04 November 2011

ငွေတမျက်နှာတည်း ကြည့်သော ဆရာဆရာမများ တိုးပွားနေ (ပေးစာ)


အထက (၂) ကမာရွတ် ကျောင်းမှ အလယ်တန်းပြ အတန်းပိုင် ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများထံတွင် ကျူရှင် မယူသဖြင့် မဲခံနေရသော (အညှိုးထားခြင်း) ခံနေရသော ကျောင်းသူတစ်ဦးရဲ့ မိဘတွေရဲ့ ရင်ဖွင့်သံလေးကို ရေးပေးစေချင်တဲ့ အတွက် အများ ဖတ်ရှုနိုင်ရန်နှင့် အထူးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အပြုသဘောဆောင်ပြီး ဖြေရှင်းပေးကြနိုင်ပါရန် တင်ပြရေးသား လိုက်ရပါသည်။

အထက ၂ ကမာရွတ် အလယ်တန်း၌ ပညာသင်ကြားနေသော ကျောင်းသူ တစ်ဦးနှင့် မိဘများ၏ ခံစားနေရမှုကို ရင်ဖွင့် တင်ပြအပ်ပါသည်။

အာစရိယ ဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိသဗ္ဗဒါ

ရှေးဦးစွာဖြင့် အာစရိယ ဂုဏော အနန္တောဟု ရိုသေစွာဖြင့် အနန္တဂိုဏ်းဝင် ဆရာသခင်များကို ရိုသေစွာ ကန်တော့ဦးတင် လိုက်ရပါသည်။ ပြောရမယ့် စကားကို မပြောသေးခင် ဦးစွာပြောလိုတာကတော့ ငါးပါးဂိုဏ်းဝင်ဂုဏ်အင်ပြည့်ဝ မွန်မြတ် ပါလှသောဆရာများနေ့ အကြောင်း ပါပဲ။ အောက်တိုဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ ဆရာများနေ့ ဖြစ်တယ်။ ယူနက်စကို(UNESCO) အဖွဲ့က နေပြီး ၁၉၉၄ ခုနှစ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ ဆရာများနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ယူနက်စကို ဆိုတာ United Nations Education Scientific and Cultural Organization လို့ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ဖြစ်တယ်။ ပညာရေး ဆိုတာ လူ့အခွင့်အရေး တစ်ရပ် ဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ကျတဲ့ အခန်းကဏ္ဍ တစ်ရပ် လည်းဖြစ်ပါတယ်။ အရည်အသွေးပြည့်မှီတဲ့ သင်ကြားခြင်း တွေဟာ ဆရာများရဲ့အရည်အသွေးအပေါ်မှာ တည်မှီနေရပါတယ်။

ဆရာဆိုတဲ့ ဂုဏ်ကို မြန်မာနိုင်ငံရဲ့ ပညာရေး အဖွဲ့အစည်းများနဲ့ လူမှု အသိုက်အ၀န်းမှာ ၁၉၉၄ ခုနှစ် မတိုင်မီ ကာလများကပင် ဆရာ၊ ဆရာမများကို ရိုသေ ကန်တော့တဲ့ အာစရိယ ပူဇော်ပွဲတွေ ရှိနေခဲ့ပါတယ်။ ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကို တန်ဘိုး ထားပြီး ကျင်းပရခြင်းလည်း ဖြစ်ပါတယ်။

“တပည့်တို့ရဲ့ အကျိုး ကျေးဇူးတို့ကို ကျင့်ဆောင် တတ်သောကြောင့် ဆရာလို့ ခေါ်ဆိုရကြောင်း အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အညီ ဆရာသည် တပည့်သားတို့ အပေါ် မေတ္တာ၊ စေတနာ အရင်း ခံထား၍ မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာ ယဉ်ကျေး လာစေရန် လည်းကောင်း မကောင်းသော အမှုကို ရှောင်ကြဉ်စေ၍ ကောင်းသော အမှုကို ပြုလုပ်စေရန် လည်းကောင်း၊ ချိုသာစွာ ဆုံးမသွန်သင်ပြသကြသည်။

ထို့အပြင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ် ငါးဖြာဟူသည်နှင့် အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာ ဆောင်ရွက် ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တ ကျေးဇူးရှင်များ စာရင်းတွင် ပါဝင်ပါသည်” လို့ ဗုဒ္ဓ ဘာသာကောင်း တစ်ယောက် စာအုပ်ရဲ့ အခန်း ၂၊ စာမျက်နှာ ၈၊ အာစရိယ ဂုဏော အနန္တောခေါင်းစဉ် အောက်မှာ ဖော်ပြ ထားပါတယ်။

အနန္တော အနန္တ ငါးပါးစာရင်းဝင် ဆရာဆိုတာ ဘယ်လို အမျိုးအစားလည်းဆိုတာ အားလုံး သိပြီးသားပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ ကြေးမုံ ထဲမှာတော့ အရောင်အသွေးစုံတဲ့ ဆရာ အမျိုးအစား များစွာ ရှိလို့ နေပါပြီ။ တာဝန်ထက် ပိုလွန်တဲ့ လုံ့လနဲ့ ချီတက်နေတဲ့ ဆရာတွေကို တွေ့ ကြရသလို။ ငွေရဲ့ အထူအပါးအလိုက် ပညာကို အလိုက်ပေး ဖလှယ် ပေးနေတဲ့ ဆရာတွေဆိုတာလည်း တွေ့နေကြရပါတယ်။ တကယ်တော့ ကြည်ညိုဖွယ်ရာ ဆရာ/ ဆရာမ တွေဆိုတာ ဘယ်လိုဟာလဲလို့ စဉ်းစားတွေးတော ကြည့်ဖို့က……….။..

