21 March 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်ပသို့ မကြာမီ ခရီးသွားမည်ဟုဆို

မြန်မာ့ ဒီမိုကရေစီရေး စည်းရုံး လှုံ့ဆော်သူ ဒေါ်အောင်ဆန်း စုကြည်က မကြာမီ အချိန် အတွင်း ပြည်ပသို့ ခရီးသွားရန် မျှော်လင့်ကြောင်း မတ် ၁၅ ရက်တွင် ပြောကြား သည်။

၎င်းသည် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် အနေဖြင့် ၁၉၈၈ ခုနှစ်မှစပြီး ပထမဆုံးအကြိမ် အခြားတစ်နိုင်ငံသို့ခရီးသွားခြင်း ဖြစ်လိမ့်မည်။ ၂၀၁၀ ခုနှစ် ပြန်လည် လွတ်မြောက် လာချိန်အထိ လွန်ခဲ့သော ၂၂ နှစ်၏ အများစုကို နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က

"မကြာမီ မြန်မာနိုင်ငံရဲ့ပြင်ပကို ခရီးသွားဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မ မျှော်လင့်တယ်။ ကျွန်မအနေနဲ့ ရှင်တို့ရှိရာကိုလာရောက်ပြီး အချိန်တို ကာလပဲဖြစ်ဖြစ် ရှင်တို့နဲ့တွေ့ဆုံ နိုင်မှာဖြစ်တယ်" ဟု ဟောင်ကောင် တက္ကသိုလ်မှ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို လက်ခံစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ခ်ျ တစ်ခုတွင် ပြောကြားခဲ့သည်။

ဖိတ်ကြားမှု အများအပြားရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကွယ်လွန်ခါနီး သူမ၏မိခင်ကို ပြုစုရန် ဗြိတိန်မှပြန်လာခဲ့သည့် ၁၉၈၈ ခုနှစ်မှစပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ခွာမှု မပြုခဲ့ပေ။

ခင်ပွန်း မိုက်ကယ်အဲရစ် ဗြိတိန်တွင် ကင်ဆာရောဂါဖြင့် သေလုမျောပါးရှိနေသည့် ၁၉၉၉ ခုနှစ်၌ပင် သူမသည် စစ်အစိုးရက တိုင်းပြည်သို့ ပြန်ဝင်ခွင့်မပေးမည်ကို စိုးရိမ်ပြီး မြန်မာနိုင်ငံမှထွက်ခွာရန် ငြင်းဆိုခဲ့သည်။

လွန်ခဲ့သောနှစ်တွင် အရပ်သားအစိုးရ အာဏာရချိန်မှစပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရ လာသည်။ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်နေရာ ၄၈ နေရာအနက် ၄၇ နေရာ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အစိုးရက သူမသည် လွတ်လပ်စွာ ခရီးသွား နိုင်သည်ဟု ပြောကြားသည်။ သို့သော် သူမအနေဖြင့် တိုင်းပြည်သို့ ပြန်လာခွင့်မရမည်ကို သူမအပေါ် ထောက်ခံသူ များက စိုးရိမ် ပူပန်နေကြဆဲ ရှိသည်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဒေါ်အောင်စုကြည်က ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံစဉ် သူမ၏တိုင်းပြည်၌ ဥပဒေစိုးမိုးမှုရှိရန် တောင်းဆိုခဲ့သည်။

သတင်း... Venus News Journal