21 February 2010

ပြိုင်ချင်တိုင်းပြိုင် နိုင်မတဲ့လား...




ဘယ်သူပြိုင်လို့ လှပါအံ့


နအဖ ပြန်ကြားရေးဝန်ကြီး ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့ အလုပ်ကြီးအကိုင်ကြီး လုပ်နေပုံတဲ့ဗျ.. ကြားရနားဝမသက်သာ မြင်ရတာစိတ်မသက်သာ ဖြစ်ရပါ့ .... ။ တိုင်းပြည်အတွက်နေ့မအား ညမအား အလုပ်လုပ်နေတာပါတဲ့..။ သူရဲ့သတင်းစာရှင်းလင်းပွဲတွေ... အခမ်းအနားတွေမှာ ပြောနေကြ စကားဖြစ်တဲ့ မြန်မာပြည်ဟာ စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ ဟာခေတ်အဆက်ဆက် မကြုံဘူးအောင် တည်ငြိမ်အေးချမ်း တိုးတက်နေပါတယ် ဆိုတာ ဒါကို ဆိုလိုတာလားမသိ။ ရှေ့မှီနောက်မှီ လိုလိုဘာလိုလိုနဲ့ စကားကြီးစကားကျယ် ပြောတတ်တဲ့ ပေမမှီဒေါက်မမှီ ဆိုတာ ဗိုလ်ကျော်ဆန်းပါပဲ။ မျက်စိစုံလုံးကန်းနေတဲ့ မျက်မမြင် ပုဏ္ဏား (၆)ယောက်လို သခင့်အလိုကျ အော်ပေးနေတာလည်း ပုဏ္ဏားကျော်ဆန်းပါပဲ။




စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်အလောင်း၏ ထူးခြားတဲ့အက



တလောက အကယ်ဒမီ ဆုပေးပွဲမှာလည်း ပြည်သူအချစ်တော် မင်းသား၊ မင်းသမီးတွေကြားထဲမှာ ပြည်သူ့အမုန်းတော် လူကြမ်းစုကို တကိုယ်တော် ရယူပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးသွားပါသေးတယ်။ ဗိုလ်ကျော်ဆန်းအနေနဲ့ သွားလေသူ ရှေ့ကပြန်ကြားရေးဝန်ကြီးတွေရဲ့ ဖြစ်စဉ်တွေကို မေ့ပြီး လက်ရှိဘဝကိုသာယာ နေတာကတော့ မြင်ရတဲ့ အတိုင်းပါပဲ...။ ရွေးကောက်ပွဲမှာလည်း ရှေ့မှီနောက်မှီ ပေမမှီဒေါက်မမှီ ဗိုလ်ကျော်ဆန်းငမဲက စစ်ကိုင်းတိုင်း ပုလဲမှာဝင်ရောက် ယှဉ်ပြိုင်ဦးမယ်ဆိုတာ ကြားရတော့ မပြုံးပဲ ဝါလုံးကွဲ ရယ်ရမလိုပါပဲ.....။




ဗိုလ်ကျော်ဆန်းအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ တုတ်စာရမယ့် အမတ်အလောင်းပဲ ဖြစ်မလား ဒါမှမဟုတ် ပုံစံတူ ဂိုက်တူဆိုဒ်တူ ဆဒမ်ဟူစိန်ရဲ့ ပြန်ကြားရေးဝန်ကြီးလို ခွေးပြေးဝက်ပြေး ပြေးရမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။

(ဓာတ်ပုံ မျှဝေပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။)

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူတင်ပါသည်