18 March 2012

ကြားဖြတ် ရွေးကောက်ပွဲသည် အဆင့်တစ်ဆင့်သာ ဖြစ်ပြီး ဆက်လုပ်သွားရန် အများအပြား ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ)တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနား၌
ဒေါ်အောင်ဆန်းစုကြည် နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်

ကြားဖြတ် ရွေးကောက်ပွဲသည် အဆင့်တစ်ဆင့်သာ ဖြစ်ပြီး ထိုမှတစ်ဆင့် ဆက်လုပ်သွားရန် အများအပြား ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၆ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ပြည်သူတွေရော၊ တပ်မတော်သားတွေပါ ၀ိုင်းပြီး ဒီနိုင်ငံရဲ့ကောင်းကျိုးအတွက် တညီတညွတ်တည်း လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တကယ့် အလားအလာတွေဟာ အင်မတန်မှ ကောင်းမှာပါ။ ဒီအလားအလာတွေ နောင်မကြာမီကာလမှာ ဖြစ်မြောက်လာအောင် ကျွန်မတို့ ကြိုး စားရမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲလေး ၀င်လိုက်လို့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါက အဆင့်တစ်ဆင့်ပါပဲ။ အဲဒီကနေကျွန်မတို့ ဆက်လုပ်သွားရမှာ အများကြီးရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စွန့်စားမှုတစ်ရပ်ဖြစ်ပြီး မှားခြင်း၊ မှန်ခြင်းဆိုသည် မှာ မိမိ၏ ကြိုးပမ်းမှုအပေါ်တွင်သာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ပြည်သူတွေရော၊ တပ်မတော်သားတွေပါ ၀ိုင်းပြီး ဒီနိုင်ငံရဲ့ကောင်းကျိုး အတွက် တညီတညွတ်တည်း လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တကယ့် အလားအလာတွေဟာ အင်မတန်မှကောင်းမှာပါ။ ဒီအလားအလာတွေ နောင်မကြာမီ ကာလမှာ ဖြစ်မြောက်လာအောင် ကျွန်မတို့ ကြိုးစားရမှာပါ။ ကြားဖြတ် ရွေးကောက်ပွဲလေး ၀င်လိုက်လို့တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကအဆင့်တစ်ဆင့် ပါပဲ။ အဲဒီကနေ ကျွန်မတို့ ဆက်လုပ်သွားရမှာ အများကြီးရှိပါတယ် . . .

“နိုင်ငံရေးဆိုတာ အချိန်အခါ နဲ့ကိုက်အောင် ကျွန်မတို့ ဆုံးဖြတ်ချက် ချသွားရမှာပဲ။ ဆုံးဖြတ်ချက်တွေဟာ စွန့်စားချက်တွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ပြန်ပြီးတော့ ပါတီ ကို မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ၂၀၁၀ တုန်းက မ၀င်ဘူး ဆိုတာလည်း စွန့်စားမှုတစ်မျိုးပါပဲ။ အခု ၂၀၁၂ မှာ ၀င်မယ်ဆိုတာလည်း စွန့်စားမှုပါပဲ။ မှန်လား၊ မှားလားဆိုတာ အမျိုးမျိုးသုံးသပ်ကြတယ်။ နိုင်ငံ ရေးမှာအမြဲပဲ အဖြေတစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ အဖြေဟာတစ်ခု မကရှိနိုင်ပါတယ်။ မှန်လား၊ မှားလားဆိုတာကတော့ ကိုယ့်ရဲ့ကြိုး ပမ်းချက်တွေအပေါ်မှာမူတည်ပါတယ်။ ကိုယ်က လမ်းတစ်လမ်းတည်း သွားနိုင်မယ်ဆိုရင် ကိုယ်သွားမယ့်လမ်းကို ဆုံးဖြတ်လိုက်။ ဆုံးဖြတ်လိုက်ပြီး နောက် ဒီလမ်းဟာ အများအကျိုးအတွက် ဖြစ်အောင်လို့ ကိုယ့်ဟာကိုယ် ကြိုးပမ်းပြီးတော့ လုပ်သွားရမယ်။ ဒီလမ်းကိုကိုယ်တိုင်ပဲ ဖောက်ရင်လည်း ဖောက်သွားရမယ်။ ဆက်လက်လည်း ထိန်းသိမ်းသွားရမယ်။ အဲ တော့ ကိုယ့်တာဝန် ကျေပွန်အောင်လို့ အတတ်နိုင်ဆုံးလုပ်ဖို့ပဲရှိပါတယ်။ ဒီလမ်းမှန်တယ်၊ ဒီလမ်းမှားတယ်ဆိုတာ အမြဲပဲ ကြိုတင်ပြီးတော့ ဆုံးဖြတ် သုံးသပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ထို့အပြင် နိုင်ငံရေးသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံပြောင်းလဲမှုများအတွက် တပ်မတော်နှင့်အတူ လုပ်ဆောင်လိုကြောင်း၊ တပ်မတော်အပါအ၀င် လူတိုင်း၊ လူတိုင်း လူမှန်နေရာမှန် ဖြစ်အောင် ကြိုးစားကြခြင်းသည် နိုင်ငံရေးလုပ်ခြင်း ဟု ထင်မြင်ကြောင်း အစရှိသည့် အချက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

