06 July 2011

တပ်မ​တော် နည်း​ပညာ​ကောလိပ် အ​ရေး​အခင်း​ (တတိယပိုင်း​)

ပထမပိုင်း ​နဲ့​ ဒုတိယပိုင်း​မှာ တပ်မ​တော်နည်း​ပညာ​ကောလိပ် ​ပေါ်​ပေါက်လာပုံ၊​ စစ်သည်​ကျောင်း​သား​တွေ ​နေထိုင်စား​သောက်ရပုံ​တွေနဲ့​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​တာ​တွေကို တင်ပြခဲ့​ပါတယ်။ စစ်သည်​ကျောင်း​သား​တွေရဲ့​ ရပိုင်ခွင့်​တွေ ​တောင်း​ဆိုပုံအ​ကြောင်း​ကို ဆက်လက်တင်ပြပါမယ်။

“​ကျောင်း​သား​တွေရဲ့​ စိတ်ထဲမှာ ရပိုင်ခွင့်​တောင်း​တယ်။ ရပိုင်ခွင့်​ဆိုတာထက် ရုန်း​ထွက်ချင်စိတ်​တွေ ပိုများ​တယ် အဲဒီအချိန်မှာက။ ရုန်း​ထွက်ချင်စိတ်​တွေ ပိုများ​လာ​တော့​၊​ စကား​ပုံ​လေး​ တခု​ပြောမယ်ဆိုရင် ကျ​နော်တို့​ နွား​ပြာကြီး​ ကျ​အောင် သား​ရေဖင်ခုမထိုင်နဲ့​ပေါ့​။ စစ်တပ်မ​ကောင်း​ကြောင်း​ကို သိသွား​တဲ့​အခါကျ​တော့​ စစ်တပ်ထဲမှာ မ​နေချင်ကြတဲ့​စိတ်​တွေ ပိုများ​လာတယ်။ ရပိုင်ခွင့်​ တခုဆိုတာထက်။ ကျ​နော်တို့​တွေ အား​လုံး​က စစ်တပ်ကို ယုံကြည်ခဲ့​ကြတယ်။ သူတို့​လည်း​ ​ကြေညာထား​တယ်။ တပ်မ​တော်သည်သာ အမိ၊​ တပ်မ​တော်သည်သာ အဖလို့​၊​ တကယ်တမ်း​ တပ်မ​တော်က အမိအဖ​နေရာက မ​နေခဲ့​တော့​ ကျ​နော်တို့​လည်း​ အဲဒီစစ်တပ်ထဲမှာ မ​နေချင်​တော့​ဘူး​။ အဲဒီအချိန်မှာ လုပ်ခဲ့​ကြတာ အဓိက စစ်တပ်မ​ကောင်း​ဘူး​ဆိုတာ သိ​နေတဲ့​အတွက် စစ်တပ်ထဲမှာ ​နေချင်စိတ် ကုန်ခန်း​သွား​တဲ့​အတွက် အဲလိုမျိုး​ ဖြစ်သွား​တာ​ပေါ့​။ ”

စစ်တပ်ထဲမှာ ​နေခဲ့​တဲ့​ ကာလမှာ စစ်တပ်အ​ကြောင်း​ကို ပိုသိခဲ့​ရလို့​ စစ်တပ်က ထွက်ခဲ့​တာလို့​ ​ပြောဆိုသွား​ပေမယ့်​ စစ်တပ်ထဲက​နေ ထွက်ခွာဖို့​ စဖြစ်လာတာက​တော့​ ၂၀၀၂ ခုနှစ် နှစ်ဆန်း​ပိုင်း​မှာပါ။

အပတ်စဉ် ၃ သင်တန်း​ကစပြီး​ သင်တန်း​သား​တွေဟာ ၂ နှစ်သင်တန်း​ကို A.G.T.I လက်မှတ်နဲ့​ ​ကျောင်း​ဆင်း​ပေး​တော့​မှာဆိုတဲ့​ ​ကောလာပါလ သတင်း​တခု တပ်မ​တော်နည်း​ပညာ ​ကောလိပ်မှာ ​ပေါ်ထွက်လာခဲ့​ပါတယ်။ အဲဒီ သတင်း​ ထွက်​ပေါ်လာတဲ့​အချိန်မှာ အပတ်စဉ် ၁ သင်တန်း​သား​တချို့မှာ စတုတ္ထနှစ် B.Tech. ဘွဲ့​ကို သင်ကြား​နေပြီး​ အပတ်စဉ် ၂ သင်တန်း​သား​အချို့ကလည်း​ တတိယနှစ်မှာ B.Tech. ဘွဲ့ကို သင်ကြား​နေချိန် ဖြစ်ပါတယ်။

