07 July 2011

ရထားပေါ်မှ အတွေးများ…၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်။

၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၆ နှစ်ပြည့်မြောက်ခဲ့သည်ဟု ဖတ်လိုက်ရပါသည်။ ထိုအကြောင်းကို စိတ်ကူးရင်း ကျွန်တော်သည် အေးစက်နေသည့် ရထားအတွင်း မျက်စိမှိတ်လိုက်ပါလျက် သက္ကရာဇ် ရက်စွဲအချို့အကြောင်းကို တွေးတောနေမိ၏။

ဦးအောင်ဆန်းသည် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို၌ မွေးဖွားခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ ဒေါ်ခင်ကြည်သည် ဦးအောင်ဆန်းထက် ၃ နှစ်ခန့် အသက်ကြီးပါသည်။ ကျောက်ဖြူကိုလည်း မနမ်းနှင့် အောက်သူကိုလည်း မစမ်းနှင့် ဆိုပေမင့် ကိုအောင်ဆန်းတစ်ယောက် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် မခင်ကြည်နှင့် လက်ထပ်ပြီး အောက်ပြည်အောက်သားတစ်ယောက် ဖြစ်သွားခဲ့ပါတော့သည်။ အိမ်ထောင်ပြုတော့ ကိုအောင်ဆန်း အသက် ၂၇ နှစ်၊ မခင်ကြည် အသက် ၃၀နှစ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်ဟု သိရပါသည်။ ကိုအောင်ဆန်းနှင့် မခင်ကြည်တို့၏ အိမ်ထောင်သက် ၃ နှစ်ဝန်းကျင်အတွင်း တတိယမြောက်ကလေးဖြစ်သည်။

ယေဘူယျတွက်ချက်မှုအရဆိုလျှင် ၁၉၄၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလောက်တွင် မိခင်၏ ၀မ်းတိုက်အတွင်း ဒေါ်အောင်ဆန်းစုကြည် စတင် သန္ဓေတည်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးပန်းခြံအတွင်း ဗမာ့တပ်မတော်တပ်ထွက်မိန့်ခွန်းပြောသည့် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဒေါ်ခင်ကြည်၏ ကိုယ်ဝန်မှာ ၅ လ - ၆ လ ၀န်းကျင်ဖြစ်မည်ဟု မှန်းဆနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တော်လှန်ရေးအတွက် ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သည်ဟု မှတ်တမ်းများက ဆိုကြပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် နောက်အကျဆုံး မတ်လ ၂၂ ရက် မတိုင်ခင် သူ့မိသားစုကို ဘေးကင်းရာသို့ ပို့ထားလိမ့်မည်ဖြစ်ပါသည်။

ရထားပေါ်မှ ကျွန်တော့်အတွေး၏ အဓိကအကြောင်းမှာ ယခုမှ စပါသည်။ ၅လ - ၆လ ကိုယ်ဝန်ဖြင့် ချစ်လှစွာသော ဇနီးမိန်းမ ၊ ၂ နှစ်အရွယ်ခန့် လူမမယ် သားတစ်ယောက်၊ ၁ နှစ်အရွယ်ခန့် သားပေါက်စလေး တစ်ယောက်။ ဒီမိသားစုကို သူနှင့်ဝေးရာ၊ ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်တို့၏ ဘေးအန္တရာယ်မှ ဝေးရာဟု သူထင်မြင်ယူဆသည့် နေရာမှာ ထားရစ်ခဲ့ပြီး တော်လှန်ရေးစတင်ဖို့ ထွက်ခွာသွားချိန်မှာ သူဘာတွေကို တွေးနေမှာပါလိမ့်။ တော်လှန်ရေးစပြီး တိုက်ပွဲကျည်များ ခဏငြိမ်နေသည့် အချိန်မှာ သူ့မိသားစုကို တချက်တချက်တော့ သတိရမိလိမ့်မည်လား……။ ကျွန်တော်တွေးနေမိပါသည်။

