20 March 2012

The Voice ဂျာနယ်ပါ သတင်း​နဲ့​ ဆက်စပ်ပြီး​ ပြန်-ဆက် ညွှန်ချုပ် ဦး​ရဲထွဋ်နဲ့​ ဆက်သွယ်​မေး​မြန်း​ချက်

မတ် ၁၂ ရက်နဲ့​ ၁၈ ရက်စွဲ ထုတ်​ဝေခဲ့​တဲ့​ The Voice ဂျာနယ် အတွဲ ၈ မှာပါတဲ့​ ဝန်ကြီး​ဌာနတချို့​ရဲ့​ ကျပ်သိန်း​ထောင်ချီ အလွဲသုံး​စား​လုပ်မှုများ​ စစ်​ဆေး​တွေ့​ရှိတယ်ဆိုတဲ့​ ပတ်သက်ပြီး​တော့​ သတ္ထုတွင်း​ ဝန်ကြီး​ဌာနက တုံ့​ပြန်ချက်ကို မြန်မာ့​အလင်း​ သတင်း​စာမှာ ​ဖော်ပြခဲ့​တာ ​တွေ့​ရပါတယ်။

ဒီ မြန်မာ့​အလင်း​ သတင်း​စာမှာ ​ဖော်ပြခဲ့​တဲ့​ ​ကြေညာချက်က သတ္ထုတွင်း​ ဝန်ကြီး​ဌာနရဲ့​ ​ကြေညာချက်ဖြစ်​ပေမဲ့​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနက တဆင့်​ သတင်း​ကြေညာချက် ထုတ်ပြန်ခဲ့​တာ ဖြစ်တဲ့​ အတွက် ဒီ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနရဲ့​ ညွှန်ချုပ် ဦး​ရဲထွဋ်ကို ဆက်သွယ်ပြီး​တော့​ ဒီသတင်း​ အ​ပေါ်မှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​အမြင်ကို သုံး​သပ်​ဆွေး​နွေး​ ​မေး​မြန်း​ထား​ပါတယ်။

ဦး​ရဲထွဋ်ခင်ဗျား​။ ​လော​လောဆယ်မှာ ​ငွေကွာတဲ့​ ဖြစ်စဉ်ထဲမှာ ဝန်ကြီး​ဌာန ၆ ခု လို့​ ကျ​နော်တို့​ သိရပါတယ်။ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနဘက်က​ရော ဒီ ​ငွေကွာတယ် ဆိုတဲ့​သတင်း​ ထွက်​ပေါ်​နေတာနဲ့​ ပတ်သက်ပြီး​တော့​ ဆရာတို့​ဘက်က ဘယ်လို သုံး​သပ်ချက် ရှိလဲ။

