06 July 2011

ယာဉ်ထိန်းရဲများ လာဘ်ယူမှု ဝန်ကြီးချုပ်ထံ တင်ပြ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်၌ လာဘ်ပေးလာဘ်ယူကိစ္စရပ်အား စီမံချက်ဖြင့် အဓိကတိုက်ဖျက်လျက်ရှိရာ လမ်း ပေါ်၌ ယာဉ်ထိန်းရဲများ လာဘ်ယူသည့် ကိစ္စရပ်အား ပြည်သူ့လွှတ်တော်အမတ်တစ်ဦးမှ ဝန်ကြီးချုပ်ထံ တိုင်ကြားတင်ပြခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် ရွှေပြည်သာမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း၊ ကိုက်လေးငါးရာအတွင်း၌ ကားတစ်စီးနှင့် ယာဉ်ထိန်းရဲများ ပိုက်ဆံတောင်းနေ သည်ကို မြင်ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်အား သက်ဆိုင်ရာဝန်ကြီးချုပ်ထံ အစီရင်ခံစာရေးသား၍ တင်ပြပြီးသွားပြီဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒအား အဓိကထား၍ တင်ပြခြင်းဖြစ်ကြောင်း ၎င်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ယခု အစီရင်ခံစာရေး၍ တိုင်ကြားရခြင်းမှာ လမ်းပေါ်၌ ယာဉ်ထိန်းရဲများမှာ လှည့်ကင်းများဖြင့် ကြည့်ရှုစစ်ဆေး သော်လည်း စည်းကမ်းမဲ့ယာဉ်များ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နားလည်မှုဖြင့် လာဘ်ပေးလာလ်ယူ ပြုလုပ်ကာ ၎င်းနေရာတွင်ပင် ယာဉ်စည်းကမ်းဖောက်ဖျက်မှု ကိစ္စ ရပ်အား အပြီးသတ်ဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ခရီးသည်တင်ယာဉ်များမှာ ယာဉ်နောက်လိုက်များက ပိုက်ဆံများအား အသေးငယ်ဆုံး ဖြစ်အောင်ခေါက်ကာ ယာဉ်ထိန်းရဲများအား ပစ်ချပေးခြင်း၊ ယာဉ်ထိန်းရဲနှင့်ယာဉ်နောက်လိုက်တို့ လက်ဝါးခြင်းရိုက်၍ ခရီးသည် တင်ယာဉ် များ ယာဉ်စည်းကမ်းဖောက်ဖျက်မှုကို မသိချင်ယောင်ဆောင်နေသည့် စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

လာဘ်ပေး လာဘ်ယူ ကိစ္စရပ် အဓိက ဖြစ်ပေါ်လျက်ရှိသည့် အကြောင်းရင်းမှာ စားဝတ် နေရေးပြဿနာ ကြောင့်ပင် ဖြစ်ကြောင်း၊ လစာနှင့် ကုန်ဈေး နှုန်းမှာ ညီမျှမှု မရှိသည့်အတွက် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူ ကိစ္စရပ်မှာ လတ်တလောဖြေရှင်းဆောင်ရွက်ရုံဖြင့် ချက်ချင်းပြေလည်သွားနိုင်သည့် ကိစ္စရပ် မပာုတ်ဘဲ ရေရှည်ဆောင်ရွက် ဖြေရှင်းရမည့် ကိစ္စရပ်ပင်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်အား ဖြေရှင်းဆောင်ရွက်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ မည်သည့်ဌာနများ၌ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်ဖြစ်ပွားနေသနည်း ဆိုသည်ကိုအဓိက လေ့လာရမည်ဖြစ်ပြီး၊ ဝန်ထမ်းများ၏ လစာအား ကုန်ဈေးနှုန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် သတ်မှတ်၍ ပေးမည်ဆိုပါက လာဘ်ပေးလာဘ်ယူကိစ္စရပ် လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းလွှတ်တော်ကိုယ်စားလှယ်မှ လာဘ်ပေး လာဘ်ယူ ကိစ္စရပ်မှာ နိုင်ငံ အသီးသီးတွင် ဖြစ်ပွားလျက်ရှိ
ကြောင်း ပြောဆိုခဲ့ပြီး မည်သည့်နိုင်ငံ၌ အများဆုံးဖြစ်ခဲ့ သည်ကို မေးမြန်းသည့် အခါ ဖြေရခက်အောင် မမေးမြန်းရန် ပြောကြားခဲ့သည်။

(Venus News၊ အတွဲ-၂၊ အမှတ်-၄၇ ပါ “လမ်းပေါ်မှာ လာဘ်ယူနေသူတွေကို ဝန်ကြီးချုပ်ထံ ပြည်သူ့လွှတ်တော် အမတ်တစ်ဦး တင်ပြပြီ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

သတင်း..Transparency Myanmar