27 December 2010

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်၊ကျေးရွာများတွင်အအေးပိုခဲ့ကြောင်း၊ အချို့ဒေသများတွင်နှင်းခဲ၊ရေခဲရုံသာမကရေခဲအမှတ် ၀ ဒီဂရီစင်တီဂရိတ်အောက်ထိအပူချိန်ကျဆင်း

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်များ အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ်၊ ကျေးရွာများတွင် ယခင်နှစ်များထက် အအေးပိုခဲ့ကြောင်း၊ အချို့ဒေသများတွင် နှင်းခဲ၊ ရေခဲရုံသာမက ရေခဲအမှတ် ၀ ဒီဂရီစင်တီဂရိတ်အောက် အထိ အပူချိန် ကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

''ဒီဇင်ဘာလ ပထမပတ်က အိန္ဒိယ မုန်တိုင်း အရှိန်နဲ့ မိုးရွာပြီး နောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ပိုအေးလာတယ်။ တောင်ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ နီးပါး မမြင်ရတာကြပြီ ဖြစ်တဲ့ လမ်းဘေးမြက်ခင်းတွေ၊ သစ်ပင်တွေပေါ်မှာ နှင်းတွေခဲနေတာ၊ ရေတွေခဲနေတာ အခု ပြန်မြင်ရပြီ''ဟု တောင်ကြီးမြို့မှ ဒေသခံ တိုင်းရင်းသူတစ်ဦး က ပြောပြခဲ့သည်။

အခြားမြို့များရှိ မိတ်ဆွေများထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်များအရ ယခု ရက်ပိုင်းအတွင်း ညအချိန် တိုင်းထွာချက်များအရ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်၊ နမ့်ခမ်းမြို့များတွင် -၂ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းတွင် ၀ ဒီဂရီစင်တီ ဂရိတ်၊ ဟဲဟိုးတွင် ၀ ဒီဂရီစင်တီဂရိတ်၊ ကလောတွင် ၂ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးတွင် ၃ ဒီဂရီစင်တီဂရိတ် နှင့် အခြားမြို့များတွင်လည်း ၅ ဒီဂရီစင်တီဂရိတ်မှ ၁၀ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကြောင်း news-eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။