“ဒီဖြစ်စဉ်နဲ့​ ပတ်သက်လို့​ ကျ​နော် နည်း​နည်း​လေး​ ရှင်း​ပြချင်ပါတယ်။ The Voice မှာ ပါတဲ့​ ဖြစ်စဉ်က မြန်မာ့​အလင်း​ သတင်း​စာတိုက်မှာ ကျ​နော်တို့​ ​ငွေ​ကြေး​နဲ့​ အုပ်ချုပ်မှု ကိစ္စ အား​လုံး​ကို တာဝန်ယူတဲ့​ မန်​နေဂျာ ဦး​ထွန်း​ထွန်း​လတ်၊​ ​နောက် သတင်း​စာဖြန့်​ချိ​ရေး​တာဝန်ယူရတဲ့​ လက်​ထောက်မန်​နေဂျာ ဦး​ကျော်မင်း​ဦး​၊​ ​နောက် ​ငွေစာရင်း​ တာဝန်ယူရတဲ့​ လက်​ထောက်မန်​နေဂျာ ဦး​ဝင်း​မြင့်​တို့​ ၃ ​ယောက် ​ပေါင်း​ပြီး​တော့​မှ နိုင်ငံ​တော်ကို သွင်း​ရမယ့်​ သတင်း​စာဖိုး​ကို မသွင်း​ဘဲနဲ့​ သူတို့​ အလွဲသုံး​စား​ လုပ်ခဲ့​တဲ့​ အမှု ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​ ဝန်ကြီး​ဌာနမှာ​တော့​ ဒီလုပ်ငန်း​အား​လုံး​ဟာ ​ငွေ​ကြေး​သုံး​စွဲတဲ့​အခါမှာ လိုက်နာရမယ့်​ စည်း​မျဉ်း​တွေကို တိတိကျကျ သတ်မှတ်ထား​ပါတယ်။ သို့​သော် ဒီမှာ တာဝန်ယူရတဲ့​ သူ​တွေက ကိုယ်တိုင်က ဒါကို အလွဲသုံး​စား​ လုပ်တဲ့​အခါမှာ နှစ်ပတ်လည် စာရင်း​စစ်တဲ့​ အခါကျ​တော့​ ဒီ​ငွေသွင်း​တဲ့​အခါမှာ ကွဲလွဲမှု​တွေ ရှိ​နေ​ကြောင်း​ ကျ​နော်တို့​ စပြီး​တော့​ ​တွေ့​ပါတယ်။ ​ယေဘုယျ တိတိကျကျ ​ပြောရရင်​တော့​ မနှစ်က နှစ်လည်​လောက်မှာ​ပေါ့​။ ဒါကို သိတဲ့​အချိန်မှာ ဝန်ကြီး​က ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ တ​ယောက် ဦး​စီး​တဲ့​ စုံစမ်း​ရေး​အဖွဲ့​ကို ဖွဲ့​ပြီး​တော့​ ခိုင်း​ပါတယ်။ စစ်တဲ့​အခါမှာ အလွဲသုံး​စား​ လုပ်​ကြောင်း​ ​ပေါ်လွင်တဲ့​ အတွက်​ကြောင့်​ မို့​လို့​ တာဝန်ရှိတဲ့​ ဝန်ထမ်း​တွေ အား​လုံး​ကို ဥပ​ဒေအရ တရား​စွဲပြီး​ပါပြီ။ ​နောက်ထပ် ဒီလို ဖြစ်စဉ်မျိုး​ မဖြစ်​အောင် အဆင့်​ဆင့်​ ကြပ်မတ်တဲ့​ နည်း​လမ်း​တွေကိုလည်း​ ထပ်ပြီး​တော့​ သတ်မှတ်ပြီး​ လိုက်နာ ​ဆောင်ရွက်​နေပါတယ်။ ဒါက​တော့​ ပြန်ကြား​ရေး​ဌာနရဲ့​ ဖြစ်စဉ်ပါပဲ။”

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ ​ငွေကွာတဲ့​ အ​ပေါ်မှာ အ​ရေး​ယူ ​ဆောင်ရွက်တဲ့​ ကိစ္စ​ပေါ့​။ ဒါ​ပေမဲ့​ မ​နေ့​က သတင်း​စာမှာ ​တွေ့​ရတဲ့​ သတင်း​ အ​ရေး​အသား​နဲ့​ ကျ​တော့​ ဆရာတို့​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာချက် ထုတ်ပြန်ရတဲ့​ သ​ဘောလား​။

