(The Diplomat မှ 2nd October, 2011 ရက်စွဲပါ "Burma's Opium Addiction" သတင်းကို yangonchronicle မှဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်တိုင်းရင်းသားတို့၏ ဌာနေတွင် ဘိန်းစိုက်ပျိုးမှု ကြီးထွားလျက် ရှိသည်။ ထိုအချက်ကို Plaung Women's Organization မှ ယခင်လက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ အမှန်စင်စစ် ဒေသအာဏာပိုင်များသည် ထိုပြဿနာကို သိရုံသာမကဘဲ ဒေသတွင်း ဘိန်းကုန်သွယ်မှုကို ထိထိရောက်ရောက် အကာအကွယ်ပေးကာ အားပေးမြှင့်တင်လျက် ရှိသည်။
နမ့်ခမ်းမြို့နယ်အတွင်း ၁၅ ရွာရှိ ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သော ၂ နှစ်အတွင်း ၇၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု PWO အုပ်စုက အစီရင်ခံ တင်ပြထားသည်။ အဆိုပါဒေသတွင် ၂၀၀၈ ခုနှစ်က ဘိန်းစိုက်ဧရိယာ ၆၁၇ ဟက်တာမျှသာ ရှိရာမှ ယခုနှစ်တွင် ၁၁၀၉ ဟက်တာသို့ တိုးပွားလာသည်ဟု မျှော်လင့်ရပါသည်။ ယခင်က ဘိန်းစိုက်ပျိုးခြင်း မရှိခဲ့သော ၁၂ ရွာခန့်သည်လည်း ၂၀၀၉ ခုနှစ်မှ စတင်စိုက်ပျိုးလာခဲ့သည်ဟု ဆိုသည်။
ပလောင်အသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးစွဲမှု ပြဿနာသည်လည်း ပိုမိုဆိုးရွားလျက်ရှိသည်။ ကျေးရွာတစ်ရွာတွင် အသက် ၁၅နှစ် အထက် ယောင်္ကျားလေးများ၏ ၉၁ ရာခိုင်နှုန်းမှာ မူးယစ်ဆေးစွဲနေသည်ကို PNO အုပ်စုကို တွေ့ရှိခဲ့ပါသည်။ ယင်းသို့ မူးယစ်ဆေးစွဲမှုသည် အိမ်တွင်းရေး ပြဿနာ အပါအဝင် ရာဇဝတ်မှုများကို ပိုမိုဖြစ်ပွားစေလျက်ရှိပါသည်။
ယင်းသို့ ဒေသတွင်း ဘိန်းစီးပွားရေးလုပ်ငန်း ပြန်လည်အသက်ဝင် ရှင်သန်လာခြင်းအတွက် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကို PWO အုပ်စုက အပြစ်တင်လိုက်ပြီး ဒေသခံလွှတ်တော်အမတ်ကိုလည်း ဒေသတွင်း ဘိန်းစီးပွားရေး လုပ်ငန်းအား အဓိကကာကွယ်ပေးနေသူဟု စွပ်စွဲထားသည်။ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်က သူ့အားမဲထည့်ပါက အဟန့်အတားမရှိ ၅ နှစ် ဘိန်းစိုက်ခွင့်ရမည်ဟု နမ့်ခမ်းမဲဆန္ဒရှင်များ ပြောကြားစည်းရုံး ခဲ့ကြောင်း ရွာသားတစ်ဦးက ထုတ် ဖော် ပြောဆိုခြင်းကို PWO အုပ်စုက ကိုးကားတင်ပြထားခြင်းဖြစ်သည်။
ဦးကျော်မြင့်သည် မနှစ်က ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရကိုယ်စားပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အမတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ပလောင်တောင်သူများသည် မူလက လက်ဖက်စိုက်ပျိုးသူများဖြစ်သော်လည်း တပ်မတော်အစိုးရ ကြီးမားစွာ ထိန်းချုပ်ထားသော လက်ဖက် စီးပွားရေးလုပ်ငန်း ကျဆင်းလာမှုကြောင့် ၎င်းတို့ဘဝ ရှင်သန်နိုင်ရေးအတွက် ဘိန်းကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးကြရခြင်း ဖြစ်သည်။ ထိုအတောအတွင်း ဘိန်းစိုက်ပျိုးမှု ကြံ့ကြံ့ခံ ရှင်သန်နိုင်ရခြင်းမှာ နိုင်ငံရေးသမားများ၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များက အခွန်များ၊ ဆက်ကြေးများ ကြီးကြီးမားမား ကောက်ယူ ကာ ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်။
