21 February 2010

သမိုင်းထဲက ရွှေဝါရောင်တော်လှန်ရေးကြီး.....

ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းကဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ အရှင်နေမိန္ဒပုံပါ...

၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေးပွဲကို ဦးဆောင်သံဃာတော်တစ်ပါးအနေဖြင့် ရဲရဲဝံ့ဝံ့ပါဝင်လာရတာ မြန်မာနိုင်ငံ၏အခြေအနေမှာ စီးပွားရေးကြပ်တည်းမှု၊ ကမ္ဘာမှာ မြန်မာပြည်သူတွေဟာ မျက်နှာမပြရဲလောက်အောင် အောက်တန်းကျအဆင့်နိမ့်နေပြီး လက်နက်ကိုင် စစ်အာဏာရူးတွေဟာ ပြည်သူတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေများပြားနေခြင်း၊ သူတို့ရေးဆွဲထားတဲ့ ဥပဒေဟာလည်း ပြည်သူတွေအတွက် ဘာမှမပါသလို သူတို့ကြိုက်သလို ဥပဒေကို လက်တစ်လုံးခြား လုပ်နေခြင်း၊ ပြည်သူတွေကို အရမ်းဖိနှိပ်ချုပ်ချယ်နေတဲ့အပြင် စားဝတ်နေရေး ပညာရေး စီးပွားရေး အစရှိသော အရေးပေါင်းမြောက်များစွာကို ပိတ်ဆို့ထားတာကြောင့် ၂၀၀၇ရွှေဝါရောင် ငြိမ်းချမ်းရေးပွဲကို ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ပြည်သူတွေကို အသက်ပေးပြီး ပြည်သူဘက်က ပါဝင်ခဲ့ကြပါတယ်။

၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲ မစတင်ခင်မှာ ဦးဇင်းတို့ သူငယ်ချင်းတစ်စု ၁၈ပါး စုဝေးပြီးတော့ တိုင်ပင်ကြတဲ့အခါ လက်ရှိမြန်မာနိုင်ငံရဲ့ မြန်မာပြည်သူလူထုတွေဟာ အရပ်တကာ နေရာတကာမှာ စီးပွားရေး အစရှိသော အရေးပေါင်းမြောက်များစွာဟာ ကြပ်တည်းနေကြပြီး၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေပြီး ပြည်သူတွေအပေါ်မှာ ဒီန.အ.ဖ (အာဏာရူး) လူရမ်းကားတစ်သိုက်ဟာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေကြပြီ။ ဒါကြေင့်မို့လို့ ဦးဇင်းတို့ တပည့်တော်တို့အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ကြတော့ဘူး၊ တပည့်တော်တို့ အရှင်ဘုရားတို့မှ ရဲရဲဝံ့ဝံ့ ရှေ့ကနေပြီးတော့ အမှန်တရားအတွက် ပြည်သူအတွက် မပေးဆပ်ကြတော့ဘူးဆိုရင် မဖြစ်ချေတော့ဘူး။

ကြေးသွန်းဘုရားကြီးအတွင်း ရှေ့လုပ်ငန်းစဉ် ဆွေးနွေးနေတဲ့ အရှင်ထာဝရနဲ့ အရှင်နေမိန္ဒ

"စွမ်းဆောင်တယ်ဆိုတာ စွမ်းနိုင်တဲ့သူတွေ ဆောင်တာကိုသာလျှင် စွမ်းဆောင်တယ်လို့ ခေါ်ပါတယ်"။ "တာဝန်ဆိုတာ တာဝန်သိတဲ့သူတွေအတွက်သာ တာဝန်ရှိတာ" ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ တပည့်တော်တို့ဟာ ပြည်သူတွေအပေါ်မှာ လက်ရှိကျရောက်နေတဲ့ ဘေးအမျိုးမျိုးတို့မှ ကင်းဝေးစေရန်အတွက် ပြည်သူတွေအပေါ်မှာ အကောင်းဆုံးပေးဆပ်ကြပါလို့ဆိုပြီး - သူငယ်ချင်းတွေအားလုံး စိတ်တူကိုယ်တူ ၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲအတွင်းသို့ ရှေ့ဆုံးကနေမားမားမတ်မတ် ရပ်တည်ပြီးတော့ ပေးဆပ်ခဲ့ကြပါတယ်။