“ကျွန်မကတော့ စစ်အာဏာရှင် စနစ်ဆိုတာဟာ စစ်တပ်အုပ်ချုပ်တဲ့ စနစ်လို့ ကျွန်မဒီလိုမြင်ပါတယ်။ စစ်တပ်နိုင်ငံရေးလုပ်တဲ့ စနစ်လို့ ကျွန်မ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ကိစ္စဟာ ကျွန်မထပ်တလဲလဲ ပြောတဲ့ကိစ္စပါ။ တပ်မတော် သားတွေဟာလည်း ဒီနိုင်ငံသားတွေ ထဲမှာပါပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာဟာ ဒါကျွန်မရဲ့ အယူအဆပါ။ ဒါအများစုက သဘောတူချင်မှတူမယ်။ ဒါပေမယ့် နိုင်ငံသူ နိုင်ငံသားတိုင်းနဲ့ နိုင်ငံရေး ဟာ ဆိုင်တယ်။ တပ်မတော်သားတွေ နဲ့လည်း ဆိုင်တယ်။ အရပ်သားတွေ နဲ့လည်းဆိုင်တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောပါသည်။

“ကျွန်မတို့နိုင်ငံရဲ့ပြောင်းလဲမှု တွေကိုလည်း တပ်မတော်နဲ့အတူ ကျွန်မတို့လုပ်ချင်တယ်။ တပ်မတော်သားတိုင်း အနေနဲ့ သူတို့ဟာ နိုင်ငံတော်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးသိဖို့၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့ တာဝန်ရှိတယ်ဆိုတာကို မြင်စေချင်တယ်။ ဒါပေမယ့် အုပ်ချုပ်ရေး နဲ့ နိုင်ငံရေးမတူဘူး။ အုပ်ချုပ်ရေး ကတော့ ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုတာ ပြည်သူတွေက တင်မြှောက်တဲ့ အရပ်သား အစိုးရသာ ဖြစ်ရမယ်။ စစ်တပ်အုပ်ချုပ်ရေးဆိုတာ စစ်အာဏာရှင်စနစ်သာဖြစ်တယ်။ စစ်တပ် ကတပ်မတော်သားအားလုံးနိုင်ငံရေးမှာ စိတ်ဝင်စားကြပါ။ နိုင်ငံရေးအတွက် ကိုယ်ဘယ်နေရာကို ပံ့ပိုးရမလဲ ဆိုတာ သေသေချာချာ စဉ်းစားကြပါ။ လူတိုင်းလူတိုင်း လူမှန်နေရာမှန် ဖြစ်အောင်လို့ တပ်မတော်အပါအ၀င် ကျွန်မတို့နိုင်ငံသူ နိုင်ငံသားအားလုံး ကြိုးစားခြင်းသာ နိုင်ငံရေးလုပ်ခြင်းလို့ ကျွန်မဒီလိုပဲမြင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အစရှိသည့် အချက်သုံးချက်ကို ထိပ်တန်း ရည်ရွယ်ချက်များအဖြစ် ထားရှိကြောင်း မတ်လ ၁၄ ရက်နေ့က နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တစ်ဆင့် မဲဆွယ် ဟောပြောမှု အစီအစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ အဆိုပါမဲဆွယ်ဟောပြောမှု အစီအစဉ်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အလေးထား ပြောကြားခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းထွက်ခဲ့ပြီးကတည်းက ဒီ ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကိုထောက် ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံအကျိုးကိုသာ ရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ တပ်မတော်အင်အားစု အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အားလုံး ကညှိညှိနှိုင်းနှိုင်း လုပ်သွားကြရမှာ ဖြစ်ပါတယ်”ဟု ဟောပြောချက်၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောချက်၌ပင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် တပ်မတော်သည် မပါမဖြစ်၊ ပါဝင်ရန် လိုအပ်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၌ ရွေးကောက်ခံ မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းမှာမူ ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိကြောင်း ဟောပြောချက်၌ ပြောဆိုခဲ့ပါသည်။

မတ်လ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေး ရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှု အပြီးပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က သူ့အနေဖြင့် ရွေးကောက်ပွဲ တစ်ခုတည်းကိုသာ ရှေးရှုနေခြင်းမဟုတ်ဘဲ လွှတ်တော်တွင်း ရောက်ရှိပါက မည်မျှလုပ်ဆောင်နိုင်မည် ဆိုသည်ကို ရှေးရှုထားကြောင်း၊ ဥပဒေပြုအမတ် တစ်ဦးချင်းစီတိုင်းသည် ပြည်သူလူ ထုကိုယ်စားပြုသည့် တာဝန်ကို ထမ်းဆောင်နိုင်ရန် အခွင့်အရေး အပြည့်အ၀ ရှိသင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိမှုများဖြင့် လုပ်နိုင်သည်များ အများအပြားရှိနိုင် မည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့သည်။

သတင်း.... Eleven Media Group