“ကျ​နော်တို့​ သတင်း​စာမှာပါတဲ့​ သတင်း​က​တော့​ သတ္ထုတွင်း​ ဝန်ကြီး​ဌာနရဲ့​ လုပ်​ဆောင်ချက်ကိုပဲ သတင်း​အဖြစ် ကျ​နော်တို့​ ​ဖော်ပြတာပါ။ ဒီ​နေရာမှာ ကျ​နော်တခု ရှင်း​ပြချင်တာက The Voice က ဒီသတင်း​ကို ​ရေး​တဲ့​အခါမှာ သတင်း​ခေါင်း​စဉ်ကို ကြည့်​လိုက်မယ်ဆိုရင် ဝန်ကြီး​ဌာနအချို့​၏ ​ငွေသိန်း​ထောင်ချီ အလွဲသုံး​စား​ လုပ်မှုမှာ စစ်​ဆေး​တွေ့​ရှိမှုများ​ လို့​ ​ခေါင်း​စဉ် တပ်ခဲ့​တယ်။ ကျ​နော်တို့​ ဝန်ကြီး​ဌာနနဲ့​ ပတ်သက်ရင်လည်း​ ဂျာနယ်ထဲမှာ သတင်း​ထောက်က ဘယ်လို ​ရေး​လဲဆို​တော့​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာန၏ ​ငွေအလွဲသုံး​စား​ ပြုမှုများ​ လို့​ ​ရေး​ထား​တယ်။ စာဖတ် ပရိသတ်တ​ယောက်က အဲဒါကို ကြည့်​လိုက်မယ်ဆိုရင် ခုနက ကျ​နော်​ပြောခဲ့​တဲ့​ ဝန်ထမ်း​ ၃ ​ယောက် ကျူး​လွန်ခဲ့​တဲ့​ ပြစ်မှုကို ဝန်ကြီး​ဌာနက လူကြီး​တွေ ကိုယ်တိုင်က ကျူး​လွန်တယ် ဆိုတဲ့​ နား​လည်မှု လွဲမှား​သွား​နိုင်တာကို ​တွေ့​ရတယ်။ စာနယ်ဇင်း​ ကျင့်​ဝတ်အရ ဆိုရင်​တော့​ အဲဒါ သတင်း​ထောက်နဲ့​ အယ်ဒီတာက စာဖတ်သူကို လွဲမှား​တဲ့​ သ​ဘောမျိုး​(misleading) လုပ်တဲ့​ သ​ဘောမျိုး​ ​ရောက်​နေတယ် လို့​ ကျ​နော်တို့​ မြင်တယ်။”

စကား​လုံး​ အသုံး​အနှုန်း​မှာက​တော့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန၏ ​ငွေအလွဲသုံး​စား​လုပ်မှုလို့​ ​ရေး​ထား​တဲ့​အ​ပေါ် ဆရာတို့​က ဒါကို ​ဝေဖန်တာ​ပေါ့​။ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနမှာ ပြဿနာဖြစ်​နေတဲ့​ ဝန်ထမ်း​တွေ​ကြောင့်​လို့​ မ​ရေး​ထား​တဲ့​အတွက်လို့​ ဆရာက ဆိုလိုချင်တာလား​။ အဲဒီလို ​ဝေဖန်ချင်တာလား​။

“မှန်ပါတယ်။ တကယ်​တော့​ ဂျာနယ်တိုက်အ​နေနဲ့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနမှ ဝန်ထမ်း​အချို့​ ​ငွေအလွဲသုံး​စား​ ပြုလုပ်မှုများ​ ​တွေ့​ရှိလို့​ ဆိုရင် တမျိုး​ပေါ့​။ ဒါဆိုရင် ကျ​နော်တို့​က ဘယ် ဝန်ထမ်း​ဆိုတာ ဖတ်တဲ့​သူက နား​လည်တာ​ပေါ့​။ ဒါ​ပေမဲ့​ သူတို့​ ​ခေါင်း​စဉ် တပ်လိုက်တာကိုက ဌာနအချို့​၊​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာန၏ လို့​ ဆို​တော့​ ဝန်ကြီး​ဌာနကြီး​ တခုလုံး​ကိုက ဒီကိစ္စကြီး​မှာ ပါဝင် ပတ်သက်​နေပြီး​ လုပ်တဲ့​ ပုံစံမျိုး​ဆို​တော့​ ဒါက သိပ်ပြီး​ ကျင့်​ဝတ်နဲ့​ မညီဘူး​လို့​ ယူဆပါတယ်။”

မ​နေ့​က သတင်း​စာရဲ့​ ​ကြေညာချက်မှာ ​တွေ့​တာ​ပေါ့​။ သတင်း​စာ​ကြေညာချက်မှာ သတ္ထုတွင်း​ ဝန်ကြီး​ဌာနက​နေပြီး​တော့​ ဥပ​ဒေ​ကြောင်း​အရ ​ဆောင်ရွက်မယ်လို့​ ​ရေး​ထား​တာ ​တွေ့​ရပါတယ်။ သတ္ထုတွင်း​ဌာန ဝန်ကြီး​က ဆိုလိုသည် ဒါမှမဟုတ် တာဝန်ရှိသူတ​ယောက်က ​ပြောကြား​သည်လို့​ ကျ​နော်တို့​ မ​တွေ့​ရပါဘူး​။ ဒါက သတ္ထုတွင်း​ ဝန်ကြီး​ဌာနရဲ့​ ​ကြေညာချက်ကိုပဲ ​ဖော်ပြတာလား​။ ဘယ်လို ယူဆရမလဲ။

