24 February 2010

တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်...

အဓိပ္ပါယ်က ရှင်းပါသည်။ ရောသမမွှေ လို့မရပါ၊ ဥပဒေ ကို ဥပဒေပြု အာဏာ ရှိသည့် ဥပဒေပြု လွတ်တော်ကသာ ပြဌာန်းရပါသည်။အစိုးရက ပြဌာန်းလို့မရ။အစိုးရမှာ အုပ်ချုပ်ရေးနှင့်ပတ် သက်သည့် အာဏာသာရှိပါသည်၊။ ဥပဒေပြု အာဏာ။ တရားစီရင်မှုအာဏာ တို့မှာကား အုပ်ချုပ်သူ များနှင့် လားလားမျှ မဆိုင်။ ပြဌာန်း ဥပဒေကို လက်တွေ့အကောင်အထည်ဖော် စီရင်ဆုံးဖြတ် ရသည်မှာ တရားသူကြီး။ တရားစီရင်ရေး ။ တရားမျှတမှု ကိုဖော်ဆောင်ရမည့်သူ မှာ တရားသူကြီး။ မတရားဥပဒေကို စီရင်ဆုံးဖြတ်ရလျှင် မတရားသူကြီးများ ထွက်ပေါ်လာပေမည်။ ဥပဒေကိုယ်၌က မတရားဖြစ်နေလျှင် ၄င်းဥပဒေ အတိုင်းတရားစီရင် ဆုံးဖြတ်ရမည့် တရားသူကြီး ခမျှာ စိတ်ဖောက်ပြန်သွားနိုင်ပါသည်။တရားသူကြီးက အဘယ် ကဲ့သို့သော တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်ပါမည်နည်း။လောကပါလ တရားကို မည်သူ စောင့်ရှောက်ပါမည်နည်း။



လူထုတစုံတရာ လေးစားမှုကို ခံခဲ့ရသည့် တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း က သခင်ဗဟိန်း နာမည်မှ ဟိန်း တလုံးကယ်ပေလို့သာပေါ့။တင်အောင်ဆိုရင် ဒီလောက်စွမ်း မှာမဟုတ်ဘူး။ဟုပြောဘူးပါသည်။ မဆလခေတ် တရားစီရင်ရေးကို သူညီးတွားခဲ့ပုံကို ကချင်ပြည်နယ်တရားသူကြီးများ ကြားဖူးကြပေသည်၊“အရင် ဘ၀က မကောင်းမှုတွေ ဘယ်လောက်လုပ်ခဲ့မိလို့လဲမသိဘူး၊ ဒါကြောင့် ဒီဘ၀မှာ တရားသူကြီးချုပ် လာဖြစ်နေရတယ်“လို့ လူဘုံအလယ် သူ့ကိုယ်သူ ဝေဖန်သွားခဲ့သည်ကို ကြားဖူးပါသည်။ သူ မတရားတာတွေ လုပ်နေရ။ တွေ့နေရ၍ ဖြစ်ပါသည်။ ယခု စစ်အစိုးရပါဟု ဗြောင်ကြေညာထား သော ဖက်ဆစ် တရားစီရင်ရေး စနစ် အောက်တွင် “ ဟော ဒီမှာကြည့်၊ အထက်က ခိုင်းတဲ့ အတိုင်း ဒို့လုပ်နေရတာ“ဟု တရားသူကြီး အမျိုးသမီးတဦးက ပြောဖော်ရသည်ကို တွေ့ရပါသည်။ တရားသူကြီးများမှာ စစ်အုပ်စု၏ ရုပ်သေးများသာ ဖြစ်နေကြသည်။သို့ဆိုလျှင် လူသတ်ကုန်းက ပါးကွက်အာဏာသားနှင့် ဘာများကွာခြားပါသလဲ။



တရားသူကြီးများကို ဘယ်သူခန့်အပ်ပါသနည်း။ဘယ်သူဖြုတ်ပါသနည်း။န၀တ/နအဖ စစ်အုပ်စု အာဏာပိုင်များက ခန့်တာဖြုတ်တာလုပ်ပါသည်။တရားမ၀င်အစိုးရက ပါးကွက်သား တရားရုံးချုပ် တရားသူကြီးများကို ရုပ်သေးရုပ်လုပ်ခိုင်းပါတော့သည်။ရရိုးထုံးစံ ရှိခဲ့ပါသလား။ တရားမျှတမှုကို ဖော်ဆောင်လိုသည် ဆိုလျှင် တရားသဖြင့်တော့ရှိရပါမည်။ တဦးတယောက် တအုပ်စုက ရေးဆွဲခဲ့ခြင်းမဟုတ်သော၊ တိုင်းပြည်လွတ်လပ်ရေးခေါင်းဆောင်များ ကိုယ်တိုင်ပါ ၀င်ရေးဆွဲပြီး လွတ်လပ်ရေး အရယူခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပါ တရားစီရင်ရေး လွတ်လပ်မှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်လိုပါသည်။



၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ-၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတ၀န်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေ အရသော်၎င်း၊တရား ဥပဒေ အရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်။



ပုဒ်မ-၁၄၀။ ။(၁)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘော တူညီချက်ဖြင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမတ သည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။


(၂)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွတ်တော်ချုပ်နှင့် တရားလွတ်တော်ဆိုင်ရာ တရားရေးဝန်ကြီး အားလုံးကို နိုင်ငံတော်သမတသည် မိမိကိုယ်တိုင်လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။


ပုဒ်မ-၁၄၁။ ။ တရားသူကြီး အားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများ ကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင် ရမည်။


-ဟု အတိအလင်း ပြဌာန်းထားသည်ကို စံထားအပ်ပါသည်။



ဥပဒေပြုရေး အာဏာကိုလည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၆) ပါလီမန်၊ ပုဒ်မ-၆၅။ ။ ပြည်ထောင်စု နိုင်ငံ၏ ဥပဒေပြု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန် တွင် နိုင်ငံတော် သမတ၊ ပြည်သူ့လွတ်တော် နှင့် လူမျိုးစုလွတ်တော် တို့ပါဝင်ရမည်။ ဤအခြေ ခံဥပဒေတွင် ပါလီမန်ကို `ပါလီမန်` သို့မဟုတ် `ပြည်ထောင်စု ပါလီမန်`ဟုခေါ်ရမည်။ -ဟု ပြဌာန်းထားသည်။



ပုဒ်မ-၁၃၇။ ။ တရားဥပဒေ တခုသည် အခြေခံဥပဒေရှိ ပြဌာန်းချက်များအရ ခိုင်လုံသည်။ မခိုင်လုံသည်။ဟူသော ပြဿနာပေါ်ပေါက်နေသည့် အမှုများကို တရားလွတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့် တရားဥပဒေမျိုးကိုမျှ မပြုရ။ ဟု ပြဌာန်းထားသည်ကိုတွေ့ရသည်။ ထိုကဲ့သို့သော တရားဥပဒေမျိုးကို ပြဌာန်းသည်ဆိုလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေမည်။တရား လွတ်တော်ချုပ်၏ ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြထားသည်။



အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အတိုင်းအတာကြီးမားလွန်းလှတဲ့ အထိန်းအကွပ်မရှိ အကျင့်ပျက် ခြစားမှုတွေ၊ အများပြည်သူ သက်သာဖူလုံရေးကို လုံးဝစိတ်မ၀င်စားဘဲဥပေက္ခာ ပြုမှုတွေ၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီတန်ဖိုးစံတွေ နှင့် လူထုအခြေခံ အဆောက်အအုံ၊အဖွဲ့အစည်းတွေကို မလေးစားမှုတွေ ၊ ရာဇ၀တ်မှုတွေထဲ အာဏာပိုင်တွေ ဆိုးဆိုးဝါးဝါးပါဝင် ပတ်သက်ဆက်နွယ်နေမှုတွေ နှင့် ဥပဒေမဲ့ဆိုးဆိုးဝါးဝါးမင်းမဲ့စရိုက် အုပ်ချုပ် မှုတွေကို ဘယ်သူက စစ်ဆေးစီရင်ဆုံးဖြတ်မလဲ။ဖုံးကြုယ္မလား။ ဖော်ထုတ်အရေးယူမလား။ ပြည်သူရှေ့ တရားစီရင်ရေးကို ဘယ်လိုလုပ်ဆောင်မလဲ။ ဥပဒေရှေ့မှာ တရားမျှတမှုကို ဘယ်လိုရှာမလဲ။ အုပ်ချုပ်ရေး အာဏာပိုင် အတွက် ဥပဒေ ဆိုတာ ရှိခဲ့ဖူးလို့လား၊ သမတ စ၀်ရွှေသိုက် သား စ၀်မီမီကို ပစ်သတ်တာ။ ၁၉၆၂ ခုနှစ် ၇-ရက်ဂျူလိုင် ကျောင်းသားတွေကို သတ်တာ။စစ်တွေ ဆန်ပြဿနာမှာ လူမျိုးစုတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ၁၉၇၄ ခုနှစ် အလုပ်သမားတွေကို သတ်တာ။၁၉၈၈ ခုနှစ် ၈-လေးလုံး အရေးတော်ပုံမှာ ပြည်သူတွေကိုသတ်တာ။ ဒီပဲယင်းမှာ လူသတ်တာ။



ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းရှင်လူ၊ပြည်သူအများ ကိုသတ်တာ၊ လူသတ်မှုပေါင်း မြောက်များစွာ အတွက် စစ်အုပ်စုကို ဘယ်တရားရုံးက စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ဖူးလို့လဲ။ ဥပဒေ ဆိုတာ တရားမျှတမှု ဟုတ်ခဲ့ဘူးလို့လား။ဒီတော့ တရားမျှတမှု ဆိုတာ ဥပဒေ မဟုတ်ဘူး။ ထပ်ဆင့် အဓိပ္ပါယ် ထွက်လာသည်က မတရားတာ၊ မညီမျှတာ၊ မဟုတ်တာ တွေလုပ်ဖို့ ဥပဒေတွေ ထုတ်နေသည်ဟု ပြောဖို့ဖြစ်တည်လာသည်။ အနီးကပ်ဆုံး ၂၀၀၈ ခုနှစ် စစ်အာဏာရှင်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစုံးလုံးကို တွေ့နိုင်ပါသည်၊ နိုင်ငံတကာ ဥပဒေပညာရှင် များ အားလုံးနီးပါးက ဂါးဘေ့ခ်ျ (garbage) ။ အမှိုက်ပုံး တဲ့၊ အမှိုက်ပုံးထဲက အမှိုက်စများကို ဆွဲထုတ်ပြမှတော်ကာကျပါမည်၊



အဓိက ဖျက်ပိုး ကိုထုတ်ပြပါဆိုလျှင် နိုင်ငံတခု၏ နိုင်ငံရေးဦးဆောင်မှုကို နိုင်ငံရေးပါတီ များကသာ ဦးဆောင်ကြရပါသည်။ အနိုင်ရပါတီ သို့မဟုတ် အနိုင်ရပါတီနှင့်ပူးတွဲပါတီများ ကသာလျှင် အစိုးရဖွဲ့ကြရပါသည်။ သို့ရာတွင်စစ်တပ်ကသာ အစိုးရကို တသက်လုံးဖွဲ့သွားမည် ဆိုသော အခြေခံဥပဒေမျိုး ကမ္ဘာတွင်မရှိပါ။နိုင်ငံတကာရှိစစ်တပ်များသည် တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုသာ သီးသန့်တာဝန်ထမ်းဆောင်ကြသော်လည်း ယခု စစ်အစိုးရ ၊ စစ်အာဏာရှင်စနစ်ဖြင့် ရေးဆွဲ ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ-၆(စ) တွင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတာဝန်ကို ယူရမည်ဟုပြဌာန်းထားသည်မှာ အံ့သြစရာကြီး ဖြစ်နေပါသည်။ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ချိုးနှိမ်ပြီးသားဖြစ်နေပါသည်။အရေးပေါ် ကာလတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် လုံခြုံစိတ်ချစွာ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်စီမံနိုင်ခွင့်ရှိသည်။ဟု ပုဒ်မ-၄၂၀ တွင်ပြဌာန်း ထားသေး သည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုပါ ချိုးဖောက်ပြီး ဖြစ်နေသည်။



ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများထဲတွင် နိုင်ငံဝန်ထမ်းများ ပါဝင်သည်။(ပုဒ် မ-၂၆(က)တွင်ဖော်ပြထားသော်လည်း၊ ခြွင်းချက်အနေဖြင့် ပုဒ်မ-၁၂၁(ည) အရ စစ်ဗိုလ်ချုပ် များသည် အခွင့်ထူးခံအဖြစ် လွတ်တော်ကိုယ်စားလှယ်များဖြစ်နေကြသည်။ ရွေးကောက်ပွဲ မ၀င်ဘဲ၊ လ္မှတ်တော်ကိုယ်စာလှယ် ၂၅ - ရာခိုင်နှုန်းကို ဥပဒေပုဒ်မ-ရ၄(က)(ခ)၊ ပုဒ်မ-၁၀၉၊ ပုဒ်မ-၁၄၀- တို့ပြဌာန်းပြီး ဓါးပြတိုက်သိမ်းယူထားသည်။ ဥပဒေ ရှေ့တွင် လူတိုင်း တူညီမျှတ ရမည်ဆိုသောမူ ပျောက်ဆုံးသွားသည်။ တရားမျှတမှုကို ဖော်ဆောင်ရမည်ဆိုလျှင် ဖွဲ့စည်းပုံ၏ အခြေခံ အောက်ခံမူ တစုံလုံးကို ပြင်ပစ်ရပါမည် ။ ဥပဒေ ဆိုသည်မှာ တရားမျှတမှု ကို အစွမ်း ကုန်ဖော်ဆောင်နိုင်ရပါမည်။ မူပျက်လျှင် မူအပေါ်မှ လူများအလိုလို ပျက်စီးပြီးသား ဖြစ်သွား ပါမည်။ တိုင်းပြည်ကုန်းကောက်စရာ ကျန်ရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်ဟု ထုတ်ဖော်ပြရခြင်း ဖြစ်ပါသည်။



ဦးမျိုး (ဥပဒေ)