ဒီလိုရှေ့ဆုံးကနေပြီးတော့ ရဲရဲဝံ့ဝံ့ လမ်းပေါ်ထွက်ပြီး ဦးဇင်းနှင့်တကွ ဦးထာဝရအစရှိသော အားလုံးသံဃာစုစုပေါင်း အပါး (၅၀) လောက်ဟာ လမ်းပေါ်မှာထွက်ပြီး ငြိမ်းချမ်းစွာဖြင့် မေတ္တာသုတ်ပရိတ်တရားတော်ကို မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးအမျိုးမျိုးရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးပါစေခြင်းအကျိုးငှာလို့ ရည်ရွယ်ပြီးတော့ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြပါတယ်။

ဦးဇင်းတို့အနေနှင့် ပြည်သူတွေကိုလည်း မကြောက်ကြနှင့်။ ဦးဇင်းတို့နှင့်တကွ အသင်ဒကာ ဒကာမအပေါင်းတို့ရဲ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အမှန်တရားတွေကို ထုတ်ဖော်ကြတော့လို့ဆိုပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အစပထမတော့ ဦးဇင်းတို့လည်း ခပ်ကြောင်ကြောင်တော့ ဖြစ်သေးတယ်။ ဒါပေမယ့် ကိုယ်ဟာ ပြည်သူအတွက် အကောင်းဆုံးပေးဆပ်တာပဲ၊ ကောင်းတာလုပ်တာပဲဆိုပြီး အာရုံပြုလိုက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ အကြောက်တရားတွေ ဘေးရောက်ပြီး အမှန်တရားအတွက် ရဲရင့်သွားပါတယ်။ ဒီလိုနဲ့ နောက်ရက်များမှာတော့ ဦးဇင်းတို့ မျှော်မှန်းထားသည့်အတိုင်း၊ မျှော်လင့်ထားသည့်အတိုင်း အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူတွေ ရဟန်းသံဃာတွေဟာ အများကြီး ဖြစ်လာပါတယ်။

ပြည်သူတွေဟာဖြင့် ဘေးတစ်ဖက်တစ်ချက်က နောက်ကနေပြီးတော့ နီးစပ်ရာတွေကနေ ဦးဇင်းတို့ ရဟန်းသံဃာတွေအားလုံးကို ၀ိုင်းရံပြီးတော့ လိုက်လံ၍ ငြိမ်းချမ်းစွာဖြင့် ရင်ဖွင့်တောင်းဆိုကြတာ အံ့မခန်းပါပဲဗျာ။ အဲဒီအချိန်မှာဆိုရင် ဦးဇင်းတို့ရဲ့ စိတ်ထဲမှာ ၀မ်းသာပီတိဖြစ်ပြီးတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေ တညီတညွတ်ထည်း ၀ိုင်းဝန်းပြီးတော့ မေတ္တာပို့လိုက်တာများ ကမ္ဘာကြီးတုန်ဟီး သွားမတက်ပါပဲ။
ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှ မျိုးဆက်သစ်လူငယ်လေးများ

ပြည်သူတွေဟာလည်း သူတို့ရဲ့ အကြောက်တရားတွေကို ရဲရဲဝံ့ဝံ့ရှေ့ဆုံးကနေ ရပ်တည်ပြီးတော့ ဖယ်ရှားပေးတဲ့ ဘုန်းဘုန်းတွေကို ကောင်းချီးပေးလိုက်ကြတာများ "ပြည်သူ့ဘုန်းဘုန်း၊ တို့ဘုန်းဘုန်း" "ပြည်သူ့သံဃာ၊ တို့သံဃာ" လို့ ကြွေးကျော်လိုက်တာများ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေ ၀မ်းသာပီတိဖြစ်ပြီးတော့ သူတို့တွေရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေဝေ့ပြီး သူ့တို့တွေရဲ့ခန္ဓာကိုဟာ အံ့မခန်း ပေါ့ပါးသွက်လက်လို့ဗျာ။

