02 March 2010

ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေမခိုင်လုံဟု အာရှလူ့အခွင့်အရေး ကော်မရှင်က ထောက်ပြ...

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) နဲ့ ဆက်သွယ်ပြီး ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ခိုင်ကျော်မိုးအပါအ၀င် (၁၁) ဦးကို အမှုမဖွင့်ပဲ ဖမ်းဆီးခဲ့သလို သက်သေ အထောက်အထား မခိုင်လုံဘဲ တရားရုံးက စစ်ဆေးနေတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ကြေညာချက်တစောင် ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

ခိုင်ကျော်မိုးအပါအ၀င် (၁၁) ဦးကို ရဲစခန်းမှာ အမှုဖွင့်ခြင်းမရှိပဲ (၂၀၀၉) ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလအထိ တရားရုံးတင် မစစ်ဆေးပဲ နှိပ်စက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

“စတင်ဖမ်းဆီးခံတဲ့တာကတော့ (၂၀၀၉) ခုနှစ် စက်တင်ဘာ (၄) ရက်နေ့နဲ့ (၅) ရက်နေ့မှာ စတင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့သူတွေကို အောင်သပြေ စစ်ကြောရေး စခန်းမှ ဖမ်းဆီးထားတယ်။ စစ်ကြောမေးမြန်းတယ်။ နောက်တခါ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းက နှစ်ယောက်ကို သူတို့ စက်တင်ဘာ (၁၄) ရက်နေ့မှာ စပြီးတော့ ဖမ်းတယ်။ စစ်တွေမှာ သူတို့ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းတယ်။ (၁၇) ရက်နေ့ကျတော့မှ ရန်ကုန်ကို လေယဉ်ပျံနဲ့ ခေါ်လာပြီးတော့ ဒီလှိုင်မြို့နယ် တရားရုံးမှာ ဖြောင့်ချက်ပေးခိုင်းတယ်။ ဖြောင့်ချက်ပေးပြီးတဲ့အခါကျတော့မှ ဒီအမှုကို ဗဟိုတရားရုံးကို စွဲချက်တင်တယ်ဆိုတာကို တွေ့ရတယ်။အဲဒီတော့ ဒီအဖြစ်အပျက်တခုလုံးက ဥပဒေပြဌန်းချက်တွေ မညီပဲနဲ့ လုပ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။”

ဖောက်ခွဲမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ စွဲဆိုထားတဲ့ အမှုမှာ အဓိကတရားခံအဖြစ် သံသယရှိသူ ကိုစိုးဝင်းနိုင်ကို လက်ရ ဖမ်းဆီးနိုင်ခြင်းမရှိပဲ ကိုစိုးဝင်းနိုင်နဲ့ ခင်မင်ပတ်သက်တဲ့ ခိုင်ကျော်မိုးနဲ့ (၁၁) ဦးကို ဖမ်းဆီးတာသာ ဖြစ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးက အခုလိုဆက်လက်ပြောဆိုပါတယ်။

“အဲဒီလို တရားစွဲဆိုထားတဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့လည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်းမရှိဘူး။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ဥက္ကဌ ဖြစ်သူ မင်းဇံဝေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စမှာလည်း အဓိက ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ တရားလို ကိုယ်တိုင်က တင်ပြနိုင်ခြင်းမရှိဘူး။ ဆိုတော့ အဲဒီလို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ တရားရုံးကနေပြီးတော့ ဒီအမှုကို လက်ခံ စစ်ဆေးနေတယ် ဆိုတာကလည်း ဥပဒေပြဌန်းချက်နဲ့ မညီပဲနဲ့ ဆောင်ရွက်ရာ ရောက်တယ်။”

ခိုင်ကျော်မိုးနဲ့ (၁၁) ဦးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးတာ မလုပ်ခင် စက်တင်ဘာလ (၂၄) ရက်နေ့ စစ်အစိုးရထုတ် သတင်းစာတွေမှာ ဖောက်ခွဲရေးနဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း C-4 ယမ်းတောင့်တွေ၊ ကွန်ပျူတာတွေ၊ ဂြိုလ်တုဆက်သွယ်ရေး ဖုန်းတွေ နဲ့တကွ ဖော်ပြထားတာဟာလည်း တရားစီရင်မှုအပေါ် သြဇာသက် ရောက်အောင် လုပ်ဆောင်ချက်မှုသာဖြစ်ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖော်ပြတာတွေလည်း ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း အထောက်အထား မခိုင်လုံတဲ့ အတွက် နောက်ပိုင်းမှာ ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်ကို သီးခြားအမှုတွေနဲ့ စွပ်စွဲ ထောင်ချခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မတ်လ (၁) ရက်နေ့ RFA နံနက်ပိုင်း ရေဒီယိုအစီအစဉ် မှပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်.။