အဲဒီသတင်း​ရဲ့​အဓိပ္ပာယ်က​တော့​ အပတ်စဉ် ၁ နဲ့​ ၂ သင်တန်း​သား​အား​လုံး​ဟာ B.E. အင်ဂျင်နီယာဘွဲ့​ကို ဆက်ပြီး​ သင်ယူခွင့်​မရ​တော့​ဘဲ B.Tech နည်း​ပညာဘွဲ့ တတ်​မြောက်ပြီး​ရင် အဲဒီ နည်း​ပညာဘွဲ့နဲ့​ပဲ ​ကျောင်း​ဆင်း​ပေး​တော့​မယ် လို ဖြစ်လာပါတယ်။ အင်ဂျင်နီယာဘွဲ့​ကို မ​ပေး​တော့​ဘူး​လို့​ ကြား​ကြား​ချင်း​ တပ်မ​တော်နည်း​ပညာ​ကောလိပ် တ​ကျောင်း​လုံး​ မ​ကျေနပ်တဲ့​အသံ​တွေ ဆူညံပွက်​လော ရိုက်သွား​ပါ​တော့​တယ်။

အဲဒီသတင်း​ အမှန်တကယ်ဖြစ်​ကြောင်း​ သိရှိကြရတဲ့​အခါမှာ​တော့​ တပ်မ​တော်နည်း​ပညာ​ကောလိပ်​ကျောင်း​သား​အား​လုံး​ရဲ့​ မ​ကျေနပ်စိတ်​တွေဟာ အမြင့်​ဆုံး​ကို ​ရောက်သွား​ပါ​တော့​တယ်။ အထူး​သဖြင့်​ ဒုတိယနှစ်ကို​ရောက်​နေတဲ့​ အပတ်စဉ်၃ သင်တန်း​သား​တွေဟာ အနစ်နာဆုံး​ဖြစ်တဲ့​အတွက် မ​ကျေနပ်ဆုံး​သူ​တွေ ဖြစ်ပါတယ်။ အပတ်စဉ် ၃ ကစပြီး​ ​နောက်လာမယ့်​ သင်တန်း​အပတ်စဉ်​တွေကို ၂ နှစ်သင်တန်း​ (A.G.T.I လက်မှတ်) နဲ့​ ပညာသည် တပ်ကြပ်ကြီး​ရာထူး​နဲ့​ ​ကျောင်း​ဆင်း​ ​ပေး​တော့​မှာဖြစ်တယ်လို့​ တရား​ဝင် သတင်း​တွေ ထွက်​ပေါ်လာလို့​ ဖြစ်ပါတယ်။

MTC ​ကျောင်း​သား​တွေ မ​ကျေနပ်ဖြစ်တာဟာ တပ်မ​တော်က ​ပေး​အပ်မယ့်​ ရာထူး​ကို မရရှိမှာစိုး​လို့​မပါုတ်ပါဘူး​။ အဓိကအား​ဖြင့်​ B.Tech. နည်း​ပညာဘွဲ့​နဲ့​ B.E. အင်ဂျင်နီယာဘွဲ့တွေကို ဆက်လက်မသင်ကြား​နိုင်တဲ့​အတွက် ဖြစ်ပါတယ်။ MTC သင်တန်း​သား​တွေ ​လျှောက်လွှာ​ခေါ်ယူစဉ်တုန်း​က နိုင်ငံပိုင်သတင်း​စာ​တွေနဲ့​တိုင်း​စစ်ဌာနချုပ်​တွေက ​ပေး​တဲ့​ လက်ကမ်း​စာအုပ်ငယ်​တွေမှာ ပဉ္စမနှစ်အထိ ထူး​ချွန်သူ​တွေကို ပညာသင်ကြား​စေပြီး​ B.E. ဘွဲ့ပေး​အပ်မှာ ဖြစ်​ကြောင်း​ ပါရှိပါတယ်။

