06 April 2012

"မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဖြစ်မြောက်ရေး အစည်းအဝေးကျင်းပ"


မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အားဖျက်သိမ်း၍ ပြန်လည်ဖွဲ့စည်းရန်စီစဉ်နေသည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဖြစ်မြောက်ရေးအတွက် အစည်အဝေးကို ဧပြီလ(၅)ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် အဆိုပါ အသင်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာဖိုးသောကြာ(ခေတ်/မိုး)၊ နာယက ဆရာမာင်ဝံသ ၊ ဆရာ ဦးကိုကိုလှိုင် တို့က အသင်းပေါ်ပေါက်ရေးနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြပြီး အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)က ဖွဲ့စည်းပုံမူကြမ်းပါ အချက်အလက်အချို့ကိုတင်ပြဆွေးနွေးရာ တက်ရောက်လာသူများမှဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ထို့နောက်ဖြစ်မြောက်ရေးကော်မတီဝင်အသစ်များထပ်မံဖြည့်စွက်ခြင်း၊ စည်းရုံးရေးအဖွဲ့၊ ပြန်ကြားရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရေးအဖွဲ့ များဖွဲ့ စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေး အစည်းအဝေးကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် အဆိုပါ နေရာ တွင်ပင် ထပ်မံကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ပါဝင်ဆွေးနွေးနိုင်ကြကြောင်း သိရသည်။

သတင်း....... Popular Myanmar News Journal