တော်လှန်ရေးကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုကို ဘေးလွတ်ရာ ပို့ထားသည့်နေရာနှင့် ပတ်သက်၍ ယခင်က ကျွန်တော်ဖတ်ဖူးခဲ့သည်မှာ ဧရာဝတီတိုင်းအတွင်းမှ ကရင်ရွာလေးတစ်ရွာသို့ ပို့ထားသည်ဟု မှတ်သားခဲ့ဖူးပါသည်။ (ဦး)တင်မောင်ဝင်းရေးသားခဲ့သည့် နိုင်ငံရေးသမားနှင့် နိုင်ငံရေး စာအုပ်၏ စာမျက်နှာ ၂၃ တွင်တော့ ဤအကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ရေးသားထားသည်ကို အောက်ပါအတိုင်း ဖတ်ရပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်မှာ ဖျာပုံမြို့မြောက်ပိုင်း ဈေးအနီး ကျနော့်မိခင် (ဦးတင်မောင်ဝင်း၏ မိခင်) ဖြစ်သော ဒေါ်မြသင်၏ မောင်အရင်းဖြစ်သည့် ဦးမြတင်နှင့် ဇနီး ဒေါ်မြင့်မြင့် အိမ်တွင် လျှို့ဝှက်စွာ နေရပါသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးမှာလည်း စတော့မည်ဖြစ်ပါသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတဦး၏ ဇနီးဖြစ်သောကြောင့် ဒေါ်ခင်ကြည်၏ လုံခြုံရေးမှာ အထူးအရေးကြီးနေသော အချိန်ပင်ဖြစ်ပါသည်။ စာမျက်နှာ ၂၃”

ဒေါ်ခင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည့်ကလေး၏ ကိုယ်ဝန်ကိုလွယ်ရင်း သား ၂ ယောက်နှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ဖျာပုံမြို့၌ ပုန်းအောင်းနေခဲ့သည်ဟု မှတ်တမ်းအရ သိရသည်။

၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အင်္ဂလိပ်တပ်များ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ သိမ်းပိုက်လိုက်ကြသည်။ ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြတိသျှတို့က စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်ကြောင်း ကြေငြာခဲ့သည်။ ရန်ကုန်မြို့ အုပ်ချုပ်ရေး ပြန်လည်တည်ငြိမ်လာသည်ဟု ဆိုရမည်ထင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပဲ ရန်ကုန်မြို့သို့အရင် ပြန်ရောက်မည်ဟု ထင်ပါသည်။ မှတ်တမ်းတော့ မတွေ့မိသေးပါ။ ရက်အနည်းငယ် ကြာသွားသောအခါ ဒေါ်ခင်ကြည်သည် ကိုယ်ဝန်အရင့်အမာဖြင့် သား ၂ ယောက်ကို တဘက်တချက် လက်ဆွဲလျက် ဗိုလ်ချုပ်အောင်ဆန်း ရှိနေရာ ရန်ကုန်မြို့သို့ ၀မ်းမြောက်ဝမ်းသာဖြင့် ရောက်ရှိလာပါတော့သည်။ မိသားစု ပြန်လည်တွေ့ဆုံခန်း ခမ်းနားမှု ကင်းကင်း ရိုးသားစွာ ပြီးမြောက်ခဲ့ပါလိမ့်မည်။ ဗိုလ်ချုပ် မည်မျှ ၀မ်းသာနေလိမ့်မလဲ။ နေသူရိန်လူထုအစည်းအဝေးပွဲကြီး ကျင်းပရန် စီမံရသဖြင့် လွန်စွာအလုပ်များနေသည့် အချိန်၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်ခင်ကြည်သည် တို့ဗိုလ်ချုပ်နှင့် တို့အားလုံးအတွက် သမီးလေး တစ်ဦးကို မွေးဖွားပေးခဲ့လေသည်။

ထိုအချိန်မှ ၆၆ နှစ် ကြာပြီးသွားသော နေ့၏ တမနက်တွင် ကျွန်တော်သည် အေးစက်နေသည့် ရထားအတွင်း မျက်စိမှိတ်လိုက်ပါလျက် သက္ကရာဇ်ရက်စွဲအချို့အကြောင်းကို တွေးတောနေမိ၏။ ရထားသည် အချိန်ကာလကဲ့သို့ပင် တဟုန်ထိုး ခုတ်မောင်းနေလေသည်။


စောသက်လင်း

ရည်ညွန်းကိုးကားသည့် လက်လှမ်းမှီရာ စာအုပ်များ

၁။ တင်မောင်ဝင်း၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ ပထမအကြိမ်၊ ၂၀၀၀ နိုဝင်ဘာ။

၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ အင်းဝစာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၈။

၃။ ကိုသန်း (ကြည့်မြင်တိုင်)၊ နိုင်ငံရေးအတွေ့အကြုံများ၊ ပင်ဝါးရုံစာပေ၊ ၂၀၀၉ နိုဝင်ဘာ။