02 April 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက်ရယူနိုင်ပါပြီ.. လားရှိုးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက်ရေတွက်လျှက်ရှိကြောင်း သိရှိရ

(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက် ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

အန်ကယ်တို့ ၄၃နေရာမှာ အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး အမျိုးသားလွှတ်တော် တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ ကျားဖြူပါတီနဲ့  အပြိုင်ရေတွက်နေပြီး အန်ကယ်တို့ NLDက မဲအသာရရှိနေပါတယ်...။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့ ရောက်ရှိလာပါမယ်..။ အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။ (ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။

ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း ၆နေရာစလုံးမှာ အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန် စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ နယ်မြေ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့်  မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို- ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