28 December 2010

ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား???မာနလေးတော့ ထားတတ်စေချင်



အပျိုစင်လေးတို့ရေ ... အပျိုစင်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ကြီးကြပ်ကလေ သိပ်ပြီးတန်ဖိုး ထားတာကွဲ့။ ဒါပေမယ့်ကွယ် ကြီးကြီး မြင်နေရတဲ့ ပတ်ဝန်းကျင်ကတော့ ရင်မောစရာတွေချည်းပါပဲ။ ဒါတွေကို သိဖို့သတိထားဖို့၊ ရှောင်ဖို့ အားကျအတူယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြီးကြီးချစ်တဲ့ အပျိုစင်လေးတွေကို ကြီးကြီးဘဝကြီးကို နမူနာထားပြီး မျှဝေပေးချင်တာပါ။

ပထမဆုံးတော့ ကြီးကြီးကိုယ်ကြီးကြီး မိတ်ဆက်ခွင့် ပြုပါဦးနော်။ ကြီးကြီးကလေ နယ်မြို့လေးမှာ မွေးပေမယ့် ၉ တန်းကနေ ခုချိန်ထိမြို့မှာ နေတာပါ။ အဲဒီတော့ တောသူဆိုလည်းဟုတ်၊ မြို့သူဆိုလည်း ဟုတ်တာပေါ့။ မွေးတဲ့မြို့မှာပဲ အမေ့စကား နားထောင်ပြီး နေခဲ့ရင် (တစ်မျိုးမထင်နဲ့ဦးနော်) ၆ တန်းလောက်နဲ့ပဲ ခုလောက်ဆို သေများနေမလားတောင် မသိဘူးပေါ့နော်။ ကြီးကြီးမှာလေ အင်္ကျီလုံချည် နှစ်စုံပဲရှိတယ်။ မိုးရွာရင် ဆောင်းစရာ ထီးမရှိဘူး။ ကျူရှင်မတက်နိုင်ဘူး။ ကျောင်းနဲ့ အိမ်နဲ့ သုံးမိုင်လောက်ကို အသွားအပြန် လမ်းလျှောက်ပြီး ဆယ်တန်းအောင်အောင် ကြိုးစားခဲ့ရတာ။ နေတဲ့အိမ်က မီတာခ တက်မှာစိုးလို့တဲ့။ ညဘက်ဆို ဖယောင်းတိုင်နဲ့ စာကျက်ရတယ်။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မှငါရွာပြန်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ တစ်ညကို သင်္ချာအပုဒ်တစ်ရာ တွက်ပြီးမှ အိပ်တယ်ကွဲ့။ တောသူမ ကြီးကြီးက သင်္ချာနဲ့ ဓာတုဗေဒ ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာ။ အဲဒီတော့မှ ရွာပြန်တယ်။ အောင်ပြန်တော့ အမှတ်တွေများပေမယ့် တက္ကသိုလ် ထားပေးမယ့်သူ မရှိပြန်ဘူး အပျိုစင်တို့ရေ ... ကြီးကြီးမှာ ငိုရတာအမောပေါ့။

တစ်နေ့တော့ ကြီးကြီးကို ဘွဲ့ရအောင် ထားပေးမယ်၊ ဘွဲ့ရပြီးရင် သူ့သားနဲ့ ယူရမယ်လို့ရွာက သူဋ္ဌေးတစ်ယောက်က လာပြောသေးတာ။ ကြီးကြီးအမေကလေ စာတစ်လုံးမှ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြန်ပြောလဲ သိလား။ ကျွန်မ သမီးကို ကျွန်မတောင်းပဲ ကျွေးရကျွေးရ၊ ဖြစ်အောင် ထားပေးမှာလို့ ပြန်ပြောရှာတာ။ တကယ်လည်း အမေက ရွာနဲ့ရန်ကုန်ကို ရထားနဲ့ကူးပြီး ကုန်စိမ်းရောင်းလိုက်၊ ဖျာရောင်းလိုက်နဲ့ ကြီးကြီးကို တက္ကသိုလ် ထားပေးခဲ့တာ။ ကြီးကြီးလေ ခုနေမှာ ပြန်တွေးရင် ငါတော်တော် ဆင်းရဲဒုက္ခ ရောက်ခဲ့တာပဲလို့ ခံစားရတယ်။ ကြီးကြီးတို့ခေတ်က စတိုင်ပင်လို့ခေါ်တဲ့ ပညာသင် ထောက်ပံ့ကြေးရတော့ ကျောင်းလခနဲ့ အဆောင်လခလေးတော့ အဆင်ပြေ သွားတာပေါ့။ ဒါပေမဲ့ သူများတွေ ရောင်စုံထည်လဲ ဝတ်နေချိန်မှာ ကြီးကြီးက ဘားမားတက်ထရွန် အင်္ကျီလေးနဲ့ တောင်ဥက္ကလာက ထွက်တဲ့ ပန်းရိုက်လုံချည်လေးနဲ့ပဲ ကျောင်းတက်ခဲ့ရတာ။ တစ်ခုခု စားချင်တာဆိုရင် အဆောင်မှာ သူငယ်ချင်းတွေရဲ့ အဝတ်ကို မီးပူတိုက်ပေးပြီး ရတဲ့လုပ်အားခနဲ့ စားတယ်။ သူများချစ်အောင် နေတယ်။