“သတ္ထုတွင်း​ ဝန်ကြီး​ဌာနက​တော့​ The Voice သတင်း​မှာ ပါတဲ့​ အချက်​တွေက မှား​ယွင်း​တဲ့​ အတွက်​ကြောင့်​မို့​ ဌာန ဂုဏ်သိက္ခာကို ထိခိုက်တယ်။ ပြည်သူ​တွေရဲ့​ ယုံကြည်မှု ​လျော့​စေတဲ့​အတွက် ဥပ​ဒေ​ကြောင်း​အရ အ​ရေး​ယူ ​ဆောင်ရွက်ဖို့​ ရှိပါတယ် ဆိုတဲ့​ သတင်း​ထုတ်ပြန်ချက်လို အ​ကြောင်း​ကြား​စာ မျိုး​ ပြန်ကြား​ရေး​ဌာနကို ပို့​ပါတယ်။ ပို့​တဲ့​ အတွက်​ကြောင့်​မို့​လို့​ ဒီအ​ကြောင်း​ကြား​စာ ထဲက​နေပြီး​တော့​မှ နိုင်ငံတကာ သတင်း​စာ​တွေ ကျင့်​ဝတ်လိုမျိုး​ သူတို့​ရဲ့​ သတင်း​ထုတ်ပြန်ချက်ထဲက​နေ ကျ​နော်တို့​က ​ကောက်နှုတ် အသိ​ပေး​သင့်​တဲ့​ ဟာကို ထုတ်ပြီး​တော့​မှ သတင်း​အဖြစ်နဲ့​ ​ရေး​လိုက်တဲ့​ သ​ဘောပါ။”

စာဖတ်သူ​တွေ အမြင်မှာကျ​တော့​ ဒီ သတ္ထုတွင်း​ ဝန်ကြီး​ဌာန က​နေပြီး​တော့​ အဲဒီလို တုံ့​ပြန်တယ် ဆိုတာကို ​တွေ့​တဲ့​အခါကျ​တော့​။ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က သတင်း​တွေ ထွက်​နေတာက စိုက်ပျိုးရေး၊​ ပြန်ကြား​ရေး​၊​ စက်မှု၊​ သတ္ထုတွင်း​ စသည်ဖြင့်​ပေါ့​။ တခြား​ ဝန်ကြီး​ဌာန​တွေက ဘာမှ မ​ပြောဘူး​။ သတ္ထုတွင်း​ ဝန်ကြီး​ဌာန တခုတည်း​ပဲ သတင်း​ထုတ်ပြန်ချက် ထုတ်တယ်ဆိုတဲ့​ အခါကျ​တော့​ စာဖတ်သူ အမြင်မှာ တမျိုး​များ​ ဖြစ်နိုင်မလား​။

