19 November 2010

၁၇ရက်နေ့က လူထုခေါင်းဆောင် သွားရောက်တွေ့ဆုံ အားပေးခဲ့တဲ့ တောင်ဒဂုံမြို့နယ်မှ HIV/ AIDSဝေဒနာရှင်များအား အာဏာပိုင်ဆိုသူများမှ ဖိအားပေး ခြိမ်းခြောက်မှု..

South Dagon HIV

နိုဝင်ဘာလ၁၇ရက်နေ့ နေ့လည် ၂နာရီက တောင်ဒဂုံမြို့နယ်(၁၈)(ခ)ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များရဲ့ အခမဲ့ဆေးခန်းရှိရာသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး.. ထောင်နှင့်ချီသော ထောက်ခံအားပေးသူများအား နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်...။ အဆိုပါ လူထုခေါင်းဆောင်မှ ဝေဒနာရှင်မျာအား သွားရောက်အားပေးခဲ့ပြီး နောက်တစ်နေ့မှာတော့ တောင်ဒဂုံ(၁၈)(ခ)ရပ်ကွက် ဥက္ကဋ္ဌသန်းစိုးမှ HIV ဝေဒနာရှင်များအား ကူညီပေးနေသူများထဲမှ တစ်ဦးဖြစ်သည့် ဦးစူပါ(ခ)ဦးထင်အောင်အား ၁၈ရက်နေ့ ည(၈)နာရီက ခေါ်ယူ တွေ့ဆုံခဲ့ပြီး အဆိုပါ HIV အခမဲ့ဆေးခန်းတွင် နေထိုင်၍ ဆေးကုသမှု ခံယူနေသူ အနယ်နယ် အရပ်ရပ်မှ ဝေဒနာရှင်များအား လာမည့် ၂၅ရက်နေ့အထိသာ ဧည့်စာရင်းလက်ခံမည် ဖြစ်ပြီး.. ထိုသတ်မှတ်ရက် ကျော်လွန်ပါက.. ဧည့်စာရင်းတိုင်ကြားခြင်းအား လက်ခံမည် မဟုတ်ကြောင်းနှင့် ဆက်လက်နေထိုင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရပါတယ်..။

ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်၊ မဖြူဖြူသင်းနှင့် HIV/ AIDS ဝေဒနာရှင်များလူထုခေါင်းဆောင် အမေစု၊ မဖြူဖြူသင်းနှင့် HIV/ AIDS ဝေဒနာရှင်များ

အဆိုပါ HIV/AIDS ဝေဒနာရှင်များ ဆေးကုသမှု ခံယူနိုင်ရန် တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈)၊(၂၀) ရပ်ကွက်များမှာ စောင့်ရှောက်ရေး ဂေဟာ၂ခု ထားရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းမဦးဆောင်တာဝန်ယူ စောင့်ရှောက် လုပ်ကိုင်ပေးနေပါတယ်..။ ယခုလောလောဆယ် HIV/AIDS ဝေဒနာရှင် (၇၀)ဦးခန့်ရှိကြောင်း သိရှိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးချိန်မှ စပြီး ပြည်သူလူထုမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး လူထုခေါင်းဆောင်နှင့် ပြည်သူလူထု ထိတွေ့ဆက်ဆံမှု ဖြစ်စဉ်များအတွင်း ယခုကဲ့သို့ အားကိုးရာမဲ့ ဝေဒနာရှင်များအား အာဏာပိုင်ဆိုသူများမှ လူထုခေါင်းဆောင် လွတ်မြောက်ပြီးချိန်မှစ၍ အကြပ်ကိုင် ဖိအားပေး ခြိမ်းခြောက်ခြင်း ပြုလုပ်တဲ့နည်းကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်လာခြင်း ဖြစ်ပါတယ်...။

ဓာတ်ပုံသတင်း ပေးပို့ပေးလာသူ ညီမအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ...