19 March 2012

ပြည်သူမကြိုက်တာလုပ်လျှင် နောက်ရွေးကောက်ပွဲမှာ ရှုံးလိမ့်မည်ဟု လားရှိုးခရီးစဉ်တွင် ဒီချုပ်ဥက္ကဋ္ဌ ပြောကြား

ပါတီစည်းရုံးရေးအတွက် မိန့်ခွန်းပြောကြားရန် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၇ရက်နေ့ မနက်တွင် ရန်ကုန်းလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး လားရှိုးမြို့သို့ နေ့လည် ၁၂နာရီကျော်တွင် ရောက်ရှိခဲ့ပြီး လားရှိုးမြို့နယ်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတီဘုရားဝင်းရှိ ကွင်းတွင် နေ့လည် ၃နာရီခန့်တွင် မိန့်ခွန်း စတင်ဟောပြောခဲ့သည်ဟု သတင်းရရှိသည်။

“ဒေါ်စုက မနက် ၈နာရီကျော်လောက်မှာ ရန်ကုန်လေဆိပ်ကနေ ထွက်လာတာဖြစ်ပါတယ်။ လားရှိုးကို ၁၂နာရီ လောက်ရောက်တယ်။ ပြီးတော့ လားရှိုးတက္ကသိုလ်အနားမှာရှိတဲ့ ၉၀ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးသန်းဌေး၏ နေအိမ်၌ ခဏနားပါတယ်။”ဟု NLDပါတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခေတ္တဝင်ရောက်နားခိုခဲ့သည့် ၉၀ရွေးကောက်ပွဲမှ လွှတ်တော်ကိုယ်စားလှယ် အမတ်ဟောင်း တစ်ဦး၏ နေအိမ်မှ ပြန်လည်ထွက်ခွာ၍ ၎င်းမိန့်ခွန်းပြောမည့် ရန်တိုင်းအောင်စေတီဝင်းအတွင်းရှိ ကွင်းပြင်တွင်ပြုလုပ်ထားသော စင်မြင့်သို့ သွားရောက်ခဲ့ပြီး နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောခဲ့သည်ဟု သတင်းရရှိသည်။

“မိန့်ခွန်းစပြောတော့ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီမှာရှိတဲ့ကွင်းက စင်မြင့်မှာ ၂နာရီနဲ့ မိနစ်၅၀ ကျော် လောက်မှာ စပြောတာ ဖြစ်ပါတယ်။ ပြီးတော့ ဦးသန်းဌေးရဲ့ အိမ်နားတစ်ဝိုက်မှာဆို လာပြီးကြိုဆိုတဲ့လူတွေက နည်းတာမဟုတ်ဘူး။ လမ်းအပြည့်ဘဲ။ ဒေါ်စုထွက်လာတဲ့ လမ်း တလျှောက်မှာလည်း လာရှိုးမြို့ကလူတွေကလည်း စည်စည်ကားကား ကြိုဆိုကြတယ်ဗျ။ အဲလိုကြိုဆိုတဲ့အထဲမှာ ရှမ်းအကတွေလည်း ပါတယ်။ ကွင်းကို လည်း ရောက်ရော အောက်က လူထုက ထောက်ခံတဲ့အသံတွေနဲ့ ပြည့်သွားတယ်”ဟု ယင်းမြို့မှ ဒေသခံတစ်ဦးမှ ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားရာ၌ ယခင်က လာရောက်လည်ပတ်စဉ်တုန်းက ပြည်သူများမှာ ကြောက်နေကြသော်လည်း ယခုတွင် အားလုံးမှာ ရဲရဲဝင့်ဝင့် ရှိလာပြီဖြစ်ကြောင်း၊ အပြောင်းအလဲလိုချင်ပါက မဲရုံသို့သွား၍ မဲထည့်ကြရန်လိုကြောင်း၊၊ တရုတ်နှင့် မြန်မာတို့သည် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့်အားလျော်စွာ စီးပွားရေးဆန်ဆန် ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နားလည်မှုရှိသည့် ဆက်ဆံရေးမျိုးသာ လိုချင်ကြောင်းနှင့် နိုင်ငံရေး သည် လူတိုင်းနှင့် သက်ဆိုင်နေခြင်းကြောင့် တပ်မတော်သားများကပါ NLDပါတီ သို့ မဲပေးကြပါရန် စသည်ဖြင့် ပြောဆိုသွားခဲ့ပြီး နေ့လည် ၃နာရီခွဲ ကျော်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းနောက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လားရှိုး မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ဦးစိုင်းမြင့်မောင်နှင့် ဦးသန်းဌေးတို့အား ပြည်သူများနှင့် မိတ်ဆက်ပေးသည်ဟုလည်း သိရပြီး ၎င်း၏မဲဆွယ်စည်းရုံးရေးခရီးစဉ်သို့ ရှမ်းတိုင်းရင်းသား များ၊ “ဝ”တိုင်းရင်းသားများနှင့် လားရှိုးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/သားများနှင့် အခြားမြို့နယ်များဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့မှ လူများပါ လာရောက်ကြိုဆိုခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုလားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများမှာ NLDပါတီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဒေါက်တာနန့်ကိန်ဖောင်းတစ်နှင့် ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဦးစိုင်းစံမင်းတို့ဖြစ်ကြောင်း သိရသည်။

သတင်း.....yangonchronicle