ကျောင်း​သား​တွေဟာ ​လေ့​ကျင့်​ရေး​ပြင်း​ထန်လွန်း​တာနဲ့​ စား​သောက်​ရေး​ အလွန်ညံ့​ဖျင်း​တာတို့​ကို သည်း​ခံခဲ့​ကြပါတယ်။ သို့​သော်လည်း​ပဲ ဘဝနှင့်​ချီပြီး​ ​ပြောင်း​လဲသွား​မယ့်​ မိမိတို့​ရဲ့​ ပညာ​ရေး​ကိစ္စမှာ​တော့​ ​ကျောင်း​သား​အား​လုံး​ မခံမရပ်နိုင် ဖြစ်လာပါ​တော့​တယ်။ အဲဒီအတွက်​ကြောင့်​လည်း​ အပတ်စဉ် ၃ ​ကျောင်း​သား​တွေဟာ B.Tech, B.E ဘွဲ့တွေ မ​ပေး​တော့​တဲ့​ကိစ္စမှာ ​ရှေ့​ဆုံး​က ဦး​ဆောင်ပါဝင်ခဲ့​ကြပါတယ်။

အဲဒီအချိန်က တပ်မ​တော်နည်း​ပညာ​ကောလိပ် တ​ကျောင်း​လုံး​မှာ အပတ်စဉ် ၄ သင်တန်း​သား​တွေလည်း​ ရှိ​နေတဲ့​အတွက် အပတ်စဉ် ၁ မှ ၄ အထိ စုစု​ပေါင်း​ ​ကျောင်း​သား​ဦး​ရေ ၃၀၀၀ ​ကျော်ရှိပါတယ်။ ​ရှေ့​ဆက်ပြီး​ ဘာလုပ်ကြမလဲဆိုတာနဲ့​ ပတ်သက်ပြီး​ အရင်ဆုံး​ အပတ်စဉ် (၃) ​ကျောင်း​သား​အား​လုံး​ရဲ့​ သ​ဘောဆန္ဒကို တိုင်ပင်​ဆွေး​နွေး​ကြပါတယ်။ အဲဒီအခါမှာ ​ကျောင်း​သား​တွေက အပတ်စဉ်တခုတည်း​ မလုပ်ဘဲ စီနီယာ​တွေနဲ့​ ပူး​ပေါင်း​တိုင်ပင်ပြီး​ ​ဆောင်ရွက်တာ ပို​ကောင်း​တယ်လို့​ ယူဆပြီး​ အပတ်စဉ် ၁ နဲ့​ ၂ မှ စီနီယာ​တွေနဲ့​ ပူး​ပေါင်း​ညှိနှိုင်း​ကာ လုပ်​ဆောင်ခဲ့​ကြပါတယ်။ ဘွဲ့မ​ပေး​တော့​တဲ့​ ကိစ္စကို ​ဆောင်ရွက်ရာမှာ ​ရှေ့​ဆုံး​က​နေ အား​ကျိုး​မာန်တက် အချိန်ပြည့်​ လုပ်​ဆောင်ကြတဲ့​ စစ်သည် ​ကျောင်း​သား​အချို့ဟာ အလိုလို ​ခေါင်း​ဆောင်​တွေ ဖြစ်လာကြပါတယ်။ အဲဒီ​ခေါင်း​ဆောင်​တွေထဲက တ​ယောက်ဖြစ်တဲ့​ ​ထောင်ကျ စစ်သည်​ကျောင်း​သား​က သူရဲ့​ အတိတ်ကို ပြန်လည်​ပြောဆိုပါတယ်။

