06 July 2011

လုပ်အားခ မှန်ကန်စွာမပေးနိုင်မှုကြောင့် နေပြည်တော်၌ လုပ်သားရှားပါးလာ

နေပြည်တော်၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဆောက်လုပ်ရေးကန်ထရိုက်အချို့သည် လုပ်အားခ မှန်မှန်မပေးနိုင်သည့် အတွက် လုပ်သားရှားပါးမှု ပြဿနာအား ကြုံတွေ့လာရကြောင်း သိရသည်။

လက်ရှိလုပ်ကိုင်နေသည့် လုပ်သားများမှာ လုပ်အားခ ပိုက်ဆံမှန်မှန်မရရှိသည့်အတွက် မလုပ်ချင်ကြတော့ကြောင်း၊ အလုပ်သမားအသစ်များကို ခေါ်ဆိုသော်လည်း လုပ်အားခမမှန်သည့်သတင်းကြောင့် မလုပ်ချင်ကြကြောင်း၊ တကယ်မှန်မှန်လုပ်ကိုင်သည့် ကန်ထရိုက်များမှာ နစ်နာမှုများ ကြုံတွေ့ရ ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားများမှာ နေပြည်တော်၌ လုပ်အားခပိုရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် သွားရောက်လုပ်ကိုင်ကြခြင်း ဖြစ် ကြောင်း သိရသည်။ ထိုသို့ သွားရောက်လုပ်ကိုင်ကြသည့် လုပ်သားများမှာ မိသားစုနှင့် ခွဲခွာ၍ သွားရောက်လုပ်ကိုင်ကြသည့်သူများပြားကြောင်း၊ သို့သော် လုပ်အားခ မှန်မှန်မရရှိသည့်အတွက် ကျန်ခဲ့သည့် မိသားစုမှ စားဝတ်နေရေး ခက်ခဲလာခဲ့ကြောင်း ဆောက်လုပ်ငန်းလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

အလုပ်သမားစခေါ်စဉ်ကာလ၌ မက်လုံးများပေး၍ ခေါ်ဆိုကြောင်း၊ သွားရသည့်ခရီးမှာလည်း မိမိစရိတ်ဖြင့် မိမိသွားရကြောင်း၊ အလုပ်ပြီးမြောက် သွားသည့်အခါ ၁၀ ရက်ခန့်ကြာသော်လည်း လုပ်ခလစာ ရှင်းမပေးကြောင်း၊ အလုပ်ရှင်ထံ တောင်းသည့်အခါ လုပ်အားခ အပြည့်မပေးသည့်အတွက် အိမ်သို့ ငွေပြန်ပို့ရန် ခက်ခဲလာခဲ့ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတို့မှ မှန်မှန်ကန်ကန်နှင့် လုပ်အားခ အပြည့်အဝပေးမည်ဆိုပါက မိမိတို့က ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ စလုပ်စကတည်းကပင် ငွေလိုချင်၍ လုပ်ကိုင်သည်ဖြစ်သည့်အတွက် လုပ်အားခမှန်မှန်ပေးပါက မိမိသာမက မည်သူမဆို ဆက်လုပ်လုပ်ကိုင်မှာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ အလုပ်သမားများအား လုပ်အားခမှန်မှန်မပေးမှုများသည် ရပိုင်ခွင့်အရ ကြည့်မည်ဆိုပါက ဥပဒေနှင့် ငြိစွန်းကြောင်း သိရသည်။ ထိုသတင်းအား ကုမုဒြာ ဂျာနယ်တွင်ဖော်ပြပါရှိသည်။