26 December 2010

ဘူတာရုံသည် ဘူတာရုံနှင့်တူရမည်၊ သန့်ရှင်းမှုကို ကူညီပါ၊ အမှိုက်မပစ်ရ၊လို့စာတန်းတွေရေးသားထားသောမြန်မာပြည်ဘူတာရုံများတွင် အမှိုက်ပုံကြောင့်စိတ်ညစ်နေရ

ဘူတာရုံသည် ဘူတာရုံနှင့်တူရမည်။ သန့်ရှင်းမှုကို ကူညီပါ၊ အမှိုက်မပစ်ရ၊ ဘူတာစင်္ကြံပေါ် ကွမ်းတံတွေးမထွေးရစသည့် စာတန်းများကို မြို့တိုင်း၊ နေရာတိုင်း၊ ဘူတာရုံတိုင်းတွင် တွေ့နေရသည်။ တကယ်လက်တွေ့ အကောင်အထည် ဖော်နိုင်မှ တော်ကာကျမည်။ အခုလိုမိုးများတဲ့ ရာသီမျိုးမှာ ရေကြီး၊ တောင်ပြိုတာတွေ မကြာခဏ ကြားနေရသည်။ ရထားတွေကလည်း လမ်းခရီးကြံ့ခိုင်မှု ရှိပါမှ သွားလာကြသည်။ ရံဖန်ရံခါ နီးစပ်ရာ ဘူတာရုံတွေမှာ ပုံမှန် ရပ်နားချိန်ထက် ပိုရပ်ရတာမျိုး ရှိသည်။ အင်းတော်မြို့နယ်၊ မော်လူးဘူတာရုံမှာ ရထား ရပ်နားချိန်မှာတော့ လိုက်ပါလာကြတဲ့ ခရီးသည်တချို့ ပြောစကားသံကို နားမခံဝံ့သာ ကြားနေရသည်။ ဘူတာအနီး ပေ(၅ဝ)ကျော်အကွာမှာ ရှိတဲ့ အမှိုက်ပုံကိုကြည့်ပြီး ပြောနေကြသည်မှာ ဘယ်အချိန်ထိ ပြောမည်ဆိုတာ မသိနိုင်ပါ။

တချို့ခရီးသွားများက ဘူတာအနီး ဝင်းခြံခတ်ထားသော ဝင်းခြံအတွင်းသို့ ဝင်လိုက်သည်နှင့် စွန့်ပစ်အမှိုက် အနံ့ဆိုးတွေကြားမှာပင် အပေါ့အပါးသွားနေကြသည်။ တချို့ဂုဏ်သရေရှိ ခရီးသွားပုဂ္ဂိုလ်များက မိမိတို့လွယ်ထားရတဲ့ အန္တရာယ်ကိုစွန့်ချင်ပြီမို့ အိမ်သာရှာသော်လည်း မတွေ့တာကြောင့် မည်မျှပင်ပန်းဆင်းရဲမှာကို ကိုယ်ချင်းစာစိတ်သည် အဲဒီဂုဏ်သရေရှိ ခရီးသွားတစ်ဦးက ''မော်လူးဘူတာမှာ ရထားရပ်ရင် စိတ်ညစ်ရတယ်။ အပေါ့အပါးသွားချင်ရင် အိမ်သာကမရှိ။ ရထားရပ်ပြန်တော့ ဒီအမှိုက်ပုံမှာ ကပ်ပြီး ရပ်ထားတယ်။ ဒီအနံ့အသက်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ဒီရပ်ကွက်က လူများ ဝိုင်းမရှင်းကြတော့ဘူးလား''လို့ ပြောသံကိုကြားရသည်။

ဝင်းခြံခတ်၍ ဘူတာမှာ အမှိုက်ပုံထားခြင်းသည် ဘူတာရုံနှင့်မတူတော့ဘဲ အမှိုက်သိုလှောင်ရုံနှင့် တူနေသည်။ အနီးပတ်ဝန်းကျင် ရပ်ကွက်တွေက စနစ်တကျ စွန့်ပစ်ဖို့လိုသည်။ ယင်းအမှိုက်ပုံက အနံ့အသက်တွေ၊ စီးကျလာတဲ့ မသန့်ရှင်းတဲ့ရေများကလည်း မိုးရေတွေနဲ့ ရောထွေးပါလာပြီး တီကောင်၊ အင်းဆက်၊ ဘက်တီးရီးယားကပိုးမွှားတွေ စီးကျလာပြီး အနီးပတ်ဝန်းကျင် အိမ်များကို ကျန်းမာရေးထိခိုက်စေမှာဖြစ်တယ်ဟု ဒေသခံတစ်ဦးကပြောသည်။

နွယ်နီ(မော်လူး)