21 March 2012

မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာတော့မည်

စာနယ်ဇင်း လွတ်လပ်မှု၊ စာနယ်ဇင်းသမားများ၏ အခွင့်အရေးကိုကာကွယ်ရန် ဦးတည်၍ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မြန်မာစာနယ်ဇင်း သမဂ္ဂအား မတ်လအတွင်း ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေကြောင်း ယင်းကိစ္စရပ်ကို ဦးတည်ဆောင်ရွက်နေသူ ဦးဇော်သက်ထွေးက ယုဇနဟိုတယ်တွင် ပြုလုပ် သည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ သမဂ္ဂဖွဲ့စည်း ပေါ်ပေါ်လာမည်ဆိုပါက ပုဂ္ဂလိကပုံနှိပ်မီဒီယာလုပ်ငန်းတွင် ပါဝင်နေသူများ၊ ပုဂ္ဂလိက ရုပ်သံနှင့် ရေဒီယိုတွင် ပါဝင်နေသူ များ၊ လွတ်လပ်သော အင်တာနက်သတင်းနှင့် မီဒီယာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူအားလုံး ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

“မီဒီယာလုပ်ငန်းနဲ့ ထိစပ်နေတဲ့သူတွေအားလုံးကို ပါဝင်စေချင်တာပါ”ဟု ဦးဆောင်ကာ လှုပ်ရှားနေသည့် စာရေးဆရာ မာဂျေက ဆိုသည်။

မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်လာရေးအတွက် လုပ်ငန်းကော်မတီငါးရပ်ကို ဖွဲ့စည်းခဲ့သည်။

“မူဝါဒပိုင်းဆိုင်ရာရယ်၊ ဘဏ္ဍာရေးရယ်၊ စည်းရုံးရေးရယ်၊ သတင်းနဲ့ပြန်ကြားရေးရယ် ရုံးအဖွဲ့ရယ်ပါ။ ဒီလိုလှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ Stake -holders တစ်ချို့ဆီက အလှူငွေ ကျပ်သိန်းနှစ်ဆယ်ကျော် ရထားပါတယ်”ဟု စာရေးဆရာ မာဂျေက ဆက်လက်ပြောကြားသည်။

အဆိုပါသမဂ္ဂသည် သမ္မတကြီး ဖွဲ့စည်းခိုင်းသည့် လွတ်လပ်သည့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေပြီး အင်အား ၁၅၀ ကျော်ရှိကာ နယ်မြို့ကြီးများတွင် အသင်းများ တည်ထောင်ရန် ပြင်ဆင်နေသည့် မြန်မာသတင်းသမားများ ကွန်ရက်၏ စည်းရုံးရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

သတင်း.... yangonchronicle