွေ့ရလို့ အန်တီတို့အားတက်မိတယ်”ဟု နေအိမ် တွင် ပြုလုပ်သော ဧပြီလ ၈ ရက်သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်နည်းဥပဒေနှင့် လွှတ်တော်လုပ်ထုံးလုပ်နည်းများ ဆွေးနွေးရန် ဧပြီလ ၁၉ နှင့် ၂၀ ရက်များတွင် အစည်းအဝေးခေါ်ထားကြောင်း NLD ပါတီမှ ဦးဉာဏ်ဝင်းကပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလေ့လာပြီးမှ ဒီအစည်းအဝေးကို လာတက်ပါလို့လည်း မှာလိုက်တယ်”ဟု မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က ပြောသည်။ လွှတ်တော်ထဲ ရောက်ရှိပါက မည်သည့်အကြောင်းအရာအား အရင်ဆုံးဆွေးနွေးမည်နည်းဟု သတင်းထောက်တစ်ဦးက မေး မြန်းရာ “ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ အစည်းအဝေးခေါ်ထားတယ်။ ခေါ်တဲ့အခါမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်ရောက်ချင်း ဘယ်လိုကိစ္စတွေကို ကျွန်မတို့ စပြီးကိုင်တွယ်မလဲဆိုတာကို အများနဲ့ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလများ၌ ပါတီ၏ အဓိကဆောင်ရွက်မည့် အချက်သုံးချက်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးတို့ဖြစ်သည်။ ဧပြီ ၁ ရက်တွင် အနိုင်ရရှိခဲ့သော NLD ပါတီမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်များအား အမြန်ဆုံးရှင်းလင်းရန်မှာကြားထားပြီး ၂၃ ရက်တွင် ပြန်လည်စတင်မည့်လွှတ်တော်တွင် တက် ရောက်နိုင်ရန် မျှော်လင့်နေကြသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိထားခဲ့သည်။

သတင်း.... 7Day News Journal