24 February 2010

ပြိုင်ပွဲ....


ပြိုင်ပွဲ

အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ
စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။ မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။ မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။

ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။ ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?

မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . .
အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။

သို့တည်းမဟုတ် . . .

တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။
ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။

ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။ အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။ “အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။ ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။

ကျော်သူ

ကိုကျော်သူ facebook မှ...