ကျွန်မတို့ မိဘများအနေနဲ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ကျောင်းမှ သင်ယူလိုက်ရသည့် သင်ခန်းစာကိုသာ အားပြုပါသည်။ အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများပေးနေသော ကျူရှင်များကို သွားရောက်သင်ကြားရန် ငွေ အင်အားကြောင့်၎င်း ၊ အပို့၊ အကြို အခက်အခဲများကြောင့်၎င်း မသင်ကြားနိုင်သောကြောင့် စာမေးပွဲ စစ်တိုင်း အမှတ်များ မတရား လျှော့ခံ ရခြင်း၊ အဖြေလွှာကို ဘာကြောင့် အမှတ် လျှော့ရသလဲလို့ သွားရောက် မေးသည့်အခါ ဆရာ စိတ်ဓါတ်ပီပီ ရှင်းပြ၊ ပြောပြ ခြင်း မရှိဘဲ လူမဆန်စွာ အဖြေလွှာစာရွက်ကို လွှင့်ပစ်ခြင်း ၊ ဆရာမများ ဗုဒ္ဓဘာသာဝင် ဆရာကောင်းများ ထားရှိအပ်သော ဆရာစိတ်ဓါတ် မရှိတော့ဘဲ ပိုက်ဆံ (ငွေ) မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ပြီး သင်ကြားနေတဲ့ အတွက် ပညာကို တကယ် လိုချင်သော တပည့်များက ကျောင်း မသွားရဲတဲ့ စိတ်ဓါတ်များ ခံစားနေရခြင်း မျက်နှာငယ်ရခြင်းများ ခံစား နေရခြင်းများ ဖြစ်နေကြရပါသည်။ ဒီလို အကြောင်းတွေနဲ့ ပတ်သက် ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက မိမိတို့ အုပ်ချူပ်နေသော ကျောင်းအတွင်းမှာ ဖြစ်ပျက်နေမှုများကို သေချာစွာသိနိုင်ရန် ရင်ဖွင့် ပြောကြား တင်ပြပေးလိုက်ရပါသည်။

ဤကဲ့သို့ ရေးသားတင်ပြခြင်း မပြုမှီမှာ လည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ရပါသေးသည်။ ပြောမပြရင် အကောင်းသား ပြောပြလိုက်ကာမှ ပြဿနာ ပိုများ ရှာလေမလား။ ကျွန်မတို့ သားသမီးတွေအပေါ် ပိုပြီးတော့များ အဖြစ်ဆိုးစေမှာလား၊ အညှိုးတကြီးနဲ့များ ကလေးတွေ အပေါ် တုံ့ပြန်ကြမလားလို့ စိုးရိမ်စိတ်တွေ များခဲ့ရပါတယ် ဒါပေမယ့် ကိုယ်တစ်ဦး တစ်ယောက် အနစ်နာခံလို့ နောင်လာနောင်သား အများအတွက် ကောင်းကျိုး ဖြစ်စေနိုင်ခဲ့မယ် ဆိုရင်တော့ စတေးရကျိုး နပ်နိုင်မယ်လို့ပဲ ခံယူပြီး ခံစားချက်တွေကို ရင်ဖွင့်ပြရတော့တာပါပဲ။

အာဏာပိုင်များနှင့် ကျောင်းအုပ်ကြီးများကလည်း ဤကဲ့သို့ ငွေကြေးမျက်နှာဖြင့်သာ ဆက်ဆံနေသော ဆရာဆရာများကို လျစ်လျူရှုထားကြပါသည်။

ကျောင်းသူ မိဘ အနေနဲ့ မိမိသားသမီးနှင့် ထပ်တူ ထပ်မျှခံစားနေကြရပါတယ်။ အထက ၂ ကမာရွတ်မှာရင်ဆိုင်နေကြရသော ဤ အခက်အခဲမှ လွတ်မြောက် အောင် ကျောင်းအုပ် ဆရာမကြီးနှင့် တစ်ကွ မိမိတို့၏ သားသမီးများပမာ ကျောင်းနေတပည့်များ အပေါ်၌ စေတနာမေတ္တာဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ အသိပေး ရင်ဖွင့် တိုင်ကြားလိုက်ရပါသည်။

(ရင်သွေးငယ်အတွက် ခံစားနေရသော ကျောင်းသား မိဘတစ်ဦး)။
သတင်း.. Maukkha Education Magazine