အဲဒီအချိန်မှာ မထင်မှတ်ပဲ ဦးဇင်းရှေ့ဆုံးကနေပြီး နောက်ဘက် လိုက်ကြည့်လိုက်မိတယ်။ ရဟန်းသံဃာတွေနှင့်တကွ ပြည်သူတွေဟာ ကောင်းကင်မှာပျံဝဲနေတဲ့ ချိုးငှက်ကလေးတွေလို၊ ကောင်းကင်မှာလွှင့်ထားတဲ့ ကြိုးမဲ့စွန်ကလေးတွေလို လွတ်လပ်ပေါ့ပါးနေလိုက်ကြတာ ဦးဇင်းတောင် ၀မ်းသာပီတိဖြစ်ပြီးတော့ မျက်ရည်တောင် ၀ဲမိတယ်။ အေးပေါ့လေ အာဏာရှင်အရူးတစ်သိုက်ဟာ တို့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ထားတာ နှစ်ပေါင်းက နည်းမှ မနည်းပဲ။

ကိုလိုနီခေတ်က လွတ်ပြီဆိုတော့ ၀မ်းသာလို့မှ မဆုံးသေးဘူး တို့ပြည်သူတွေ အလေးထား ယုံကြည်ကိုးကွယ်တဲ့ တို့ဗိုလ်ချုပ်ကို လူ့အန္ဓတစ်သိုက်က လုပ်ကြံပြီးကတည်းက ဒီအချိန်ထိအောင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေကြတာ၊ မတရားရက်စက်နေကြတာကို သံဃာတော်တွေက လမ်းပြဦးဆောင်ပြီး ပြည်သူတွေရဲ့ အကြောက်တရားတွေကို ဖယ်ရှားပြီး ရင်ဖွင့်ခိုင်းလိုက်တယ်။ ရင်ဖွင့်ခွင့်ရတဲ့အချိန်မှာ ရဲရဲရင်ဖွင့်လိုက်ရတော့ ပြည်သူတွေခမျာ ကောင်းကင်မှာ ပျံဝဲနေတဲ့ ချိုးငှက်၊ ကြိုးမဲ့လွှင့်ထားတဲ့ လေတံခွန်တွေထက်တောင် ပျော်ရွှင်မိမှာပေါ့ဗျာ။

ပြောပြဦးမယ်။ နှစ်ပေါင်းမြောက်များစွာ အာဏာရူးတစ်သိုက်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှု့အောက်ကနေ ရဲရဲဝံ့ဝံ့ ရဟန်းသံဃာ ပြည်သူတွေနှင့် အမှန်တရားတွေကို မျိုသိပ်ထားတာကို ငြိမ်းချမ်းစွာ ထုတ်ဖော်လိုက်ရတော့ မောလို့ မောမှန်း၊ ဆာလို့ ဆာမှန်း၊ နာလို့ နာမှန်း၊ ညောင်းလို့ ညောင်းမှန်း ဦးဇင်းတို့ အားလုံး မသိခဲ့ကြဘူး။ ဦးဇင်းတို့အဖွဲ့ ဦးထာဝရရော တစ်နေ့တစ်နေ့ သံဃာတော်တွေကို ဦးဆောင် ပြည်သူတွေကို ဦးဆောင်ထိန်းသိမ်းဖို့ စည်းမျဉ်းစည်းကမ်း၊ ကြွေးကျော်ရမည့် အချက်အလက်တွေကို ဦးဇင်းတို့ ခေါင်းဆောင်အဖွဲ့တွေ စည်းဝေးတိုင်ပင်လိုက်ကြတာ ဆွမ်းတောင် မစားဖြစ်တဲ့ရက်က များတယ်ဗျာ။