“တပ်မ​တော်သား​တွေ​တော့​ စစ်အင်ဂျင်နီယာတပ်လို့​ ​ခေါ်တာ​ပေါ့​။ စစ်အင်ဂျင်နီယာဆိုတာ ကျ​နော်တို့​ တိုက်ရိုက်က အရာရှိမဖြစ်ခင် ကျ​နော်တို့​တွေ အရာရှိဖြစ်လာမယ်။ ​နောက်ပြီး​အင်ဂျင်နီယာ တ​ယောက်ဆိုတဲ့​ အဆင့်​အတန်း​တခုနဲ့​ လိုက်​လျောညီ​ထွေမှု ရှိ​အောင် ​နေထိုင်ဖို့​အခွင့်​အ​ရေး​ တရပ်ရလာမယ်။ အဲဒီ၂ ခု​ကြောင့်​ ကျ​နော်တို့​ ဒီလမ်း​ကြောင်း​ကို ​ရွေး​လိုက်တာ။ အဓိက​တော့​ စစ်တပ်ကို ယုံစား​မိတာ​ပေါ့​။ စစ်တပ်က ​ပြောတဲ့​အတိုင်း​လုပ်မယ် ထင်ပြီး​တော့​ စစ်တပ်ကို ယုံစား​မိတဲ့​အချိန်မှာ စစ်တပ်က ​ပြောတဲ့​စကား​တခုနဲ့​ ညီ​အောင်မလုပ်နိုင်တဲ့​အတွက် ကျ​နော်တို့​တွေ ဘဝပျက်သွား​တာ။ ကျ​နော်တို့​တွေ အညွန့်​ချိုး​ခံလိုက်ရတာ။”

ကျန်တဲ့​ကျောင်း​သား​တွေကလည်း​ သူတို့​ကို လိုလိုလား​လား​ ​ခေါင်း​ဆောင်တင်ခဲ့​ပါတယ်။ အဲဒီ​ခေါင်း​ဆောင်​တွေဟာ တပ်ခွဲတခွဲမှာ အနည်း​ဆုံး​ နှစ်​ယောက်မှ ​လေး​ငါး​ယောက်အထိ ပါခဲ့​ကြပါတယ်။ ​မေဂျာအခန်း​ အလိုက်လည်း​ သူတို့​ပဲ ​ခေါင်း​ဆောင် ပါဝင်ကြပါတယ်။

ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ လျှို့​ဝှက် တိုင်ပင်​ဆွေး​နွေး​ကြပါတယ်။ ​ကျောင်း​အုပ်ကြီး​ကစပြီး​ အရာရှိ​တွေအလယ် အကြပ်တပ်သား​အဆုံး​ လုံး​ဝမရိပ်မိ၊​ မသိရှိ​အောင် လျှို့​ဝှက်လုပ်ခဲ့​ပါတယ်။ အများ​ဆုံး​ စု​ဝေး​ တိုင်ပင်​ဆွေး​နွေး​ဖြစ်တဲ့​ အချိန်​တော့​ Night Study သင်တဲ့​ အချိန်ဖြစ်ပြီး​ ည ၇ – ၉ နာရီအထိ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ တခြား​လုံခြုံတဲ့​နေရာ​တွေမှာ စု​ဝေး​တိုင်ပင်ကြပါတယ်။ ​ဆွေး​နွေး​ကြပြီး​တော့​ ​နောက်ဆုံး​ ဆုံး​ဖြတ်ချက်​တွေနဲ့​ လုပ်​ဆောင်မယ့်​ လုပ်ငန်း​စဉ်​တွေကို တပ်ခွဲလိုက် ​ခေါင်း​ဆောင်​တွေကတဆင့်​ Night Study ဝင်ချိန်နဲ့​ ၉ နာရီ ​နောက်ပိုင်း​ တပ်ခွဲရှိ အိပ်​ဆောင်​တွေဆီ တိုး​တိုး​တိတ်တိတ် လာ​ရောက်​ပြောဆိုကြပါတယ်။ ​နောက်ဆုံး​မှာ ​ကျောင်း​သား​စစ်သည် အများ​စုရဲ့​ ဆန္ဒအရ B.Tech. , B.E. ဘွဲ့တွေအထိ ပညာဆက်လက်သင်ကြား​ခွင့်​ရဖို့​ တပ်မ​တော်အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေနဲ့​ နအဖ အတွင်း​ရေး​မှုး​ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး​ ခင်ညွန်ထံ စာ​ရေး​တင်ပြမယ်လို့​ ဆုံး​ဖြတ် လိုက်ပါ​တော့​တယ်။

