04 November 2011

တရုတ်-မြန်မာ ပူးပေါင်း၍ အလတ်စားရေအားလျှပ်စစ် တည်ဆောက်မည်

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ဒီဇိုင်းဌာနတို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အလတ်စား ရေအား လျှပ်စစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ လယ်/ဆည် ဝန်ကြီးဌာနမှ တည်ဆောက်ပြီးဖြစ်သည့် ဆည်တာတမံ ၃ ခုတွင် ရေအားလျှပ်စစ်စီမံကိန်း စက်ရုံများတည်ဆောက်နိုင်ရန် တရုတ်နိုင်ငံ ဒီဇိုင်းဌာနမှ ဒီဇိုင်းရေးဆွဲပေးရေးအတွက် ပြီးခဲ့သည့်လက သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်နေသည့် ရေလှောင်တမံများမှာ မြန်အောင်မြို့အနီးရှိ ကညင်ရေလှောင်တမံ၊ ဖောင်ကြီးမြို့ အနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် သာယာဝတီမြို့အနီးရှိ သုံးဆယ်ရေလှောင်တမံတို့ ဖြစ်ကြောင်း သိရသည်။

၎င်း ရေလှောင်တမံများ တည်ဆောက်ပြီးစီးသွားပါက တည်တာတမံတစ်ခုစီတွင် နှစ်မဂ္ဂါဝပ်ခန့် စက်နှစ်လုံးစီ တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ပြီး ထိုသို့ တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံမှ အကူအညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်-မြန်မာ ပူးပေါင်း၍ တည်ဆောက်မည့် အလတ်စားရေအားလျှပ်စစ် စီမံကိန်း၌ လက်ရှိအချိန်တွင် တရုတ် ယွမ်သန်း ၂၆၀ ခန့် ကုန်ကျမည်ပာု သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး ဆည်တာတမံများမှ ဆည်ရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ကိုပါ ပူးတွဲ ထုတ်လုပ်သွားရန်အတွက် လိုအပ်သည့် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းကို China Water Resources Beifang Investigation Design and Research ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရေအားလျှပ်စစ် တည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံဘက်မှ အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ထိုသတင်းအား 7day News Journal တွင်ဖော်ပြထားပါသည်.။