29 December 2010

မသန်စွမ်းသူတစ်ဦးဖြစ်သည့် မစုပုံချစ် နည်းပညာတက္ကသိုလ်မှ (B.Tech(IT)) ဘွဲ့ရရှိခြင်း


မွေးရာပါလက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ ဘ၀ကိုအရှုံးမပေးဘဲ စာပေပညာများလေ့လာသင်ယူခဲ့ရာ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech(IT)ဘွဲ့ကိုရရှိခဲ့သည်။

မစုပုံချစ်သည် လက်ရှိအချိန်တွင် B.E(IT)ဘွဲ့ကိုပင် ဆက်လက်တက်ရောက်သင်ယူလျက်ရှိပြီး တစ်ဖက်၌ မိမိကဲ့သို့ ကိုယ်အင်္ဂါမသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း အဖွဲ့တွင်လည်း အလုပ်အမှုဆောင်အဖြစ် မသန်စွမ်းသူများ အရေးကိစ္စများအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သူမအနေဖြင့်တက္ကသိုလ်ပညာအပြင် ရှင်းပိုးဂျပန်သင်တန်းကျောင်း၌ ဂျပန်စာတက်ရောက်သင်ကြားခဲ့ပြီး ဂျပန်သံရုံးမှစစ်ဆေးသည့် JLPT စာမေးပွဲကို Level ၃ အထိအောင်မြင်ခဲ့သူဖြစ်သည်။ တက္ကသိုလ် ကျောင်း
တက်ရမှုနှင့် ပတ်သက်၍ "ကျောင်းကကျယ်ပြီး ကိုယ်ကလမ်းမလျှောက်နိုင်တော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ကျောင်းက၀န်ထမ်းတွေက ကျောင်းထိပ်မှာ စက်ဘီးနဲ့ လာကြိုပေးကြတယ်။ မသန်စွမ်းတွေက သာမန်လူတွေနဲ့ မတူဘဲ သွားလာရေး အရမ်းခက်ခဲပါတယ်"ဟု မစုပုံချစ်က ပြောကြားခဲ့သည်။

ထို့အပြင် Association for Aid and Relife-JAPAN(AAR)၊ မသန်စွမ်းသက်ကြီးကျောင်း၊ မအဖ (ရန်ကုန်)ကျောင်းများရှိမသန်စွမ်းသူများကိုသူမ၏ဘ၀ဇာတ်ကြောင်းများနှင့်ကြိုးစားခဲ့ရပုံအကြောင်းကိုအခါအား လျော်စွာ သွားရောက်ပြောကြား၍ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်းများလည်း ပြုလုပ်ပေးလျက်ရှိသူဖြစ်သည်။

လက်ရှိအချိန်တွင် မစုပုံချစ်သည် ငါးထပ်ကြီးဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၀န်းအတွင်းရှိ တိုက်(အေ)၊အခန်း(၂၀၃)တွင် နေထိုင်၍ BE(IT) ဘွဲ့ရယူရန် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ)၌ ပညာဆက်လက်သင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းအသင်းနှင့်အတူ မသန်စွမ်းသူများ၏ အရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း new eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။