တပ်မ​တော် နည်း​ပညာ​ကောလိပ်ရဲ့​ ​ကျောင်း​သား​တွေထဲမှာ တပ်မ​တော်အရာရှိကြီး​တွေရဲ့​ သား​တွေ ပါရှိပါတယ်။ အဲဒီ အရာရှိကြီး​တွေထဲက တချို့ ဟာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​တပ်မ​တော် ​ထောက်လှမ်း​ရေး​ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး​ခင်ညွန့်​ဆီ အဝင်အထွက် ရှိသူ​တွေဖြစ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး​ ခင်ညွန့်​ တန်ခိုး​ဩဇာ ကြီး​ထွား​နေချိန်ပါ။

ပထမဆုံး​အကြိမ် စာ​ရေး​ပေး​ပို့​ကြရာမှာ အရာရှိကြီး​အချို့​ရဲ့​ သား​တွေကတဆင့်​ သူ့​ဖခင်သို့​၊​ သူ့​ဖခင်က ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ ဗိုလ်ချုပ်ကြီး​ခင်ညွန့်​တို့​ဆီကို ​ရောက်​အောင်​ပေး​ပို့​ခဲ့​ကြပါတယ်။ တပ်မ​တော်အကြီး​အကဲများ​ရဲ့​ အ​ဖြေကို​စောင့်​မျှော်​နေရင်း​ တပ်မ​တော်နည်း​ပညာ​ကောလိပ်က အရာရှိဝန်ထမ်း​များ​ အား​လုံး​မရိပ်မိ​အောင် ပါန်မပျက် ​နေထိုင်ကြရင်း​ တလနီး​ပါး​ ကြာသွား​ခဲ့​ပါတယ်။ တပ်မ​တော်အကြီး​အကဲ ဗိုလ်ချုပ်ကြီး​တွေက ဘာမှ အ​ကြောင်း​ ပြန်ကြား​ခဲ့​ခြင်း​မရှိပါဘူး​။ ဒါ​ကြောင့်​ တပ်မ​တော်အကြီး​အကဲ​တွေဆီကို ဒုတိယအကြိမ် စာတင်ဖို့​ ဆုံး​ဖြတ်လိုက်ကြပါ​တော့​တယ်။ ဒုတိယအကြိမ် စာတင်ဖို့​ဆုံး​ဖြတ်ပြီး​တဲ့​အခါ ပထမအကြိမ်ကလို အ​ကြောင်း​မပြန်ခဲ့​လျှင် ဘာဆက်လုပ်ကြမယ် ဆိုတာကိုပါ ထည့်​သွင်း​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒုတိယအကြိမ်​ပေး​ပို့​တဲ့​ စာကို အ​ကြောင်း​မပြန်ခဲ့​ရင် ​ရှေ့​ဆက်လုပ်​ဆောင်မယ့်​ အစီအစဉ်က​တော့​ စစ်သည် ​ကျောင်း​သား​တွေအား​လုံး​ တပ်မ​တော်နည်း​ပညာ ​ကောလိပ်​ကျောင်း​က​နေ တိတ်တဆိတ် ထွက်ခွာကြဖို့​ ဖြစ်ပါတယ်။

ထွက်ခွာမယ့်​အချိန်ကို ညသန်း​ခေါင် ၁၂ နာရီနဲ့​ သန်း​ခေါင်​ကျော် ၁ နာရီလို့​ အကြမ်း​ဖျင်း​ သတ်မှတ်ပြီး​ ​ကျောင်း​သား​အား​လုံး​ကို အသိ​ပေး​ထား​ပါတယ်။ အဲဒီလို​ရှေ့​ဆက်လုပ်မယ့်​ အစီအစဉ်​တွေကို ​ရေး​ဆွဲချမှတ်ပြီး​နောက်မှာ အ​ရေး​တကြီး​ လုပ်စရာအလုပ်တခု ​ပေါ်လာပါတယ်။ ဒါက​တော့​ တပ်မ​တော်နည်း​ပညာ​ကောလိပ်​ကျောင်း​ရဲ့​ ရုံး​ခန်း​မှာ သိမ်း​ဆည်း​ထား​တဲ့​ မိမိတို့​ရဲ့​ မှတ်ပုံတင်​တွေကို ပြန်ရ​အောင် လုပ်ဖို့​ဖြစ်ပါတယ်။ တပ်ထဲဝင်စဉ်က ကိုယ့်​မှတ်ပုံတင်ကို လူ​တွေ့​စစ်​ဆေး​တဲ့​ အရာရှိ​တွေထံ အပ်နှံခဲ့​ရပါတယ်။ အဲဒီမှတ်ပုံတင်ကတ်အား​လုံး​ဟာ ​ကျောင်း​ရဲ့​ ဌာနချုပ်ရုံး​မှာ သိမ်း​ဆည်း​ခံထား​ရပါတယ်။