ဒါပေမဲ့ အပျိုစင်လေးတို့ရေ ... ဒုတိယနှစ်ရောက်တော့ ဘသားချောတွေက လာပြန်ရော။ ကြီးကြီးကိုမှ လိုချင်လို့ပါ၊ ကျောင်းဆက်တက်ပါ။ စိတ်တိုင်းကျ ထားပါ့မယ်နဲ့ အပြင်စီးပွားရေး လုပ်နေတဲ့ လူပျိုတွေက ကမ်းလှမ်းကြတယ်။ အိမ်ကိုလည်း ပြောကြတယ်။ အိမ်ကတော့ ကြီးကြီး သဘောကျရင် လက်ခံပါမယ်လိုပဲ ကောင်းအောင် ကြည့်ပြောရတာပေါ့။ ကြီးကြီးကလေ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ဘွဲ့ရအောင်ယူမယ်။ ဝန်ထမ်းလုပ်မယ်။ အိမ်ထောင်ပြုရင်လည်း ဝန်ထမ်းကိုပဲ လက်ထပ်မှာလို့ အပြတ်ပြောပြီး ငြင်းခဲ့ရှောင်ခဲ့တာ။ ကြွားရဦးမယ်။ ကြီးကြီးကလေ ရုပ်မချောပါဘူး။ ရုပ်လည်းမဆိုးပါဘူး။ ရိုးသားပွင့်လင်းတဲ့ သန့်စင်တဲ့ ကြီးကြီး မျက်လုံးကိုကြည့်ပြီး ကြိုက်ကြတာတဲ့။ ရယ်ရတယ်နော်။ အားလုံး လူရိုးလူအေး တွေချည်းပေမယ့် ကိုယ့်ရည်မှန်းချက်မှ မပြည့်သေးတာလေ ...။ တကယ်တော့ အပျိုစင်တိုင်းမှာ သူ့အလှနဲ့သူတော့ ရှိကြတာ ချည်းပါပဲကွယ်။ ပင်ကိုယ်အလှ မပျောက်အောင် နေဖို့ပဲလိုတာပါ။

ကြီးကြီးတို့ ခေတ်တုန်းကလည်း တက္ကသိုလ် ကျောင်းသူတွေ ပြင်ကြပါတယ်။ ဒါပေမဲ့ ခုခေတ်လောက်တော့ သရုပ်မပျက် ကြဘူးပေါ့ကွယ်။ စိတ်တော့ ဆိုးမသွား ကြနဲ့နော်။ မိန်းကလေးတွေမှာ ကာယဣနြေ္ဒဆိုတာ ရှိတယ်။ မိန်းကလေး တွေရဲ့စည်းပေါ့။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆိုရင် ဝတ်တာ၊ သွားတာလည်း လုံခြုံတယ်။ လျှပ်ပေါ်လော်လည်မှု မရှိဘူး။ အဲဒီအခါကျ ဘယ်ပုရိသ ယောက်ျားကမှ မတို့မထိရဲ မစရဲဘူးပေါ့။ ဘယ်လောက်ပွေတဲ့ လူပဲ ဖြစ်ပါစေ။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆို အနားမကပ်ရဲဘူး။ ရှိန်နေတာ ပေါ့ကွယ် ..။