ထိုဒေသခံ လွှတ်တော်အမတ်၏ တရားမဝင် မူးယစ်ဆေးဝါးကိစ္စများကို ဗဟိုအစိုးရက ခွင့်ပြုထားခြင်းမှာ တိုင်းရင်းသား သူပုန်များအား နှိမ်နင်းသည့် စစ်ဆင်ရေးတွင် အပြန်အလှန် အကူအညီရရှိရန် ဖြစ်သည်ဟု PWO အုပ်စုက ယုံကြည်လျက် ရှိသည်။ ပဋိပက္ခပြဿနာများ ဖိစီးနေသော ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် အာဏာအကြား ဆက်စပ်ပတ်သက်မှုများကို ဤကိစ္စက မီးမောင်းထိုးပြနေသည်ဟု ၎င်းအုပ်စုက ပြောကြားသည်။
မြန်မာအစိုးရသည် တိုင်းရင်းသား တော်လှန်ရေးကို ဖိနှိပ်နှိမ်နင်းရာတွင် ဒေသခံပြည်သူ့စစ်များအပါအဝင် တပ်မတော် အဖွဲ့အစည်းအပေါ်တွင် မှီခိုရန် လိုအပ်ကြောင်းနှင့် အစိုးရနောက်လိုက်ပြည်သူ့စစ်များ၊ လက်နက်ကိုင်အုပ်စုများ ဘိန်းကုန်ကူးမှုဖြင့် အသက်ရှင်နေခြင်းကို ခွင့်ပြုထားကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။
မြန်မာအစိုးရ တင်ပြသော ကိန်းဂဏန်းများကိုသာ အခြေပြုလျက်ရှိသော ကုလသမ္မဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဌာန UNODC အနေဖြင့် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအခြေအနေကို ပိုမိုလွတ်လပ်စွာ လေ့လာမှုပြုလုပ်ရန် ယခု ပြည်နယ်တစ်ခုထဲသာ လေ့လာထားသော PWO နောက်ဆုံး အစီရင်ခံစာက လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။ UNODC သည် အစိုးရ၏ ကိန်းဂဏန်းများကိုသာ မှီခိုအားထားနေခြင်းကြောင့် ပကတိ အခြေအနေကို မမြင်နိုင်တော့ဘဲ ပိုမိုဆိုးရွားလာနေသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် စွမ်းရည်ကျဆင်းလာလျက်ရှိသည်။
မြန်မာအစိုးရသည် အနိမ့်ဆုံးအနေနှင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများကို စုံစမ်းစစ်ဆေးသင့်ပါသည်။ ထို့အပြင် ဘိန်းစီးပွား လုပ်ငန်းကို ကာကွယ်ပေးမှုအတွက် အပြစ်ရှိသော စစ်ဖက်၊နယ်ဖက် တာဝန်ရှိသူ အရာရှိများကို အရေးယူရန် အဆင်သင့်ရှိနေရမည့်အပြင် ဘိန်းစိုက် တောင်သူများ ဘိန်းအစားထိုးသီး နှံစိုက်ပျိုးခြင်းကို အားပေးမြှင့်တင်ရန် လိုအပ်နေပါသည်။
ယခုအခါ မူးယစ်ဆေးဝါးလက်သည်တရားခံ မိစ္ဆာများအား မျက်စိမှိတ် မသိချင်ယောင်ဆောင်ခြင်းအစား လူ့အဖွဲ့အစည်းအတွင်း အန္တရာယ် ကြီးသော မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်ရန်အတွက် လူငယ်ထုပစ်မှတ်ထား စီမံချက်များကို တာဝန်သိသိဖြင့် ဆောင်ရွက်သင့်သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တင်ပြလိုက်သည်။