26 December 2010

မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ ဖမ်းဆီးခံရ

မြူနီစပယ် (စည်ပင်) မှ အရာရှိ တစ်ဦး ဆိုက္ကားသမား တစ်ဦးထံတွင် အရိုက်ခံရသဖြင့် လက်စားချေသည့် အနေဖြင့် စစ်တွေတွင် ဆိုက္ကားများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

မောလိပ်ရပ်ကွက်မှ ဆိုက္ကားသမား တစ်ဦးက “ အခု ဖမ်းထားတာက အစီး ၆၀ ကျော်နေပြီ။ လိုင်စင်ပါတာရော၊ လိုင်စင်ကြေး မဆောင်ရသေးတဲ့ ဆိုက္ကားရော အကုန်လုံး လိုက်ဖမ်းနေတယ်။ စည်ပင်က အရာရှိ တစ်ဦးကို ဆိုက္ကားသမား တစ်ဦးက ရိုက်တဲ့ အတွက် လက်စားချေတဲ့ အနေနဲ့ ဆိုက္ကားတွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က စစ်တွေ စည်ပင်မှ အရာရှိတစ်ဦးက ဆိုက္ကားတစီးအား စည်းကမ်း မလိုက်နာဟု စွပ်စွဲပြီး ဖမ်းဆီးရာ ဆိုက္ကားသမားက မကျေနပ်သဖြင့် စည်ပင်မှ အရာရှိကို ထင်းပိုင်းဖြင့် ရိုက်ရာ စည်ပင်အရာရှိမှာ ခေါင်းကွဲသွားခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ ဆိုက္ကားများကို ဖမ်ဆီးလာခြင်း ဖြစ်သည်။

ယခုအခါ စစ်တွေမြို့ပေါ်တွင် နေရာ သုံးနေရာကို စည်ပင် ၀န်ထမ်းများမှ ပိတ်ဆို့ပြီး ဖမ်းဆီးမူများ ပြုလုပ်နေပြီး အဆိုပါ နေရာများမှာ ငွေနဒီ တိုက်တန်းလမ်းဆုံ၊ တောင်ဌာနလမ်းနှင့် ဈေးကြီး လမ်းဆုံတို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို မတော်တဆ သူတို့က ဖမ်းမိရင် ရုံးကို မလိုက်ချင်ရင် အနည်းဆုံး ၅၀၀၀ ကျပ် ပေးရပါတယ်။ ရုံးကို ရောက်သွားရင် ကျပ် ၂၀၀၀၀ ပေးရပါတယ်။ စည်ပင်က လူတွေက ခုလို မရှိ ဆင်းရဲလို့ လုပ်စားနေတဲ့ ဆိုက္ကားသမားတွေဆီက ခုလို မတန်တဆ ရိုက်စား နေပါတယ်” ဟု အဆိုပါ ဆိုက္ကားသမားက ပြောသည်။

အခင်း ဖြစ်ပွားသည့်နေ့ကလည်း အဆိုပါ ဆိုက္ကားသမားကို စည်းကမ်း ဖေါက်ဖျက်သည်ဟု အကြောင်းပြ စွပ်စွဲကာ ဖမ်းဆီး ငွေညစ်ရန် ပြုလုပ်စဉ် ဆိုက္ကားသမားမှ ထင်းပိုင်းနှင့် ရိုက်ပြီး ထွက်ပြေးသွားသဖြင့် စည်ပင်အရာရှိမှာ ခေါင်းကွဲပြီး ကျန်နေခဲ့သည်ဟု သိရသည်။

ယခုအခါ ဆိုက္ကားဆရာမှာ ရဲက ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး ပုန်းရှောင်နေရသည်ဟု သိရသည်။

သတင်း...နိရဉ္စရာ