“ကျန်တဲ့​ ဝန်ကြီး​ဌာန​တွေ​တော့​ ဘာ​တွေလုပ်​နေလဲ ဆိုတာကို မသိပါဘူး​။ ကျ​နော်တို့​ ဝန်ကြီး​ဌာနမှာ​တော့​ ခုန ​ဖြေလိုက်သလို​ပေါ့​။ သူတို့​ သတင်း​ ​ခေါင်း​စဉ် တပ်တဲ့​ ​နေရာမှာ သတင်း​စာသား​ ​ရေး​တဲ့​အခါမှာ ကျင့်​ဝတ်နဲ့​ သိပ်မညီတဲ့​ ဟာမျိုး​တွေကို သုံး​သပ်ပြီး​တော့​ ဝန်ကြီး​ဆီကို တင်ပြထား​ပါတယ်။ ဝန်ကြီး​က ဘာ ဆုံး​ဖြတ်မယ်ဆိုတာ မသိရ​သေး​ပါဘူး​။ ပြန်ကြား​ရေး​ဌာနကလည်း​ သတင်း​ လွတ်လပ်ခွင့်​ကို တာဝန်ရှိမှုနဲ့​ ပူး​တွဲပြီး​ ကျင့်​သုံး​တာမျိုး​ပဲ လိုချင်ပါတယ်။ သတင်း​ထောက်အ​နေနဲ့​ တဆင့်​ပြော သတင်း​ဆိုရင်လည်း​ ဒါ မှန်၊​ မမှန် ​နောက်ထပ် သတင်း​ရင်း​မြစ်က​နေ အတည်ပြုရပါမယ်။ တကယ်လို့​ မူရင်း​ အစီရင်ခံစာကို ​ရေး​တယ်ဆိုရင်လည်း​ အစီရင်ခံစာရဲ့​ ဆိုလိုချက်နဲ့​ သူ သတင်း​မှာ ​ရေး​တဲ့​ ဟာနဲ့​က အဓိပ္ပာယ် ကွဲလွဲ မသွား​ဖို့​ လိုအပ်ပါတယ်။ တာဝန်ရှိတယ်လို့​ ထင်ပါတယ်။”

ဥပ​ဒေ​ကြောင်း​အရ ​ဆောင်ရွက်သွား​မယ် ဆိုတဲ့​ သ​ဘောကို ပြည်တွင်း​ သတင်း​ မီဒီယာ​လောကမှာ ဒါ တရား​စွဲတာလို့​ပဲ နား​လည်တာပါ။ ဒါ​ပေမဲ့​ ဥပ​ဒေ​ကြောင်း​အရ ​ဆောင်ရွက်မယ် ဆိုတာက တရား​စွဲမယ်လို့​ တိုက်ရိုက် အဓိပ္ပာယ် သက်​ရောက်သလား​ဗျ။

“ကျ​နော်ထင်တယ်။ ဥပ​ဒေအရ လုပ်ထုံး​ လုပ်နည်း​တွေ​တော့​ ရှိမှာ​ပေါ့​။ ကျ​နော်လည်း​ ဥပ​ဒေနဲ့​ ပတ်သက်လို့​ ကျွမ်း​ကျင်သူမဟုတ်​တော့​ ဒီထဲက​နေပြီး​တော့​ ဘာကို​ရွေး​မယ်ဆိုတာက​တော့​ သက်ဆိုင်ရာ ဝန်ကြီး​ဌာနရဲ့​ သ​ဘောထား​ပဲ ဖြစ်ပါလိမ့်​မယ်။”

လော​လောဆယ်မှာ ဒီလိုမျိုး​ ဝန်ကြီး​ဌာန​တွေကို အလွဲသုံး​စား​ လုပ်တာ​တွေ၊​ စစ်​ဆေး​တွေ့​ရှိတယ် ဆိုပြီး​တော့​။ ဒီလိုမျိုး​ ​ရေး​သား​ခွင့်​ အ​ပေါ်မှာ စာ​ပေစိစစ်​ရေး​က ပိတ်ဆို့​မှု မရှိဘဲနဲ့​ လွှတ်​ပေး​နိုင်တယ်ဆိုတဲ့​ အ​ခြေအ​နေကို ​တွေ့​ရတယ် ဆို​တော့​ သတင်း​လွတ်လပ်ခွင့်​ ရှိပြီလို့​ သုံး​သပ်လို့​ ရနိုင်ပါသလား​။

