04 November 2011

မာန်အောင်မြို့ နယ်တွင် ပိုစတာကမ်ပိန်းတစ်ခု လှုပ်ရှား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ပိုစတာကမ်ပိန်းတစ်ခုကို နိုဝင်ဘာ ၂ ရက်နေ့က ပြုလုပ်သွားတယ်လို့ သိရပါတယ်။

“မနေ့က မနက်စောစော ၆ နာရီကျော်လောက်မှာ မြန်အောင်မြို့နယ် မြို့ သစ်ဈေးနားမှာ ပိုစတာတစ်ခု ကပ်ထားတာကို တွေ့ရတယ်” မာန်အောင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မာန်အောင်မြို့စာတိုက်ရုံးနားမှာ ပိုစတာ တစ်ခု၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးမှာ ပိုစတာ တစ်ခုနဲ့ မော်တော်ကားဂိတ်နားမှာလည်း ပိုစတာတစ်ခု အပါအဝင် မာန်အောင်မြို့နယ်အတွင်းမှာ ပိုစတာ ၇ခု ၈ ခုလောက် ကပ်ထားတာကို တွေ့ခဲ့ရတယ်” လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပါတယ်။

အဆိုပါ ပိုစတာ ရဲ့ အပေါ်ဆုံးမှာ နိုင်ငံရေးအကျဉ်းကျ သံဃာတော်တွေရဲ့ပုံ ပါတယ်။အဲဒီအောက်မှာ “မြန်မာပြည်သူများဘက်တွင် ကမ္ဘာ့ပြည်သူများ ရပ်တည်နေကြသည်။” ဆိုတဲ့ စာတမ်းပါတယ်။ အဲဒီအောက်မှာ နိုင်ငံရေးအကျဉ်းသား ယောက်ျား၊ မိန်းမတွေရဲ့ ဓာတ်ပုံတွေပါတယ်။ အဲဒီအောက်မှာ “တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်” ဆိုတဲ့စာတမ်းပါတယ် လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပါတယ်။ဈေးကိုလာတဲ့ပြည်သူတွေက ဈေးရှေ့ မှာ ကပ်ထားတဲ့ပိုစတာကို စိတ်ဝင်တစားဖတ်ရှုနေကြပါတယ်။ဒါပေမယ့် မနက် ၇ နာရီ ဝန်းကျင်လောက်မှာတော့ ရဲတွေရောက်လာပြီး ပိုစတာတွေကို လာသိမ်းသွားတယ်လို့ ပြောပါတယ်။

အခု ပိုစတာကမ်ပိန်းကို ဘယ်အဖွဲ့အစည်းကနေ လှုပ်ရှားလုပ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“နိုင်ငံရေးအကျဉ်းသားတွေကို လွတ်စေချင်တဲ့ဆန္ဒဟာ လူအများစုမှာ ရှိနေကြပါတယ်။ အဲဒီဆန္ဒပေါ်မှာ လူတစုကနေ လှုပ်ရှားပြီး အကောင်အထည်ဖော်လိုက်တာဖြစ်တယ်” လို့ မာန်အောင်မြို့ခံတစ်ဦးက ဘားမားဗီဂျေ ကို ပြောပြခဲ့ပါတယ်။

သတင်း... (Burma VJ Media Network)