ခုများတော့ကွယ်၊ အရင်ခေတ်ကလို မမြင်ဝံ့ ဆေးသမား ဆိုတာမျိုးရှိကို မရှိတော့တာကလား။ ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား မှတ်ရတယ်နော်။ တိုလိုက်ကြတာ၊ ကျပ်လိုက်ကြတာ၊ ပြောင်လိုက်ကြတဲ့ ကျောပြင်တွ ဖြစ်နေပြီနော်။ အရင်တုန်းကဆို မိန်းကလေးရဲ့ ခြေသလုံးကို မြင်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မတုံး အခုကတော့ ခြေသလုံးရော၊ ပေါင်ရော မမြင်ချင်မှ အဆုံး၊ ချက်ကိုတောင် စိန်တပ်ပြီး လူမြင်အောင် ဗိုက်ပေါ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့ ဝတ်ကြသတဲ့။ ကြီးကြီးဖြင့် အံ့သြ ကုန်နိုင်ဖွယ်ပါပဲ။ အဲ .... ကြီးကြီးအကြောင်း ပြောနေရာကနေ ဘေးချော် သွားပြန်ပြီ။ ကြီးကြီးက အစားသမား၊ သူများလိုပဲ ကောင်းကောင်းစားချင်တာ ပေါ့နော်။ သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ကဝတ်ကောင်းစားလှ မရှိတော့ သိမ်ငယ်တာပေါ့။

ဒါပေမဲ့ ကြီးကြီးက မာနရှိတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်။ ငတ်ရင်ငတ်ပါစေ။ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဘွဲ့ရကျောင်းဆရာမ ဖြစ်ခဲ့တာပေါ့။ အခု ကြီးကြီး မြင်တွေ့နေရတဲ့ မိန်းကလေးတွေကတော့ ဝတ်ချင်လှချင်စိတ်က လွှမ်းမိုးပြီးတော့ ခေတ်ကာလအရ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ အကူအညီတွေနဲ့ ပိုက်ဆံထောတဲ့ ယောက်ျားဆို တွဲလိုက်ကြတာပဲ။ ပျိုတာအိုတာ ဂရုမစိုက်တော့ဘူး။ မယားကြီးနဲ့ ပက်ပင်းတိုးရင်တောင်မှ “ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် ထိန်းပါလား” လုပ်ရဲကြတာ။

စိတ်က ဘယ်လောက်ပဲ ရိုးသားစေဦးတော့၊ ဝတ်ထားတာကမှ မလုံတာ၊ ပြီးတော့လေ ကြီးကြီးတို့ဆို ဘွဲ့သာရပြီးရော လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး။ ဆိုင်ရှေ့ကတောင် ဖြတ်မလျှောက်ရဲဘူး။ အအေးဆိုင်ပဲ မိန်းကလေး သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တာ။ ခုကျမိန်းကလေးတွေ ကိုယ်တိုင်က မလုံမခြုံဝတ်ပြီး ကလပ်တက်တယ်။ ယောက်ျားတွေနဲ့ အတူထိုင်ပြီး ဘီယာသောက်တယ်။ ကြီးကြီးဖြင့် မြင်ခါစက အံ့သြလွန်းလို့ မယုံနိုင်ဘူး။ ကြီးကြီးသားကတောင် antique ဖြစ်နေပြီပြောလို့ ကြီးကြီးဖြင့် ဆွေ့ဆွေ့ခုန်ရသေးတယ်။ ခေတ်ကြီးက တိုးတက်လာတော့ အင်တာနက် ဆိုင်တွေထိုင်ရင် တစ်နာရီမှ သုံးရာ၊ လေးရာပဲ ပေးရတာမို့လား။ တစ်နေ့တစ်နေ့ အဲဒီကနေ အရည်မရ၊ အဖတ်မရတွေ ပြောကြ၊ ကြည့်ကြ၊ ချက်တင်ထဲမှာပဲ ကြိုက်ကြ။ အပြင်မှာ ချိန်းတွေ့ကြ။ ဘာမျိုးရိုး၊ ဘာစိတ်ဓာတ်လဲ မသိသေးဘူး၊ လိုက်ပြေးကြပြီ။ ဒုက္ခတွေရောက်မှ မိဘအိမ်ပြန် ပြေးကြပြီ။ တချို့လည်း ဘဝကို ရေစုန်မျော သွားကြတာ ပေါ့နော်။

ကြီးကြီးနေတဲ့ ရပ်ကွက်ရဲ့ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာတိုက်ခန်း တွေမှာလေ။ တရားဝင် လက်မထပ်ဘဲ အတူနေကြတဲ့ လူငယ်အတွဲတွေ၊ ငွေပေါသူတွေရဲ့ ပျော်တော်ဆက်တွေ တော်တော်များများ နေကြတာ။ ကြီးကြီးဖြင့် သူတို့ မိဘတွေအစား ရင်နာလိုက်တာ။ ငယ်ငယ်ချောချော လေးတွေကိုး။ ကြီးကြီးပြောခဲ့ သလိုပါပဲ။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိပြီးသားပါ။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားရမှာပေါ့။