အာဏာရူးတစ်သိုက်က ပြောလိုက်ကြသေးတာ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေဟာ မင်းမဲ့စရိုက်အဖြစ် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြသတဲ့ဗျာ။ အားလုံး အသိပါ။ ဦးဇင်းတို့  ထုတ်ထားတဲ့ စည်းမျဉ်းက ဒုတ်၊ ဓါး လက်နက် မကိုင်ရ၊ ခိုက်ရန်ဒေါသ မဖြစ်ရ၊ န.အ.ဖအာဏာရူးတစ်သိုက်ဘက်က ထောက်လှမ်းရေးတွေ လာရင်လည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဗုဒ္ဓဘာသာ မိကောင်းဖခင် သားသမီးပီသစွာဖြင့် ပြောဆိုဆက်ဆံပေးပါ၊ သည်းခံပါလို့ ဦးဇင်းတို့ ခေါင်းဆောင်များက အမိန့်ထုတ်ထားခဲ့တာပါ။ ကဲ ဘယ်လောက်ကောင်းတဲ့ စည်းမျဉ်းစည်းကမ်းလဲ။ နအဖတွေ စွပ်စွဲသလို မင်းမဲ့စရိုက် မဟုတ်ပါဖူး။ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေကလည်း လိုက်နာတာ အားလုံးအသိ၊ တစ်ကမ္ဘာလုံး အသိပါပဲဗျာ။

နအဖလက်ပါးစေတွေ လာရောက်ပြီး ဖမ်းဆီး၊ ချုပ်နှောင်၊ သေနတ်နဲ့ ပစ်၊ မျက်ရည်ယိုဗုံးနှင့် ဖြိုခွင်း၊ နံပါတ်တစ်ဒုတ်နဲ့ ရိုက်တဲ့အထိတောင် ဘာမှ တုန့်ပြန်မှုမပြုခဲ့ကြဘူး။ ရဟန်းသံဃာတော်တွေနဲ့တကွ ပြည်သူတွေက န.အ.ဖအာဏာရူးတစ်သိုက်ရဲ့ ပြုသမျှ၊ ရမ်းသမျှ၊ ကြမ်းသမျှကို ငြိမ်းချမ်းစွာဖြင့် လည်စဉ်း ခံလိုက်တာများဗျာ အံ့မခန်းပါပဲ။ သြော် ... ရက်စက်မှုသရဖူဆောင်းတဲ့ အာဏာရူးတစ်သိုက်တို့ရေ ဒေ၀ဒတ်တောင်မှ အဲဒီလောက်အထိ မရက်စက်ဘူး။ အံ့ပါသတဲ့ဗျာ။ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေက အကောင်းဆုံးလမ်းကို ရွေးချယ်ပြီး တောင်းဆိုကြတာ အာဏာရူးတစ်သိုက်က အကြမ်းဖက် လူမဆန်တဲ့ နည်းတွေနဲ့ ဖြိုခွင်းကြတာ ကောင်းပါလေကြသတဲ့ဗျာ။

ပြောပြဦးမယ်၊ ပြည်သူတွေက အာဏာရူးတစ်သိုက်ကို ပို့သလိုက်တဲ့ မေတ္တာတွေကတော့ သေခြင်းဆိုးနဲ့ သေပါစေ။ ခွေးသေ၀က်သေ သေပါစေတဲ့ဗျာ။ သူတို့မို့ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့ မျက်နှာပြောင်တိုက်ပြီး အခုထက်ထိ မြန်မာနိုင်ငံကို ဆက်ပြီးတော့ ဖျက်ဆီးနေရဲတယ်။ ပြောကြသေးတယ်၊ အာဏာရူးတစ်သိုက်က ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတဲ့ဗျာ။ ဒီလောက် ယဉ်ကျေးသိမ်မွေ့တဲ့၊ ဒီလောက်စိတ်ထား မြင့်မြတ်တဲ့ ပြည်သူတွေကို ပြောလိုက်တာ အားလုံးအသိပါပဲ။ ဦးဇင်းတို့ ၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲကြီးဟာ နိုင်ငံအသီးသီး လူမျိုးအသီးသီးကနေ ချီးကျူးတာ၊ ချီးမွမ်းကြတာ အားလုံးအသိပါပဲ။

