24 March 2012

လွတ်လပ်သော ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ Anfrel က မြန်မာအစိုးရအား ရိုးသားဖြောင့်မတ်ရန်ဆို


(Bangkok Post မှ 22 March 2012 ရက်စွဲပါ Anfrel calls for Myanmar sincerity သတင်းကို YC မှဘာသာ ပြန်ဆိုသည်)။

လွတ်လပ်သော အာရှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ (Asian Networks for Free Elections- Anfrel) အမှုဆောင် ဒါရိုက်တာ ဆွမ်ဆရီ ဟာနာနမ်တာဆပ်နှင့် လက်ထောက်နှစ်ဦးကို မြန်မာအာဏာပိုင် များက ပြည်နှင်ဒဏ် ပေးပြီးနောက် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်ခွင့်ပေးမှုသည် ချွင်းချက် မရှိသင့်ဟု ဆွမ်ဆရီက ပြောကြားလိုက်သည်။

မစ္စဆွမ်ဆရီက မြန်မာအာဏာပိုင်များသည် သူမအား အင်္ဂါနေ့ ညပိုင်းက အတင်းအကျပ် ပြန်လည် ထွက်ခွာခိုင်းခဲ့ပြီး သူမ၏ လက်ထောက်များ ဖြစ်ကြသော ရန်ဆီမာနှင့် တက်ဆရူးတို့သည်လည်း နောက်တစ်နေ့တွင် အလားတူ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူ စစ်မှုထမ်းဟောင်း မစ္စ ဆွမ်ဆရီသည် မြန်မာနိုင်ငံတွင် ၆ ရက်ကြာ နေထိုင်ပြီးနောက် ပြည်နှင်ဒဏ် ပေးခံရခြင်း ဖြစ်ပြီး လက်ထောက်နှစ်ဦးမှာမူ ဗုဒ္ဓဟူးနေ့ညက ဘန်ကောက်သို့ ပြန်လည် ထွက်ခွာကြရန် မြန်မာ အာဏာပိုင်များ၏ အဓမ္မ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ကြရသည်။ anfrel အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့အစည်းနှင့် မဟုတ်သည့် လွတ်လပ်သော အကဲခတ်စောင့်ကြည့်သူများအား အစိုးရက ခွင့်ပြုမပြု ဆိုသည်ကို အတိအကျ စုံစမ်းရန်အတွက် မြန်မာနိုင်ငံသို့ မတ်လ ၁၅ ရက်ကပင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ anfrel အာရှ ရွေးကောက်ပွဲ အကဲခတ် အုပ်စုသည် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့် နေပြည်တော်သို့ တရားဝင် တောင်းဆို လျှောက်ထားခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ မရခဲ့ကြပေ။ ထို့ပြင် ယင်းတို့ ၃ ဦးသည် မှားယွင်းသော ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အာဏာပိုင်များ၏ ပြန်လည် စွပ်စွဲမှုကို ခံကြရသည်။

anfrel အဖွဲ့ကို ပြည်နှင်ဒဏ် ပေးပြီးနောက်တွင် နေပြည်တော် အာဏာပိုင်များက ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံများမှ ရွေးကောက်ပွဲ အကဲခတ်သူ နှစ်ဦးစီနှင့် သတင်းထောက် ၃ ဦးစီကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များသည်လည်း မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်နိုင်ကြမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ နောက်ဆုံးပြုလုပ်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြိုတင် စည်းဝါးရိုက်ထားသော အကဲခတ် လေ့လာသူ အနည်းသာ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့သော အဆိုပါရွေးကောက်ပွဲကို ဂုဏ်ပြု ချီးကျူးသော နိုင်ငံဟူ၍ မြောက်ကိုရီးယား တစ်နိုင်ငံတည်းသာ ရှိခဲ့သည်။ နေပြည်တော် အာဏာပိုင်များ ပြုလုပ်နေသော နိုင်ငံရေး လွတ်လပ်ခွင့် ဆိုသည်မှာ အစိုးရနှင့် အဆက်အသွယ်ရှိသူများ အတွက် သီးသန့် ဖြစ်ပုံရသည်ဟု မနှစ်က ဆွမ်ဆရီက ဘန်ကောက်တွင် ပြောကြားခဲ့သည်။

"တကယ်လို့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းမှုကို အဆက်မပြတ် ပြုလုပ်မယ်၊ မြန်မာအစိုးရကလည်း ပွင့်လင်း ရိုးသား ဖြောင့်မတ်မယ် ဆိုရင် ဒေသတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် စောင့်ကြည့် အကဲခတ်နိုင်အောင် ခွင့်ပြုရမှာပေါ့" ဟု သူမက ဆိုသည်။

အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနှင့် အလဲအလှယ် လုပ်ရန် အနောက်နိုင်ငံ အကဲခတ်များကို ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ နေပြည်တော် အစိုးရတွင် မြှုပ်ကွက်တစ်ခုခု ရှိနေသည်ဟု မစ္စဆွမ်ဆရီက သံသယ ရှိလျက် ရှိသည်။ "အရေးကြီးဆုံး အချက်ကတော့ ဒီအကဲခတ် လေ့လာသူတွေဟာ ဘယ်မဲဆန္ဒနယ်ကိုမဆို ဘယ်မဲရုံကိုမဆို လွတ်လွတ်လပ်လပ် သွားခွင့် ရှိဖို့ လိုပါတယ်။ အစိုးရက ရွေးချယ် ပြသတဲ့ နေရာတွေကို ကြည့်ရုံနဲ့ မလုံလောက် ပါဘူး။ ဒီလိုမှမဟုတ်ရင် စောင့်ကြည့် လေ့လာတယ်ဆိုတာကလည်း အပေါ်ယံ အတုပဲ ဖြစ်မှာပေါ့" ဟု ပြောသည်။

ဆွမ်ဆရီအနေဖြင့် စီးပွားရေး ပြည်ဝင်ဗီဇာ ပြန်လည်လျှောက်ထား၍ ရွေးကောက်ပွဲကို သွားရောက် လေ့လာ ရမည်လား ဆိုသည်ကို မဆုံးဖြတ်ရသေးပါဟု မစ္စ ဆွမ်ဆရီက ဆက်လက် ပြောသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကြိုတင် အကွက်ချ ကြံစည်မှုများ ရှိနိုင်သည်ဟု ပြည်တွင်း ပြည်ပ လေ့လာသူများက သံသယ ရှိနေကြသည်။