ကြီးကြီး နားလည်တာ ကတော့လေ အပျိုစင်ဆိုတာ အပျိုနဲ့စင်နဲ့ ပေါင်းထားတာမို့လား။ အပျိုဆိုတာက ယောက်ျား တစ်ယောက်ယောက်နဲ့ လက်ထပ်မထားရင် အတူတကွ ပေါင်းသင်း မနေရင် အပျိုပဲ။ ငယ်ရင်အပျိုလေး၊ ကြီးရင် အပျိုကြီးပေါ့။ ဒါပေမဲ့ “စင်” ဆိုတဲ့ စာလုံးကတော့ သန့်စင်တယ်။ အပျိုစစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆိုလိုတာ။ အရပ်စကားနဲ့ ပြောရရင်တော့ အပျိုစစ်တာကိုမှ အပျိုစင်လို့ ခေါ်တာ။ ငယ်ဂုဏ်လေးလည်း ပါတာပေါ့ကွယ်။ မိဘတွေက စောင့်ရှောက်ထိန်းသိမ်း ပေးရုံပဲရှိတာ။ ကိုယ့်ရဲ့ အပျိုဂုဏ်ကို ကိုယ်ပဲ ထိန်းသိမ်းရမှာ။ ခုခေတ် ယောက်ျားလေးတွေကလေ တိုးတက်နေတဲ့ ခေတ်ကြီးကို အသုံးချပြီး အတတ်မျိုးစုံတွေ တတ်နေကြတာ။ sex ကိစ္စဆိုလည်း သူတို့က ကျွမ်းကျင်ပြီးသား။

ရှေ့မှာ သားကောင် တွေ့လို့ကတော့။ အင်း ... ပြေး မလွတ်ဘူးသာ မှတ်ပေရော့။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမှ ကိုယ့်ကို တန်ဖိုးထားမယ့် ယောက်ျားကောင်းနဲ့ ဆုံရမှာပါ။ မဟုတ်ရင်တော့ အရှက်လည်းကွဲ လူလည်း ... အဲ .. ဒုက္ခတွေရောက် ဖြစ်ကျန်မှာ။ ဘာလို့အဖြစ်ခံမှာလဲ အပျိုစင်တို့ရယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် မာနလေးနဲ့ ရည်မှန်းချက် ကြီးကြီးထား ကိုယ့်အလှလေးနဲ့ ကိုယ်နေ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေရဲ့ မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုကို အားမကျနဲ့။

ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ကိုယ့်မျိုးဆက်က ဘယ်ထိန်းတော့မလဲနော်။ စာများများ ဖတ်ပါ။ စာဖတ်များတဲ့သူကို သူများ လာလိမ်လို့ မရဘူးကွဲ့။ စာဆိုလည်း အားရှိမယ့် စာမျိုးတွေ ရွေးဖတ် စေချင်တာပါပဲ။ ကြီးကြီးတုန်းက ကြီးကြီးဘဝကို ဘာနဲ့မတ်ခဲ့သလဲ သိလား။ ဆရာမကြီး ခင်ဆွေဦးရဲ့ ဝတ္ထုတွေ ဖတ်မိလို့ပေါ့ကွယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းတတ်အောင် စောင့်ရှောက် တတ်လာတာ ပေါ့နော်။ ဆရာကြီး ပါရဂူရဲ့ စာအုပ်တွေကိုလည်း သဲကြီးမဲကြီး ဖတ်ခဲ့တော့ စိတ်ကစားဖို့ မတွေးအားတော့ဘူး ပေါ့နော်။ ခုခေတ်မှာဆို စာရေးဆရာတွေ အများကြီးပေါ့။ အနီးစပ်ဆုံး ဥပမာတစ်ခု ပြောရဦးမလား။ အပျိုစင်တို့ အားကျ အတုယူနေကြတဲ့ အနုပညာ သမားတွေကိုပဲ ကြည့်ပါနော်။ သန့်သန့်စင်စင် ရိုးသားကြိုးစားတဲ့ ကလေးတွေက ကြာရင်သာကြာမယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ကြတာ ချည်းပဲလေ။ အဲ ... ဖြတ်လမ်းကနေ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတဲ့ ကလေးတွေကတော့ ခဏပဲခံပြီး နာမည်ဆိုးနဲ့ မြုပ်သွားကြတာလေ။ ကဲ ... ကြီးကြီးရဲ့ အပျိုစင်လေးတို့လည်း သန့်စင်တဲ့ အပျိုစင်လေးတွေ အဖြစ်နဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်ကြပါစေလို့ ကြီးကြီးက ဆုတောင်းပေးလိုက် ပါတယ်နော်...။


မစိုးဖြူ (စာရင်းအင်း)