ဒင်းတို့ အာဏာရူးတစ်သိုက်သာ ဒီမိုကရေစီနှင့် မထိုက်တန်တာ။ ဘယ်တန်မလဲဗျာ ပြည်သူ့ဘဏ္ဍာတွေကို စည်းစိမ်ရစ်နေမူးနေကြတာ ထင်တိုင်းကျဲပြီး ပြည်သူတွေအပေါ် ရက်စက်ရမ်းကားနေကြတာ အားလုံးအသိပါပဲ။ အေးပေါ့ဗျာ၊ ဒင်းတို့အာဏာရူးတစ်သိုက် ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေ ပို့သတဲ့မေတ္တာ ခံကြပေဦးပေါ့။

မှတ်မှတ်ရရပြောရဦးမယ်။ ၂၀၀၇ စက်တင်ဘာ (၂၆) ရက်နေ့ကဆို န.အ.ဖအာဏာရူးတစ်သိုက်ဟာ ပြည်သူတွေနှင့် ရဟန်းသံဃာတွေအပေါ် ရက်စက်ယုတ်မာမှုတွေဟာ အင်မတန် မိုက်ရိုင်းလွန်းလှပါတယ်။ ဘုန်းကြီး ရဟန်းသံဃာတွေနှင့် ပြည်သူတွေကို လူမဆန်စွာ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင် သေနတ်နဲ့ပစ်နဲ့ ။ မြန်မာလူမျိုးတွေနှင့်တကွ ဗုဒ္ဓဘာသာလူမျိုးတွေ အမြတ်တနိုးထား ကိုးကွယ်ကြတဲ့ ရဟန်းသံဃာတွေကို န.အ.ဖ.အာဏာရူးတစ်သိုက်ဟာ ဦးခေါင်းကို ခြေထောက်နဲ့နင်း၊ ခြေထောက်နဲ့ကန်၊ လက်ဝါးတွေနဲ့ ပါးပြင်ကိုရိုက် အင်မတန်မှ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အပြုအမူတွေပါပဲ။

န.အ.ဖအာဏာရူးတစ်သိုက်ဟာ ဦးဇင်းအမြင်ပြောရရင် သာသနာတော်ကို အကွက်ကျကျ စနစ်တကျတည်ဆောက်ပြီး သာသနာကို ဖျက်ဆီးနေကြတာပါလို့ ယူဆပါတယ်။ ယနေ့အချိန်မှာဆိုရင် မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို မြင့်မြတ်တဲ့ သာသနာ့ဘောင် သွတ်သွင်းပေးရမှာတောင် ကြောက်နေကြတဲ့အဆင့်ထိ ရောက်နေပါပြီ။ ဒါဟာ မကောင်းတဲ့လက္ခဏာ သာသနာကွယ်ကြောင်းတွေပါလို့ ဦးဇင်း ခံယူပါတယ်။
သင်ထားတဲ့စစ်ပညာတွေကို အသုံးချဖို့ လုပ်နေတဲ့ အာဏာရှင် လက်ဝေခံများ
ဦးဇင်းတို့ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲဟာ ဘုန်းကြီးရဟန်းသံဃာတွေနှင့်တကွ ပြည်သူလူထုတွေဟာ ငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ ချီတက်ပြီး မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။ မြန်မာပြည်သူတွေနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားတွေ ဘေးအပေါင်း ရန်အပေါင်းပေါင်းတို့မှ ကင်းဝေးစေဖို့ဆိုပြီးတော့ မေတ္တာသုတ်ပရိတ်တရားတော်တွေကို ရွတ်ဖတ်သဇ္ဈာယ် ပူဇော်ကြတာပါ။ ဒါဟာ ငြိမ်းချမ်းတဲ့လုပ်ရပ်ပါ။ ဒါကို န.အ.ဖအာဏာရူးတစ်သိုက်ဟာ ရဟန်းသံဃာတွေနှင့်တကွ ပြည်သူတွေရဲ့ မေတ္တာပို့သံကြားတော့ သူတို့ ဘယ်ခံနိုင်ပါ့မလဲ။ မိစ္ဆာကောင်တွေဆိုတော့ သူတော်ကောင်းတွေရဲ့ မေတ္တာသံကြားတော့ နားထဲ သံရည်ပူလောင်းသလို ခံစားရမှာပေါ့။

ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားခဲ့လို သူတော်ကောင်းတွေရဲ့အသံကို ကြားတော့ သူယုတ်မာတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ထိတ်လန့်တုန်လှုပ် ခြောက်ခြားကုန်ကြတာ။ ဒါကြောင့် ပြည်သူတွေကို န.အ.ဖအာဏာရူးတစ်သိုက်က ယုတ်မာရက်စက်ကြတာပါ။

ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေကို မတရားသဖြင့် အဓမ္မ၀ါဒတွေနဲ့ မင်းမဲ့စရိုက်အဖြစ် ယုတ်မာရက်စက်နေကြသော န.အ.ဖ အာဏာရူးတစ်သိုက်ကို သံဃာတော်များက ပြည်သူတွေကို ဦးဆောင်ပြီး စွမ်းဆောင်နေတဲ့သူကိုသာလျှင် စွမ်းဆောင်တယ်လို့ ခေါ်သလို၊ တာဝန်သိတဲ့သူမှသာလျှင် တာဝန်ရှိတယ်လို့ဆိုသလို မိမိတို့ရဲ့ ဒကာ၊ဒကာမများပေါ်မှာ၊ ပြည်သူများအပေါ်မှာ ရက်စက်ယုတ်မာနေသော န.အ.ဖအာဏာရူးတစ်သိုက်ကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး၊ ရဟန်းသံဃာတော်များက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောခဲ့သလို "သေခြင်းဟာ သေမင်းအလုပ်" "ရှင်ခြင်းဟာ ရှင်ခြင်းအလုပ်" သေခြင်းရှင်ခြင်းကိုလည်း ထည့်မတွက်နဲ့။ အမှန်တရားအတွက် ပြည်သူနှင့်အတူ ပြည်သူကို ဦးဆောင်ပြီး တွန်းလှန်ဖယ်ထုတ်ပြီးတော့ အဆုံးသတ်တိုက်ပွဲကို အမြန်ဆုံးလုပ်ဆောင်ကြပါလို့ ဘုရားတပည့်တော်မှ အနူးအညွတ် ပန်ကြားလျှောက်ထားလိုက်ပါတယ် သံဃာတော်အရှင်သူမြတ်များ ဘုရားလို့  ပြောကြားခဲ့တာပါ။
ရှေ့ဆုံးကပါဝင်ခဲ့တဲ့ အရှင်နေမိန္ဒ

ယနေ့ ပြည်သူတွေ အလိုအပ်ဆုံးသည်ကား ခိုင်မာတောင့်တင်းသည့် အတွေးအခေါ်၊ ရဲရင့်ပြတ်သားသည့် ဦးဆောင်မှု၊ ထိရောက်သည့် တိုက်ပွဲများသာ ဖြစ်တယ်။

ပြည်သူတွေနဲ့အတူ စစ်အာဏာရူးတစ်သိုက်ကို တွန်းလှန်ဖယ်ထုတ်ကြစို့။

ရွှေဝါရောင် ဦးနေမိန္ဒ (နတ်မောက်)။
၂၀၀၇

ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ဆူးလေစေတီ ရင်ပြင်တော်ပေါ်မှာ ဖွဲ့စည်းခဲ့တဲ့ သံဃာကိုယ်စားလှယ် အဖွဲ့မှာ အရှင်နေမိန္ဒဟာ ပြန်ကြားရေးတာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုအခါ အရှင်နေမိန္ဒဟာထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဓါတ်ပုံ၊ဆောင်းပါးများ ပေးပို့ခဲ့တဲ့ ရွှေဝါရောင်အရှင်နေမိန္ဒနှင့် ကိုနစ်နေမန်းတို့အား ကျေးဇူးတင်ပါသည်။