06 April 2012

ခေတ်သစ်တစ်ခုစတင်ရန် ဒေါ်အောင်ဆန်းစုကြည်မျှော်လင့်


(BBC သတင်းဌာနမှ 2 April 2012 ရက်စွဲပါ Burma poll: Aung San Suu Kyi hopes for 'new era' ကို ဘာသာ ပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ခေတ်သစ်တစ်ခု စတင်မှုပြုသည့် အမှတ်အသားပင် ဖြစ်ကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် "ပြည်သူလူထု၏ အောင်ပွဲ"ဖြစ်ကြောင်း ၎င်းကပြောဆိုပြီး အခြားသောပါတီ အဖွဲ့အစည်းများနှင့် ပြန်လည် သင့်မြတ်ရေးသည် မိမိတို့၏ ပန်းတိုင်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ NLD ၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် အသာတကြည်ပင် အနိုင်ရရှိခဲ့ကြောင်း၊ အခြားသော မဲဆန္ဒနယ် များတွင်လည်း NLD ပင် နေရာအများဆုံးရရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ "ယခုအောင်ပွဲဟာ ကျွန်မတို့ရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါ" ဟု NLD ရုံးတွင်လာရောက်စုရုံးကြသော ထောက်ခံအားပေးသူများအား ပြောကြားသည်။ "ဒါဟာ ခေတ်သစ်တစ်ခုအစပဲလို့ ကျွန်မတို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းနိုင်ရေးအတွက် အခြားသောပါတီတွေအနေနဲ့ ကျွန်မတို့နဲ့အတူ လက်တွဲလုပ်သွားမယ့် အနေအထားမှာ ရှိတယ်လို့လည်း ထင်ပါတယ်"

ဧပြီလ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အရေးကြီးသော စမ်းသပ်ချက်တစ်ခုအဖြစ် အများက ရှုမြင်ကြသည်။ သို့သော် စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များက အမတ်နေရာ ၆၆၄ နေရာရှိသည့် လွှတ်တော်ကို သြဇာလွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အစိုးရ ကက်ဘိနက်ဝန်ကြီးများ ခန့်အပ်ခံရသူ လွှတ်တော်ကိုယ်စားလှယ်များ၏ လစ်လပ်နေရာ များအတွက် ယခုကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။

ယခုတစ်ကြိမ်သည် NLD ပါတီအတွက် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ NLD သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပစဉ်ကာလက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှုမရှိဟု ဆိုကာသပိတ်မှောက်ခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုရွေးကောက်ပွဲတွင် သူမဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ကိုယ်တိုင် အနိုင်ရရှိခဲ့ရုံ သာမက လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိအောင်လည်း ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သတင်းထောက်များက ဆိုသည်။ ဧပြီလ ၂ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများ စာရင်းအား ထုတ်ပြန်ကြေညာမှုမပြုမီ NLD ပါတီက ၎င်းတို့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါး အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်းပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ NLD ပါတီအနိုင်ရရှိသည့်တိုင် ပါလီမန်လွှတ်တော်တွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာအများစုကို ထိန်းချုပ်ထားမြဲပင် ဖြစ်လိမ့်မည်။ နှစ်ပေါင်း ၁၅ နှစ်ကျော်တာကာလမျှ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ယခုကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိကြောင်း" ပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ် စည်းရုံးမှု ပြုလုပ်စဉ် ကာလအတွင်း နိုင်ငံခြား သတင်းထောက်များနှင့် လေ့လာစောင့်ကြည့်သူများအနေဖြင့် ကောင်းစွာ ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂ(အီးယူ)ကမူ အကယ်၍ ရွေးကောက်ပွဲဖြစ်စဉ်သာ အဆင်ချောမွေ့စွာပြီးဆုံးသွားမည်ဆိုပါက ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှား ပေးနိုင်ကြောင်း အရိပ်အမြွက်ပေးပြောဆိုသည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် ဥပဒေရေးဆွဲခဲ့ကြသော အမေရိကန် လွှတ်တော်အမတ် များကမူ သတိကြီးစွာဖြင့် အကောင်းမြင်လျက် ရှိသည်။