“The Voice ဂျာနယ်ဖြစ်စဉ်မှာ ဒီလိုဗျ။ စာ​ပေစိစစ်​ရေး​က ဒီသတင်း​ကို ​တွေ့​တဲ့​အခါမှာ သူတို့​ အယ်ဒီတာကို ဖုန်း​ဆက်ပြီး​ ​ပြောတယ်။ ခင်ဗျား​တို့​ ​သေချာပြီလား​။ ​သေချာ ခိုင်မာ​အောင် လုပ်ပါဦး​။ မခိုင်မာတဲ့​ အ​ထောက်အထား​တွေ တွဲပြီး​ ပါ မလာတဲ့​ အတွက်​ကြောင့်​မို့​ ခဏ ဆိုင်း​ငံ့​ထား​ပါဦး​ ဆိုပြီး​တော့​ ကျ​နော်တို့​က အသိ​ပေး​ အ​ကြောင်း​ကြား​လိုက်တယ်။ ဒါ​ပေမဲ့​ ဂျာနယ်တိုက်က ဒါကို ဆက်ပြီး​တော့​ ထည့်​လိုက်တာ​ပေါ့​။ အဲဒီ​တော့​ အခု သက်ဆိုင်ရာ ဝန်ကြီး​ဌာနတို့​ ဘာတို့​က ဥပ​ဒေ​ကြောင်း​အရ ​ဆောင်ရွက်မယ်ဆိုတာကလည်း​ တကယ်​တော့​ ပြန်ကြား​ရေး​ဌာနက စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို ပိတ်ပင်ဖို့​ လုပ်တာ​တော့​ မဟုတ်ပါဘူး​။

အရင် ကျ​နော်တို့​ ကျင့်​သုံး​တဲ့​ စနစ်အရဆိုရင်​တော့​ ကြီး​ကြပ်မှု ဗဟိုအဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်နဲ့​ ဒီ The Voice ဂျာနယ်ကို ကာလ သတ်မှတ်ပြီး​တော့​ ၁ ပတ် သို့​မဟုတ် ကာလ ဒါမှမဟုတ် လုံး​ဝ ပိတ်တာမျိုး​ လုပ်ပါတယ်။ အခုချိန်မှာ​တော့​ ကျ​နော်တို့​က စာနယ်ဇင်း​တွေအ​နေနဲ့​ လွတ်လပ်မှုနဲ့​ တာဝန်ယူမှုကို ခွင့်​ပြုထား​တဲ့​ အတွက် ​ကြောင့်​မို့​လို့​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနအ​နေနဲ့​ ဒီကိစ္စမှာ ကြား​မဝင်ပဲနဲ့​ သက်ဆိုင်ရာ ဝန်ကြီး​ဌာနအ​နေနဲ့​ ဥပ​ဒေ ​ကြောင်း​ကပဲ ဆက်ပြီး​တော့​ ​ဆောင်ရွက်ပါ။ The Voice ဂျာနယ်အ​နေနဲ့​လည်း​ မိမိသတင်း​မှန်တယ်၊​ မိမိ​ရေး​တာ မှန်တယ်ဆိုရင် တရား​ရုံး​မှာ သက်​သေပြဖို့​ပဲ လိုတယ်ဆိုပြီး​တော့​ ကျ​နော်တို့​ ကျင့်​သုံး​တာ ဖြစ်ပါတယ်။”

နောက်ဆုံး​ အကျဉ်း​ချုပ်လိုက်မယ်ဆိုလို့​ ရှိရင် သတ္ထုတွင်း​ ဝန်ကြီး​ဌာနက ဒီလိုမျိုး​ ဥပ​ဒေ​ကြောင်း​အရ ​ဆောင်ရွက်သွား​မည် ဖြစ်​ကြောင်း​ ဆိုပြီး​တော့​ ​ကြေညာချက် ထုတ်ပြန်တယ်။ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ကိုယ်တိုင်အ​နေနဲ့​တော့​ ဘယ်လိုမျိုး​ တုံ့​ပြန်မယ်ဆိုတာကို အခုထိ မ​သေချာ​သေး​ဘူး​လို့​ ဆိုလိုတာမျိုး​လား​။