တနင်္လာမှ ​သောကြာ​နေ့​အထိ ည​နေ (၄) နာရီနဲ့​ စ​နေ၊​ တနင်္ဂ​နွေနေ့​တွေမှာ မနက်ပိုင်း​နဲ့​ ည​နေပိုင်း​မှာ လုပ်အား​ပေး​ လုပ်ကြရပါတယ်။ အဲဒီအထဲမှာ ဌာနချုပ်ရုံး​ကို သန့်​ရှင်း​ရေး​ လုပ်​ပေး​ရတာလည်း​ ပါဝင်ပါတယ်။ ဌာနချုပ်ရုံး​မှာ လုပ်အား​ပေး​လုပ်ရတဲ့​ ​ကျောင်း​သား​စစ်သည်တိုင်း​ဟာ မှတ်ပုံတင်​တွေကို ပြန်ယူဖို့​ အစီအစဉ် လုပ်ခဲ့​ကြပါတယ်။ ​ကျောင်း​သား​တိုင်း​ မိမိမှတ်ပုံတင် မိမိပြန်ရပြီး​တဲ့​နောက် ​မေလ ၃၁ ရက်​နေ့​ လစာထုတ်အပြီး​ ည သန်း​ခေါင်​ကျော် ၁ နာရီ အချိန်မှာ တပ်မ​တော်နည်း​ပညာ​ကောလိပ်မှ ​ကျောင်း​သား​စစ်သည် ၃၀၀၀ ​ကျော်ဟာ ​ကျောင်း​က​နေ တိတ်တဆိတ် ထွက်ခွာသွား​မယ်လို့​ ​ကျောင်း​သား​စစ်သည် အများ​စုရဲ့​ ဆန္ဒအရ ဆုံး​ဖြတ်ထား​ပါတယ်။ ​ကျောင်း​သား​တွေဟာ ဒုဋ္ဌာဝတီမြစ် ​ဘေး​အတိုင်း​ မန္တ​လေး​မြို့အထိ ​ရောက်​အောင်သွား​ကြဖို့​ ဆုံး​ဖြတ်ထား​ပါတယ်။

“အ​ကြောင်း​မပြန်ရင် ဘာလုပ်မယ်ဆိုတာ ပြင်ဆင်ထား​တယ်။ စာ ၅ ​စောင်ရှိပြီ။ စာတင်ဖို့​အတွက် ပြင်ဆင်ထား​တယ်။ ၅ ​စောင်အထိမှ ​နောက်ဆုံး​စာအထိမှ ​ရောက်မလာဘူး​ဆိုရင် ကျ​နော်တို့​အ​နေနဲ့​ ကိုယ့်​အိမ်ကိုယ်ပြန်ကြဖို့​ ပြင်ဆင်ထား​တယ်။ တစုတ​ဝေး​တည်း​ ဒုဋ္ဌဝတီ မြစ်​ကြောင်း​အတိုင်း​ပဲ သွား​မှာပါ။ ဒီအတိုင်း​သွား​ရင် စစ်တပ်က ခွင့်​မပြုဘူး​။ ပြန်ဖို့​လည်း​ မဖြစ်နိုင်ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ဖြတ်လမ်း​ကပဲ ပြန်မယ်။ အား​လုံး​တစုတ​ဝေး​တည်း​ပါပဲ။”DVB မှပြန်လည်မျှဝေလိုက်ပါသည်။

ရေးသားသူ..မင်းလွင်