“ဟုတ်ပါတယ်။ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနက ​နေပြီး​တော့​ ကျ​နော်တို့​ရဲ့​ ဒီသတင်း​အ​ပေါ်မှာ ​တွေ့​ရှိချက်ကို​တော့​ လူကြီး​တွေဆီကို တင်ပြထား​ပြီး​ ပါပြီ။ လူကြီး​တွေက ဆက်ပြီး​တော စဉ်း​စား​မှာ​ပေါ့​။ တကယ်တမ်း​ ​ပြောရရင်​တော့​ အခု အစိုး​ရ ဝန်ကြီး​ဌာန​တွေက စာနယ်ဇင်း​တွေကို ဥပ​ဒေ​ကြောင်း​အရ လုပ်မယ် ဆိုတာထက် ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​၁ နှစ် ၂ နှစ်အတွင်း​မှာ ပြန်ကြည့်​လိုက်ရင် စာနယ်ဇင်း​အချင်း​ချင်း​ တရား​စွဲတာ၊​ မိမိအ​ကြောင်း​ မ​ရေး​ဖို့​ သတိ​ပေး​စာ ပို့​တာ​တွေက ပိုများ​နေတာကို ​တွေ့​မှာ​ပေါ့​။ ဒါ​တွေက ကျ​နော်တို့​ အခု မီဒီယာ ပြုပြင် ​ပြောင်း​လဲ​ရေး​ လုပ်တဲ့​အခါမှာ ကျ​နော်တို့​ ​တွေ့​နေရတဲ့​ ကျင့်​ဝတ်ပိုင်း​ဆိုင်ရာ အခက်အခဲ​တွေပါပဲ။

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ ​ငွေ အလွဲသုံး​စား​ ပြုမှု ဆိုတဲ့​ စကား​အ​ပေါ်မှာပဲ ဆရာတို့​ အဓိက ​ဝေဖန်တဲ့​ သ​ဘော​ပေါ့​။

“ဟုတ်ပါတယ်။ ဒီ တရား​စွဲတဲ့​ ဖြစ်စဉ်က ကျ​နော် ထင်တယ်။ လွန်ခဲ့​တဲ့​ ၂ လ ၃ လ ကလည်း​ ပြစ်မှု​တွေ အ​ကြောင်း​ ​ရေး​တဲ့​ စာ​စောင်​တွေမှာ ပါခဲ့​ပြီး​ပါပြီ။ ဘယ်သူ့​ကို ကျ​နော်တို့​ အမှုဖွင့်​ပြီး​တော့​ အ​ရေး​ယူ​နေတယ်။ ​ငွေတန်ဖိုး​က ဘယ်​လောက် ရှိတယ် ဆိုတဲ့​ တရား​ရုံး​က​နေ ရတဲ့​ သတင်း​အ​ပေါ် မူတည်ပြီး​တော့​ သူတို့​ ​ရေး​ပြီး​သား​ပါ။ ကျ​နော်တို့​လည်း​ ဒီသတင်း​က လုပ်တဲ့​လူက ကျူး​လွန်တယ်၊​ ကျ​နော်တို့​ ​ဖော်ထုတ်တယ်။ ​ဖော်ထုတ်လို့​ ​တွေ့​တဲ့​အခါမှာလည်း​ ဥပ​ဒေ​ကြောင်း​အရ လုပ်သင့်​လုပ်ထိုက်တဲ့​ အတိုင်း​ပဲ ဘာမှ ဖုံး​ကွယ်တာ ကွယ်ဝှက်တာ မရှိဘဲနဲ့​ တရား​စွဲဆိုတယ်။ အထက်ဌာန​တွေကို ကျ​နော်တို့​ အဆင့်​ဆင့်​ သတင်း​ပို့​တယ် ဆိုတဲ့​ အလုပ်​တွေ လုပ်ထား​ပြီး​သား​ ဖြစ်​တော့​။ ကျ​နော်တို့​က ဒီသတင်း​ကို ပိတ်ဆို့​နေတာ မဟုတ်ဘူး​။ ကျ​နော်​ပြောချင်တာက သတင်း​ကို ​ရေး​တဲ့​အခါမှာ ပရိသတ် နား​လည်မှုလွဲ​အောင် ကျင့်​ဝတ်အရ မလိုက်နာတဲ့​ ကိစ္စကိုပဲ ​ထောက်ပြ​နေခြင်း​ ဖြစ်ပါတယ်။”

TheVoice အယ်ဒီတာချုပ်နှင့်​ ဆက်သွယ်​မေး​မြန်း​ချက်..။



သတင်း.... ဒီဗွီဘီ ·